Breaking News

နေသွင်ညိဏ်း - ငှက်များ၊ ကြက်များ၊ အိပ်ရာဝင်ပုံပြင်များ

Image- Credit
ငှက်များ၊ ကြက်များ၊ အိပ်ရာဝင်ပုံပြင်များ
နေသွင်ညိဏ်း
(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၃

ငှက်တွေထဲမှာ သစ်တောက်ငှက် အသိုက်ဆောက်တာ တောရိုင်းတိရိစ္ဆာန်အကြောင်း ရုပ်သံထဲ ကြည့်ဖူးတယ်။ သစ်ပင်ရဲ့ ပင်စည်ကို နှုတ်သီးနဲ့  အကြိမ်ပေါင်းများစွာ ပေါက်ပြီး သစ်ခေါင်းပေါက် ဖြစ်အောင်လုပ်တယ်။ အလွန်ပင်ပန်းတဲ့ အသိုက်ဆောက်နည်းပါပဲ။ သစ်တောက်ငှက်ရဲ့ နှုတ်သီးတွေဟာ ဘယ်လောက်မာကျောဖို့ လိုသလဲဆိုတာ စဉ်းစားကြည့်လို့ရတယ်။ 
စာဗူးတောင်း ငှက်တွေကျတော့ ကောက်ပင် မြက်ပင်တွေကို တပင်ချင်း သယ်ပြီး သူတို့အသိုက်ကို ဆောက်ကြတယ်။ မိုးလုံလေလုံ၊ မိုးဒဏ်လေဒဏ်လည်းခံနိုင်အောင် ကြိုးစားဆောက်ကြတာ  သူတို့ရဲ့ ဗိသုကာအတတ်က တကယ့် အံ့မခမ်းပါပဲ။ 
ကျီးကန်းတွေကျတော့ အသိုက်ကို ဖြစ်သလို ဆောက်ကြတယ်။ ခိုတွေကျတော့ ကိုယ်ပိုင်အသိုက် မဆောက်ပဲ အဆင်ပြေရာမှာ မှီခိုနေကြတာ များတယ်။ 
အဆိုးဆုံးကတော့ ဥဩဆိုတဲ့ ငှက်တွေပဲ။ သူတို့ အသံက လွမ်းစရာကောင်းတယ်လို့ ဆိုပေမယ့်၊ ရက်စက်တဲ့ နေရာမှာ ဥဩငှက်ဟာ သွေးအေးတယ်။ ကိုယ်ပိုင်အသိုက်ကို မဆောက်ဘဲ တခြားငှက်တွေရဲ့ အသိုက်မှာ ဝင်ခိုတတ်ကြတယ်။ ဥဩငှက်တွေ သားပေါက်တဲ့အခါမှာလည်း အစောဆုံးပေါက်တဲ့ ငှက်ပေါက်က အသိုက်ထဲက တခြားဥတွေကို အသိုက်ထဲကနေ အပြင်ကို ကျသွားအောင် တွန်းချတတ်တယ်တဲ့။ အလွန် ရက်စက်သွေးအေးတဲ့ ဥဩငှက်ပါပေ။ 

*****

ငှက်တွေရဲ့ အနွယ်ဖြစ်တဲ့ ကြက်တွေနဲ့ ပတ်သက်လို့  တော့ William Muir ဆိုတဲ့ ဇီဝသိပ္ပံပညာရှင်က တခါက သုတေသန တခု လုပ်ခဲ့တယ်။ သူ့ရဲ့ တွေ့ရှိချက် ဖြစ်တဲ့ super chicken model ကို စီးပွါးရေး လောက၊ အဖွဲ့အစည်း ဆိုင်ရာ ကိစ္စတွေမှာ ထည့်သွင်းစဉ်းစားလေ့ရှိတယ်။ 
သူ့ရဲ့ စမ်းသပ်ချက်က ရိုးစင်းပါတယ်။ 
ဥများများဥတဲ့ ကြက်မတွေကို လက်ရွေးစင် ရွေးထုတ်ပြီး သီးသန့်ခွဲထုတ်လိုက်တယ်။ ပုံမှန် ကြက်မတွေနဲ့ ဥများများ ဥတဲ့ ကြက်မတွေကို ခွဲထုတ်ထားလိုက်ပြီး ဖြစ်ထွန်းမှုတွေကို စောင့်ကြည့်ခဲ့တယ်။
မျိုးဆက် ၆ ခု ကြာတဲ့အခါမှာ ဥဥ ကောင်းတဲ့ ကြက်မတွေကို စုထားတဲ့ ကြက်ခြံထဲမှာ ကြက် ၃ ကောင်ပဲ ကျန်ခဲ့တယ်။ ရိုးရိုးကြက်မတွေပဲ စုထားတဲ့ ကြက်ခြံဘက်ကတော့ ဥတွေ ပုံမှန် ဥရုံမက၊ ဥချတဲ့ နှုန်းတွေ တိုးတက်လာတာ တွေ့ရတယ်တဲ့။
တွေ့ရှိချက်တော့ နဂို ဥများများနဲ့ အလုံးကြီးဥတတ်တဲ့ ကြက်မတွေ ( super chicken) တွေဟာ ကြက်ခြံထဲက တခြားကြက်မတွေကို ပြိုင်ဖက်တွေလို သဘောထားပြီး သေအောင်ခွပ်လေ့ရှိတယ်တဲ့။ ဒါကြောင့် သူတို့ဟာ ဘယ်လောက်ပဲ ဥ ဥတာ ကောင်းပေမယ့် ကြာလာတဲ့အခါ ကြက်ခြံထဲမှာ အခွပ်ကောင်းတဲ့ ကြက်် ၃ ကောင်ပဲ ကျန်ခဲ့တယ်။ 
ဒီလိုနဲ့ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေမှာလည်း တကိုယ်တော်သမားလူတော်စွမ်းကောင်းချည်းစုထားရင် အချင်းချင်း ပြိုင်တာနဲ့ပဲ အလုပ်မတွင်တာမျိုး ဖြစ်တတ်တာကို super chicken model လို့ ပြောလေ့ရှိတယ်။ 
*****
ကြက်ဖတွေနဲ့ ပတ်သက်လို့တော့ မြန်မာ စကားပုံတချို့က စိတ်ဝင်စားဖို့ ကောင်းတယ်။ ‘ အိမ်ကြက်ချင်း အိုးမည်းသုတ်’ ဆိုတဲ့ အဓိပ္ပာယ်က လူတိုင်း နားလည်ကြပါတယ်။ 
တအိမ်တည်း၊ တမိတည်း ပေါက်တဲ့ ကြက်ဖ နှစ်ကောင်ဟာ ခွပ်ဖို့ ခဲယဉ်းပါတယ်။ တကောင်နဲ့ တကောင် မမှတ်မိအောင် အိုးမည်းသုတ်ပေးလိုက်တဲ့အခါတော့ အသေအလဲ ခွပ်ကြတော့တာပဲ။ 
နောက်ထပ်စိတ်ဝင်စားစရာ က ‘ယာလည်းညက်စေ ကြက်လည်းပန်းစေ’ ဆိုတဲ့ စကားပုံပါ။ 
တောကြက် ၂ ကောင်ခွပ်နေတာကို လယ်ထွန်နေတဲ့ လယ်သမားက မသိသလိုနေရင်း နောက်ဆုံးကြက်တွေမောသွားတဲ့အခါ အသာကောက်ပြီး ချက်စားလိုက်ရုံ။ ဒီလို အဓိပ္ပါယ်ထင်ပါတယ်။ 
******
ငယ်ငယ်က ဖတ်ဖူးတဲ့ ဇာတက ပုံပြင်တွေထဲက ငုံးမင်းဇာတ်နဲ့ င်္ဟသာကိုးသောင်းဇာတ်ကို သတိရတယ်။ ပထမ ပုံပြင်က မုဆိုးပိုက်ထဲ မိနေတဲ့ ငုံးတွေ တကောင်ချင်း မရုန်းပဲ တပြိုင်တည်းရုန်းလို့ လွတ်မြောက်သွားတဲ့ ဇာတ်ဖြစ်ပြီး၊ ဒုတိယ ဇာတ်က အမျိုးတူချင်းစားကြရင်း ဟင်္သာကိုးသောင်း ပျက်စီးသွားတဲ့ အဖြစ်ပါ။ ဒီပုံပြင်တွေက William Muir ရဲ့ super chicken သဘောတရားထက် နှစ်ပေါင်း ရာထောင်ချီပြီး မြန်မာတွေရဲ့ အိပ်ရာဝင်ပုံပြင်တွေထဲ ရှိနေခဲ့တာ ထင်ရှားပါတယ်။ 

နေသွင်ညိဏ်း
၂၄ ဩဂုတ်၊ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar