Breaking News

ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ ၆ နှစ်ပြည့်ကာလမှာ ဘယ်အခြေအနေ ရောက်နေပြီလဲ


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၅ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၃


ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ ၆ နှစ်ပြည့်ကာလမှာ ဘယ်အခြေအနေ ရောက်နေပြီလဲ 

၂၀၁၇ ခုနှစ်ရဲ့ မုတ်သုန်မိုးရာသီ သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA လို့ခေါ်ဆိုတဲ့ ရိုဟင်ဂျာကယ်တင်လွတ်မြောက်ရေး တပ် လို့အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့က နယ်စပ်ကင်းစခန်း၊ ရဲစခန်းတွေကို တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာက မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့၊ လူမျိုးသုဥ်းသတ်ဖြတ်မှုလို့ သမိုင်းတင်ခံရမယ့် လက်တုံ့ပြန်နှိမ်နှင်းမှု စစ်ဆင်ရေးကို စတင်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလဟာ အန်အယ်လ်ဒီပါတီက အစိုးရအဖြစ်နဲ့ တာဝန်ယူချိန်ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ် ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲတွေ မဖြစ်ပွားမီ ၁ နှစ်အလိုကာလလည်း ဖြစ်ပါတယ်။ 

စစ်တပ်အနေနဲ့ ၂၀၁၂ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ တို့အကြားက ပဋိပက္ခကို အခြေခံပြီး အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာတွေ အပေါ် အခြေအနေတခုမှာ လက်တုံ့ပြန်ဖို့၊ သို့မဟုတ် သင်ခန်းစာပေးဖို့ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းမှာ ရည်ရွယ်ချက် ရှိခဲ့ပုံရပြီး ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ အာဆာ အဖွဲ့က ရဲစခန်း၊ နယ်ခြားစောင့် ကင်းစခန်းတွေကို စတင်တိုက်ခိုက်လိုက်တဲ့ အဖြစ်အပျက်ပေါ် အခြေခံကာ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ခတ် နှိမ်နှင်း ခဲ့တဲ့ သဘောလို့ အခုနေ ပြန်သုံးသပ်ကြည့်မိပါတယ်။ 

အာဆာ လက်နက်ကိုင် အဖွဲ့ဟာ ရိုဟင်ဂျာလူမှု အသိုင်းအဝိုင်းကို သြဇာ အတိုင်းအတာတခုထိ ရှိနိုင်သော်လည်း ရိုဟင်ဂျာ အားလုံးက အာဆာကို ထောက်ခံကြတဲ့ သဘောမျိုးတော့မတွေ့ရပါဘူး။ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းအနေနဲ့ လယ်ယာ စိုက်ပျိုးရေး မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းတွေကို လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာ နေထိုင်လိုကြတာ အများစုဖြစ်ပါတယ်။ အာဆာလက်နက်ကိုင် အဖွဲ့က နယ်ခြားစောင့်ရဲစခန်း၊ ရဲကင်းစခန်းတွေကို တပြိုင်နက်ထဲ နေရာ ၃၀ လောက်မှာ ဝင်ရောက်တိုက်ခိုက်ကာ သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်က အခုလို လူ ၁ သန်းလောက် အိမ်နီးချင်းနိုင်ငံဘက် တိမ်းရှောင် ထွက်ပြေးကြရတဲ့ အခြေအနေဖြစ်ပေါ်လာစေတဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး၊ အမျိုးသမီးရော၊ ကလေးသူငယ်တွေပါ ပါဝင်တဲ့ အရပ်သား ၆၀၀၀ ကနေ ၁ သောင်းလောက်ထိ အသက်ဆုံးရှုံးခဲ့ရတဲ့ ၂၀၁၇ သြဂုတ်လမှ စက်တင်ဘာလ အတွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေအတွက် လူမျိုးသုဥ်းသတ်ဖြတ်မှု အနေနဲ့ နိုင်ငံတကာ တရားရုံးကို နိုင်ငံတနိုင်ငံက တရားလိုအဖြစ် လျှောက်ထားခဲ့ပြီး ၂၀၁၉ခုနှစ်မှ စတင်စစ်ဆေးနေခဲ့တဲ့ အနေအထားထိ ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်ဖြစ်ပွားချိန် ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ဆုံး သီတင်းပတ်နဲ့ စက်တင်ဘာလ အစောပိုင်းကာလတွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တွေက ရိုဟင်ဂျာ ကျေးရွာကြီးတွေမှာ ကျေးရွာတရွာကို လူရာနဲ့ချီ သေဆုံးတဲ့အထိ အစိုးရ စစ်တပ်က ဝင်ရောက်ရှင်းလင်း ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်တွေကို မျက်မြင်ကြုံတွေ့ကြရသူတွေ၊ တဆင့်ကြားသိရတဲ့ အခြားသော အနီးအနားကျေးရွာတွေက နေထိုင်သူ ရိုဟင်ဂျာလူမျိုးတွေက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ မီးရှို့တာကို ခံရတဲ့ ကျေးရွာတွေ၊ အိမ်နီးချင်းနိုင်ငံထဲ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ကျေးရွာအများအပြားကို စစ်တပ်က ကျေးရွာအဖြစ် ပြန်မတည်နိုင်အောင် သို့မဟုတ် ယခင်က ဒီနေရာတွေမှာ ကျေးရွာ တည်ရှိခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားကိုပါ ဖျောက်ဖျက်ဖို့ရည်ရွယ်ပြီး မြေညှိစက်တွေနဲ့ ထိုးညှိပြီး လက်ရာခြေရာ ဖျောက်ဖျက်ခဲ့တဲ့ သက်သေ သာဓကတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို လူမျိုးသုဥ်းသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ၂၀၁၇ ခုနှစ် နှောင်းပိုင်းကာလတွေတုန်းက မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းမှာ စစ်တပ်နဲ့ မိတ်မပျက်ချင်တာ၊ ကိုးကွယ်ရာ ဘာသာမတူတာ၊ အမျိုးဘာသာသာ သာသနာကို ကာကွယ်ရမယ်ဆိုတဲ့ အယူအဆကို ထောက်ခံကြတဲ့ အမြင်ရှိသူတွေကပါ စစ်တပ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေကို မသိရှိခဲ့ကြသလို သိအောင်လည်း မကြိုးစားခဲ့ကြပါဘူး။ အဲဒီအချိန်က အစိုးရအဖွဲ့ထဲက လွှတ်တော် ဥက္ကဌဖြစ်တဲ့ မန်းဝင်းခိုင်သန်းလို ပုဂ္ဂိုလ်ကပင်လျင် စစ်တပ်က တင်ပြတဲ့ အချက်အလက်တွေကို အကုန်လုံး အမှန်လို့ထင်မြင်မိခဲ့တယ်လို့ အင်တာဗျူးတခုမှာ ဖြေဆိုထားတာ တွေ့ရပါတယ်။ 

စစ်တပ်ရဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ ရိုဟင်ဂျာတွေကို တဖက်နိုင်ငံမှာ ခိုးဝင်လာသူတွေလို့ ဝါဒဖြန့်ကာ နှင်ထုတ်တာ၊ အရပ်သားတွေကို အာဆာအဖွဲ့ဝင်တွေ၊ ကူညီအားပေးသူတွေလို့ စွပ်စွဲကာ ကျေးရွာတရွာထဲမှာတင် ရာနဲ့ချီ သေဆုံးတဲ့အထိ သတ်ဖြတ်မှုတွေက သိန်း၊ သန်းနဲ့ချီတဲ့ ဒုက္ခသည်ပြဿနာကို ဖြစ်ပေါ်စေပြီး ထိုစဥ်ကတော့ ရှေ့မှာ ကြုံရနိုင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့  ဆန့်ကျင်မှုတွေကို မမှန်းဆခဲ့ကြ၊ မသိရှိခဲ့ကြဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ်မှာတော့ ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ ဟေ့ဂ်မြို့မှာ ရုံးစိုက်တဲ့ နိုင်ငံတကာ တရားရုံးကို လူမျိုးသုဥ်းသတ်ဖြတ်မှု အဖြစ်စုံစမ်းစစ်ဆေးပေးဖို့ လျှောက်ထားချက်ကို လက်ခံခဲ့ပြီး အဲဒီနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို ခုခံချေပဖို့ ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စား အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ပြီး ခုခံလျှောက်လှဲခဲ့တဲ့ ဖြစ်ရပ်က ကမ္ဘာကို အံ့အားသင့်စေခဲ့ပါတယ်။ စစ်တပ်က ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေအတွက် ဘာကြောင့် ရွေးကောက်ခံ အရပ်သားအစိုးရက ခုခံလျှောက်လှဲတာလဲ၊ ၄င်းတို့အနေနဲ့ပါ လူမျိုးသုဥ်းသတ်ဖြတ်မှုကို ထောက်ခံတာလားလို့ သတ်မှတ်ယူဆကာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဆုအများအပြား၊ ဂုဏ်ထူးဆောင် ဘွဲ့အများအပြား ပြန်ရုပ်သိမ်းခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီမကြာသေးတဲ့ နှစ်အတွင်းက သမိုင်းအဖြစ်အပျက်ဖြစ်သွားပြီဖြစ်တဲ့ ဖြစ်ရပ်တွေ၊ ရပ်တည်ချက်တွေ ပြန်ပြောင်း ရေးပြရခြင်းက အတိတ်ကို သင်ခန်းစာ ယူနိုင်ဖို့ဖြစ်ပါတယ်။ ၆ နှစ်ကြာတဲ့အခါမှာ စစ်တပ်က မြန်မာနိုင်ငံရဲ့ ဒေသအများအပြားမှာ ထိုစဥ်က ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာတွေကို ကျူးလွန်တဲ့ ကျူးလွန်မှုမျိုးတွေ ကျူးလွန်နေပြီ ဖြစ်ပါတယ်။ နေအိမ်မီးရှို့တာ၊ အရပ်သားတွေကိုပါ လက်နက်ကိုင်အဖွဲ့ကို ထောက်ခံသူ၊ အားပေးသူ၊ ကူညီသူလို့ စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ၊ နေအိမ် မီးရှို့ဖျက်ဆီးတာတွေ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်နီဒေသ၊ တနင်္သာရီတိုင်းတို့မှာ ကျူးလွန်နေပြီဖြစ်ပါတယ်။ 

အိမ်နီးချင်း နိုင်ငံမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေက ရိက္ခာမလုံလောက်မှု၊ သားသမီးတွေ ပညာမသင်ကြားရတာ၊ ကျဥ်းကျပ်တဲ့ နေရာလေးထဲ လူသိန်းသန်းချီ နေထိုင်ကြရလို့ ကျန်းမာရေးနဲ့ မညီညွတ်တာ၊ အကူအညီကိုသာ မျှော်လင့် လက်ခံစားသောက်နေရပြီး အကူအညီက နှစ်ကြာလာသည်နဲ့အမျှ လျော့နည်းလာတာတွေကြောင့် လူ့ဂုဏ်သိက္ခာ ဆုံးရှုံးရသလို အသက်ရှင်သန် နေထိုင်ဖို့လည်း ခက်ခဲလာနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့နောက် ရိုဟင်ဂျာဒုက္ခသည်အရေးဟာ အဖြေရဖို့ ပိုပြီးဝေးကွာသွားတာလည်း ဖြစ်ပါတယ်။ 

စစ်အာဏာရှင် ပြုတ်ကျရေးက ပထမဖြစ်လာပြီး ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာက အထက်က ပြဿနာရဲ့ လက်အောက်ခံ ဖြစ်လာပါတယ်။ စစ်အာဏာရှင် ဖြုတ်ချဖို့ တော်လှန်ရေးအင်အားစုတွေက လက်နက်ကိုင် တိုက်ခိုက်နေကြချိန်မှာ ရိုဟင်ဂျာအရေးကို သီးခြားအဖြစ် သို့မဟုတ် ဦးစားပေး ပြဿနာအဖြစ် မသတ်မှတ်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာဟာ ဒုက္ခသည်တွေအဖို့ ရိက္ခာလုံလောက်မှုမရှိ၊ နေအိမ်မရှိ၊ နိုင်ငံမရှိ၊ ပညာသင်ယူခွင့်မရှိတဲ့ အခြေအနေနဲ့ ၆ နှစ်တာဖြတ်သန်းခဲ့ရပြီး ဖြစ်သလို နောက်ထပ် ဘယ်နှနှစ်လောက် ထပ်မံဖြတ်သန်း ရင်ဆိုင်ကြရဦးမလဲဆိုတာ ဘယ်သူမှ မမှန်းဆနိုင်သေးတဲ့ အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar