ကျော်ဟုန်း - ပြည်တင်းချိန်
ပြည်တင်းချိန်
ကျော်ဟုန်း
(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၃
တသက်လုံး
ဖဲလိမ်ရိုက်နေသူရဲ့မာယာမျိုး။
တလှည့်တလေ
အလျော်ပြ ချူဆီထည့်
တခါတလေ
သူ့လူကို အနိုင်ကြီးပေး
သူပဲ ဖြူခါပြာခါကျ ပုံစံဖမ်းပြီး
ပွဲသိမ်းရင် ဝေမျှစားမယ့်
ခေါက်ရိုးကျိုး ပုံသေနည်းဟောင်းတွေကို
လျှော်ဖွတ်၊ မီးပူတိုက် သုံးနေတုန်း။
ဒီမာယာ
ထိုးသားတွေ သိနေပြီ။
အမာရွတ်ချင်း ကပ်
ဒဏ်ရာသစ်ချင်း ထပ်
ပုံစံတူခြင်း ညှပ်
ခံရတာ များနေပြီ
အတော်ကို များနေပြီ။
မုသားဟာ
ဥပုသ်စောင့်ရိုး ထုံးစံမရှိ။
ယုတ်ကန်းမှုမှာ
စာနာရိုး ထုံးစံမရှိ။
မြင်တွေ့နေရ ပစ္စက္ခမှာ
ထပ်ဆုံးစရာ ဘာမှမရှိလို့
ထုံဆေး မကူတော့ဘူး။
အနာဂတ်ကုထုံးအတွက်
ယောယုဝပြာကို လျှာနဲ့ လျက်ဖို့
လက်ခမောင်းခတ်ထားပြီးပြီ။
ကိုယ့်အချိုးနဲ့
ကိုယ်ဆင်ထားတဲ့ မဲပုံးထဲ
မသမာမှုတွေသာ
မဲအရေအတွက် ဖြစ်သွားမှာ
အာဏာရူးတိုင်းရဲ့
အဆာသွတ်ယုတ်မာမှု
သင်္ချာတွက်ဖို့ မလို
ဒါက
မအလရဲ့ နောက်ဆုံးဆေးမြီးတို။
ဒီတကြိမ်ဟာ
အောင်လံထူ ပြည်သူများ ပွဲ
လက် ၃ ချောင်းသင်္ကေတနဲ့
တံခွန်တိုင်ထိပ်မှာ
ပွဲစကတည်းက
နွေဦးအလံတော် ချိတ်ထားပြီးပြီ။
ခရာ ပြိုင်တူတွတ်ရင်
မြားခွင်း၊ ဓားထွင်း
လှံခင်းမယ့် လက်ဖျံတွေ
နေပြည်တော် ပတ်လည်အနီး
ပြည်တော်ဝင်စည်ကြီးတီးဖို့
ရောက်နေပါပြီ။
တိုင်းပြည်အရိုးနဲ့
တိုင်းပြည့်ဝမ်းဖောက်
ရာဇဝတ်သား ဗာလနံက
ပြောခဲ့ဖူးတယ်
ဘာမဆို လုပ်ရဲသတဲ့။
ဒါဆို ပြန်မေးမယ်
ခရေပွင့်ရဲတယ်
လိပ်ပြာလွင့်ရဲတယ်ပေါ့။
အာဏာရူးပြီး
အာဏာသိမ်းတာ
လွယ်သလား၊ ခက်သလား မအလ။
လူထုအသည်းက်ို
ပြန်ပေးဆွဲ အလျော်အစားလုပ်မှာ
လွယ်သလား၊ ခက်သလား မအလ။
တို့တွေဘက်က
အဓိကနဲ့ သာမည
ခွဲတတ်တဲ့ မတွေဝေမှုက
ပစ်မှတ်ကို ချိန်သားကိုက်လျှက်။
အဆုံးအစွန်ထိ ယုတ်မာမှုအတွက်
အစွန်အဆုံးအထိ တိုက်မယ့်ဒူးတွေဟာ
မဲပုံးထောင်စရာမလိုဘဲ
အမှန်ခြစ်လိုက်ကြပြီ။
ဒါ ... ငါတို့ဘက်က
ဝီရတို့ရဲ့ ဆုံးဖြတ်ချက်။
မြန်မာ့နွေဦးဟာ
ဒီတချီမှာတော့
ဗိုလ်ချုပ်အောင်ဆန်းပေါက်စလေးတွေ
အများကြီး ကိုယ်ပွားခဲ့တယ်။
သခင်ဗဟိန်းပေါက်စလေးတွေ
အများကြီး ကိုယ်ပွားခဲ့တယ်။
စစ်အာဏာရှင်စံနစ်တရားခံ
နေဝင်းပေါက်စတွေ
ပြည်တွင်းစစ်စတဲ့တရားခံလို့ ဝန်ခံသူ
သခင်စိုးပေါက်စတွေ
ထပ်မပေါ်ဖို့အတွက်
အနာဂတ်ဖယ်ဒရယ်ဒီမိုက
ဆုတောင်းမိတာ ခြွင်းချက်။
ခေတ်မီမီ
ကမ္ဘာကြည့် ကြည့်မယ်ထင်မိ
ဂျန်ဇီခေတ်မှာ
အေအိုင်ရောက်နေပြီလေ။
တဖက်ပိတ်နဲ့
၂ ဖက်လပ်တွေရေ
ပကဓိကို
မီးထွန်းကြည့်လိုက်ဦး။
တလရပြဒါးတိုင် ပြချက်က
ငါတို့နိုင်မှာ အသေအချာ
ကြိုတင်ဟောကိန်းအတွက်
လင်းညှို့တာရာ မလိုဘူး။
ဂျန်ဇီ - ပီတွေကတော့
အာသာပြင်းတယ်
စစ်ရောက်နေပြီမို့
အချစ်ရောက်ဖို့ပဲ မျှော်တယ်။
ထမင်းချည်း ယူမလာနဲ့
ငြုပ်သီးယူလာခဲ့
ဟင်းချေးမများဘူး
ငှက်ပျောဖူး ပေးပါတဲ့။
ပြည်တော်ဝင်စည်ကြီး
သားရေကျက် ပတ်စာသိပ်ချိန်
ဒီမယ် နောင်ကြီး
နောက်မြီးမှာ နေချင်နေ
ချောင်ကြီးတော့ မခိုစေလို။
၂၃၈၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar