Breaking News

ချင်းပြည်နယ် ဖလမ်းမြို့နယ်က ကျေးရွာကို လေကြောင်းနဲ့ တိုက်ခိုက်၊ စစ်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းမယ်လို့ KNU ပြောဆို


မြန်မာ့နွေဦးခရိုနီကယ် -သြဂုတ် ၁၂ မြင်ကွင်း

မိုးမခ - သြဂုတ် ၁၃၊ ၂၀၂၃


ချင်းပြည်နယ် ဖလမ်းမြို့နယ်က ကျေးရွာကို လေကြောင်းနဲ့ တိုက်ခိုက်၊ စစ်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းမယ်လို့ KNU ပြောဆို

ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲက ဖလမ်းနဲ့ ဟားခါးကားလမ်းပေါ်မှာရှိတဲ့ ရမ်ထလို ကျေးရွာကို စစ်ကောင်စီက သြဂုတ်လ ၁၂ ရက်နေ့မှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ရမ်ထလိုကျေးရွာက ခရစ်ယာန်ဘုရားကျောင်း ခေါင်မိုးတွေ ပွင့်ထွက်ပျက်စီးနေတာကို သတင်းဓာတ်ပုံတွေထဲ မြင်တွေ့ရပါတယ်။ 

ချင်းပြည်နယ် အလယ်ပိုင်းလို့ ဆိုနိုင်တဲ့ ဖလမ်းမြို့ မှာ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၈ တပ်ရင်းကို ချင်းအမျိုးသား တပ်မတော် CAN က သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁ နာရီလောက်မှာ သွားရောက်တိုက်ခိုက်ပြီးနောက် အခုလို စစ်ကောင်စီဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ ရမ်ထလို ကျေးရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ရာမှာ အရပ်သား ၇ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းတိုင်းရင်းသား သတင်းဌာနတွေက ဖော်ပြထားကြတာ တွေ့ရပါတယ်။ စစ်ကောင်စီ တပ်ရင်းက ၆ ဦး သေဆုံးတယ်လို့ သတင်းတပုဒ်မှာ ဖော်ပြပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိဘူးလို့ ဆိုပါတယ်။ 

ချင်းပြည်နယ်မှာ ဖလမ်းမြို့ဟာ ဟားခါးမြို့ ပြီးရင် ဒုတိယ အကြီးဆုံးမြို့ဖြစ်ပြီး ဖဆပလခေတ်က ချင်းဝိသေသတိုင်း ရုံးစိုက်ရာမြို့ဖြစ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ကာလတွေမှာ စစ်ကောင်စီတပ်တွေ ဟားခါးမြို့နဲ့ ထန်တလန်မြို့တို့ကို ရိက္ခာနဲ့ စစ်အင်အားပို့ဆောင်ရာမှာ ဖြတ်သန်းသွားရတဲ့ လမ်းကြောင်းပေါ်မှာ ရှိတဲ့မြို့ဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်ပွားကာ စစ်ကောင်စီယာဥ်တန်းတွေ အထိနာခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပါတယ်။ ပြီးခဲတဲ့ လပိုင်းတွေမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အခုအဖြစ်အပျက်က လအနည်းငယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်ပါတယ်။ 

စစ်အာဏာမသိမ်းမီကတည်းက တည်ရှိတဲ့ ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ CNF/CNA က လှုပ်ရှားတဲ့ နယ်မြေထဲမှာပါဝင်ပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေလည်း ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။ အခုလို CNF/CAN က စစ်ကောင်စီတပ်ရင်းကို သွားရောက်တိုက်ခိုက်မှုကို ဖလမ်းမြို့နယ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေအနေနဲ့ ကြိုတင်မသိရှိခဲ့ကြောင်း  လူမှုကွန်ရက်ပေါ်က သတင်းဖော်ပြမှုတခုမှာ တွေ့ရှိရပါတယ်။ 

၄င်းတို့ တပ်ရင်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီဘက်က လက်တုံ့ပြန်ရာမှာ ဖလမ်း-ဟားခါး ကားလမ်းပေါ်က ရမ်ထလိုကျေးရွာကို လက်နက်ကြီးနဲ့ လှမ်းပစ်သလို လေကြောင်းကလည်း တိုက်ခိုက်ခဲ့ပြီး ကျေးရွာရဲ့ အထင်ကရ ဘုရားကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သတင်းဓာတ်ပုံတွေအရ သိရှိရပါတယ်။  

ခရစ်ယာန် ဘုရားကျောင်းတွေဟာ ချင်းပြည်နယ်က ကျေးရွာတွေမှာ ကျေးရွာလူထုရဲ့ ဘာသာရေး နဲ့တင်မကပဲ လူမှုရေးအရ စုဝေးတွေ့ဆုံကြရာ၊ အများနဲ့ ဆိုင်တဲ့အခမ်းအနားတွေ ကျင်းပတဲ့အခါမှာ အသုံးပြုကြတဲ့ နေရာတနေရာ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ၄င်းတို့ကို တိုက်ခိုက်တဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကို လက်တုံ့ပြန်ရာမှာ ကျေးရွာရဲ့ ဘာသာရေး လူမှုရေး စုဝေးတွေ့ဆုံကြရာ ဘုရားကျောင်းကို ပစ်မှတ်အဖြစ်ထား တိုက်ခိုက်ဖျက်ဆီးတာလို့ ကောက်ချက်ချရပါတယ်။

စစ်ကောင်စီ အနေနဲ့ ဘာသာရေး အဆောက်အဦ၊ ကျန်းမာရေး စောင့်ရှောက်မှုအဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်ခြင်း မပြုရဘူးဆိုတဲ့ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဥ်းတွေကို လိုက်နာခြင်း မရှိတာ ခုဖြစ်ရပ်က ထင်ရှားပါတယ်။ 

ကရင်နီဒေသက ဘုရားကျောင်း အများအပြား လေကြောင်းတိုက်ခိုက်ခံရတာ မီးရှို့ဖျက်ဆီးခံရတာတွေရှိသလို စစ်ကိုင်းတိုင်းက ပေါ်တူဂီအနွယ်တွေ နေထိုင်ကြတဲ့ ခင်ဦးနဲ့ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေက ဘုရားကျောင်းတွေလည်း မီးရှို့ဖျက်ဆီးခံကြရတဲ့ အဖြစ်အပျက်တွေ ယခင်နှစ်က ဖြစ်ပွားခဲ့ပါသေးတယ်။ ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်အဖွဲ့ တွေက အဆိုပါ ဘုရားကျောင်းတွေ ဘုန်းကြီးကျောင်းတွေကို လူစုဝေးရာမှာ စခန်းချရာမှာ အသုံးပြုတယ်ဆိုတဲ့ သံသယ၊ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီ အနေနဲ့ တိုက်ခိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အမှန်တကယ်မှာတော့ ဘာသာရေး အဆောက်အဦတွေကို တိုက်ခိုက်ဖျက်ဆီးခြင်းဟာ စစ်ရေးအရ အနိုင်ရလိုမှုနဲ့ ဓားစာခံသဖွယ် လက်တုံ့ပြန်တဲ့ လုပ်ဆောင်ချက်တွေသာ ဖြစ်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ 

ဒီနေ့အတွက် နောက်သတင်းအကြောင်းအရာ တခုကတော့ သြဂုတ်လ ၁၂ ရက်နေ့ဟာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးတဲ့ နေ့ဖြစ်ပြီး ကရင့်အာဇာနည်နေ့လို့ ဂုဏ်ပြုသတ်မှတ်ထားတဲ့ နေ့ဖြစ်ပါတယ်။ ကရင့်အာဇာနည်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ကေအန်ယူ ဥက္ကဌ ပဒိုကွယ်ထူးဝင်းက စစ်အာဏာရှင်စနစ်နဲ့ ၄င်းရဲ့ လုပ်ငန်းစဥ်တွေ ချုပ်ငြိမ်းအဆုံးသတ်စေဖို့ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် လူထုအခြေပြု အဖွဲ့အစည်း အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ 

နောက်တချက်က ကရင်တိုင်းရင်းသား အပါအဝင် ပြုပြင်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်နေသူတွေအကြား စုစည်းမှုက ကျစ်ကျစ်လျစ်လျစ် မရှိသေးဘူးလို့လည်း လက်ရှိ ပစ္စုပ္ပန် အခြေအနေကို ထင်ဟပ်တဲ့ သုံးသပ်ချက်ကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ လက်ရှိအနေအထားမှာ ကရင်လူမျိုး လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြားမှာပင်လျှင် ယေဘုယျအားဖြင့် ၅ ဖွဲ့လောက် ကွဲပြားနေတာတွေ့ရမှာ ဖြစ်ပြီး အခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေပါ ထည့်သွင်း တွက်ချက်ကြည့်မယ်ဆိုရင် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရှင်းလင်းရေး ဦးတည်ချက်နဲ့ လက်တွေ့လုပ်ဆောင်မှုတွေမှာ သဘောထားအမြင် အမျိုးမျိုး ကွဲပြားနေတာတွေ့ရမှာ ဖြစ်ပါတယ်။

ကေအန်ယူ ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းရဲ့ မှတ်ချက်စကားဟာ ကေအန်ယူရဲ့ အနာဂတ် ရည်မှန်းချက်ကို ထုတ်ဖေါ်ပြောဆိုထားသလို လက်ရှိအခြေအနေကိုလည်း ထင်ဟပ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar