Breaking News

သီအိုဇော် - ဒါရိုက်တာ၊ ဇာတ်ညွှန်း မပြောင်းဘဲ ဇာတ်ဆောင်သာ လဲထားသည့် ထူးမခြားနား ဇာတ်သိမ်းခန်း


သီအိုဇော် - ဒါရိုက်တာ၊ ဇာတ်ညွှန်း မပြောင်းဘဲ ဇာတ်ဆောင်သာ လဲထားသည့် ထူးမခြားနား ဇာတ်သိမ်းခန်း

(မိုးမခ) ဩဂုတ် ၂၅ ၊ ၂၀၂၃


ပြီးခဲ့တဲ့ ဇူလိုင်လ (၁၈-၂၁) ရက်က ၁၄ ကြိမ်မြောက် Aspen Security Forum ကို Aspen Institute က စီစဉ်ကျင်းပခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာ မူဝါဒရေးရာ၊ မဟာဗျူဟာပိုင်း၊ လေ့လာသင်ကြားမှု အစရှိတာတွေနဲ့ ဆက်နွှယ်ပြီး ထဲထဲဝင်ဝင် ဆွေးနွေးဖလှယ်မှုတွေကို နှစ်စဉ် အမေရိကန်နိုင်ငံမှာ ကျင်းပလေ့ရှိပါတယ်။

အမေရိကန်အစိုးရရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့အတူ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ဦးစီးချုပ်များ၊ အတိုင်ပင်ခံ ဉာဏ်ကြီးရှင်အုပ်စုများ၊ သံတမန်များ၊ နိုင်ငံရေးသမားများ၊ တက္ကသိုလ်များမှ နာမည်ကြီး စကော်လာများ၊ သတင်းမီဒီယာ ထိပ်သီးများ၊ စီးပွားရေးအင်အားစုများ အစရှိသဖြင့် တက်ရောက်တတ်ကြပါတယ်။

ဒီနှစ် တက်ရောက် စကားပြောသူတွေထဲမှာ မြန်မာမီဒီယာနဲ့မစိမ်းတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်၊ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့လည်း ပါဝင်ပါတယ်။ အစီအစဉ် ကြေညာသူက အခု ပြောကြားမယ့်သူက အထူးတလည် မိတ်ဆက်ပေးစရာ မလိုတဲ့သူဆိုပြီး ဖိတ်ခေါ် လိုက်တယ် ဆိုရင်ပဲ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ ကြိုဆိုခံရသူက ဗီဒီယိုကွန်းဖရင့်နဲ့ စကားပြောသူ ယူကရိန်းသမ္မတ ဇလန်းစကီး ဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ်စာရင်းအကျဥ်းကို ကြည့်ရင်ပဲ ဖိုရမ်ရဲ့ အရေးပါမှု၊ လေးနက်မှုတို့ကို တွေ့နိုင်ပါတယ်။ ဒီဆောင်းပါးက Aspen Security Forum အကြောင်း ရည်ရွယ်ရေးသားတာ မဟုတ်ပါဘူး။ နောက်ထပ် တက်ရောက် ပြောကြားသူ တဦးဖြစ်တဲ့ စီအိုင်အေ ညွှန်ကြားရေးမှူး ‘ဝီလျံဘန်းစ်’ ( William Burns)ရဲ့ ‘ပရီဂိုဇင်’ (Yevgeny Prigozhin) နဲ့ ပတ်သက်တဲ့ ကောက်ချက်ကို ဖော်ပြလိုတာပါ။

အဲဒီအချိန် လွန်ခဲ့တဲ့ တလကျော်ကတည်းက ဝီလျံဘန်းစ်က ပြောခဲ့ပါတယ်။ ပူတင် ဆိုတာက ပြန်ပေးဆပ်ဖို့ အဆုံးစွန်အထိ လုပ်ဆောင်တတ်သူ ဖြစ်ပြီး ပရီဂိုဇင်ကသာ လက်တုံ့ပြန်မခံရဘဲ လွတ်မြောက်နေခဲ့သေးရင်တော့ သူ အံ့အားသင့်နေမိမှာပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ‘ကျနော်သာ ပရီဂိုဇင် ဆိုရင် ကိုယ် စားမယ့်အစားအစာ အရင်မြည်းစမ်းပြုပေးမယ့်သူကို အလုပ်ဖြုတ်ပစ်မှာ မဟုတ်ဘူး’ ဆိုပြီး လုပ်ကြံခံရဖို့ အန္တရာယ် အရမ်းနီးကပ်ပုံကို သွယ်ဝိုက် ဥပမာပေးခဲ့တာပါ။

မော်စကို-စိန့်ပီတာစဘတ် ခရီးစဉ်ပျံသန်းမှု နာရီဝက်အကြာ လေယာဉ်ပျက်ကျသွားတဲ့အထဲမှာ Wagner Group ကို ပရီဂိုဇင်နဲ့ ပူးတွဲတည်ထောင်သူလည်း ပါဝင်သွားတဲ့အတွက် ဗာဂနာအုပ်စုအတွက်တော့ အကြီးအကျယ် အထိနာမှုပါပဲ။ ရုရှားလေကြောင်းပိုင်နက် မော်စကိုကနေ ၅၀၀ ကီလိုမီတာ အကွာအဝေးလောက်မှာ ဖြစ်ပျက်ခဲ့တာလို့ ရေးသားနေကြပါတယ်။

ရုရှားလေကြောင်းပိုင်နက်ထဲ လေယာဉ်တစီး အတက် အဆင်းကို အာဏာပိုင်များ မသိရှိဘူး ဆိုရင်တော့ ယုံတမ်းစကားပဲ ဖြစ်ပါလိမ့်မယ်။ ပရီဂိုဇင် လိုလူရဲ့ အထိုင်အထက အစ မျက်ခြည်မပြတ် ထောက်လှမ်းနေမယ် ဆိုတာကိုလည်း ဘယ်သူမှ သံသယဝင်မှာ မဟုတ်ပါဘူး။

ရုရှားနိုင်ငံဘက်က ဘယ်လိုပဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပါစေ၊ လက်သည် တရားခံအစစ်ကို ဖော်ထုတ်ဖို့ လက်ရှိ အခြေအနေမှာ အတော်ခက်ခဲနေဦးမယ် ထင်ပါတယ်။ တရားခံ ဆိုပြီး အပြစ်ပေးနိုင်ခဲ့ရင်တောင် နောက်ကွယ်က ကြိုးကိုင်စေခိုင်းသူများကို ဖော်ထုတ်နိုင်လေ့ မရှိတာ ရုရှားမှာ အစဥ်အလာတွေ ရှိခဲ့ဖူးပါတယ်။ ကိုယ်တိုင်ရေးခဲ့ဖူးတဲ့ မိုးမခဆောင်းပါးတပုဒ်ထဲကပဲ ပြန်ကောက်နုတ်ပြချင်ပါတယ်။

ရုရှားလိုနိုင်ငံမျိုးမှာ အစိုးရကို ဝေဖန်ပြောဆို ရေးသားကြသူတွေအတွက် အန္တရာယ်ဟာ ကြီးမားလှပါတယ်၊ ပူတင် ရဲ့  ၂၀၁၄ ခုနှစ် ယူကရိန်း ကျူးကျော်စစ်ကို ဆန့်ကျင်ခဲ့တဲ့ ‘ဘောရစ်နဲမ့်ဆောဗ့်’ (Boris Nemtsov) မော်စကိုမြို့ ကရင်မလင်နန်းတော်အနီးရှိ တံတားပေါ် ဖြတ်လျှောက်နေတုန်း လုပ်ကြံခံခဲ့ရတာကိုပါ၊ တကယ်တော့သူဟာ သာမန်လူ မဟုတ်ပါဘူး၊ ‘ဘောရစ်ယဲလ်ဆင်’လက်ထက်က အစိုးရအဖွဲ့ဝန်ကြီး၊ ဒုဝန်ကြီးချုပ် ရာထူးတာဝန်များ ယူခဲ့ဖူးသူတဦးပါ။ ဒီအမှုမှာ ပစ်ခတ်ခဲ့သူ တရားခံများကို စီရင်ချက်ချလိုက်တာနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ ဒါဟာ အမှု ဇာတ်သိမ်းစစ်စစ် မဟုတ်ဘူးလို့ သုံးသပ်ကြတာကလွဲလို့ ဘာမှ ရှေ့ဆက်မတိုးနိုင်ခဲ့ဘူးလို့ ပဲ နားလည်ရပါတယ်။

သတင်း‌တွေအရ ပူတင်ကတော့ ဝမ်းနည်းကြောင်းစကား ကျန်ရစ်သူမိသားစုများကို ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ ဘယ်သူဘယ်ဝါ လက်ချက်ပါလို့ အတိအကျ မစွပ်စွဲနိုင်ကြသေးပေမယ့် သံသယစာရင်းမှာ ဘယ်သူ့နာမည် ထိပ်ဆုံးက ရှိနေမလဲဆိုတာ အထူးပြောဖို့လိုမယ် မထင်ပါဘူး။ ဥပဒေကြောင်းအရ အတိအကျ လက်ညှိုးထိုးစွပ်စွဲဖို့ ခက်ခဲတာကတပိုင်းလို့ သတ်မှတ်ရပါမယ်။

ဝီလျံဘန်းစ်ရဲ့ လေသံကို နမူနာယူပြီး ပြောရရင်တော့ ကမ္ဘာ့အလယ်မှာ အရှက်တကွဲ ဖြစ်စေခဲ့တဲ့ ပရီဂိုဇင်နဲ့ ဗာဂနာ အုပ်စုကို လက်စားချေဖို့အတွက် အခွင့်အရေးကောင်းတခုဖြစ်တဲ့ ဒီလေယာဉ်ခရီးစဉ်သတင်းကို ကြိုတင်သိရှိတဲ့ကြားက ဘယ်လိုမှ မတုံ့ပြန်ခဲ့ဘူး ဆိုမှသာ တကယ့်အံ့အားသင့်စရာအစစ်လို့ မှတ်ချက်ပြုရမယ် ထင်ပါတယ်။

ခေါင်းကြီးသတင်းအဖြစ် ပျံ့နှံ့နေပြီးသား ဖြစ်တဲ့အတွက် ဒီကိစ္စကို ထပ်အသေးမစိတ်တော့ပါဘူး။ မလုပ်ရဲတာ ဘာမှမရှိသူတွေရဲ့ အငြိုးအတေး အာဃာတကို သတိကြီးကြီး ထားရှိကြဖို့က တကယ်ကို လိုအပ်တယ် ဆိုတဲ့ ယေဘုယျ မှတ်ချက်နဲ့ပဲ အဆုံးသတ်လိုပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar