လေခဏီ - လူမှုအပြောင်းအလဲ
လေခဏီ - လူမှုအပြောင်းအလဲ
(မိုးမခ) ဩဂုတ် ၁၈ ၊ ၂၀၂၃
လောကမှာ အသိပညာတွေ၊ အတတ်ပညာတွေ၊ ပစ္စည်းဥစ္စာတွေရှိတာနဲ့ လူ့ရည်ရွယ်ချက်တွေက ပြည့်မြောက်သွားတာ မဟုတ်။
လူမှာ ရည်ရွယ်ချက်တွေရှိတယ်။ လူကို လောကနဲ့ချီရရင်တော့ လူသားဆိုင်ရာရည်ရွယ်ချက်၊ လူ့မျိုးနွယ်ရဲ့ ရည်ရွယ်ချက်၊ လောကရဲ့ ရည်ရွယ်ချက်ပေါ့။ အဲဒီလိုပဲ လောကမှာ ကျင့်ဝတ်တွေလည်း ရှိတယ်။ တာဝန်တွေလည်းပဲ ရှိတယ်။
လူမှာ လောကကြီးမှာ ရည်ရွယ်ချက်ရယ်၊ တာဝန်ရယ်၊ ကျင့်ဝတ်ရယ်ဆိုပြီး သုံးခုရှိတယ်။
ဟုတ်ပြီ၊ လူသားရဲ့ ရည်ရွယ်ချက်က ဘာလဲ။ လူသားရဲ့ ရည်ရွယ်ချက်က လွတ်လပ်မှုပဲ။ ပြီးရင် ရှင်သန်မှု၊ နောက်တစ်ခုက ရိုင်းပင်းမှု၊ ဒါပဲ။ လူ့သမိုင်းအစကတည်းက လူသားရဲ့ ရည်ရွယ်ချက်တွေက လွတ်လပ်မှုရယ်၊ ရှင်သန်မှုရယ်၊ ရိုင်းပင်းမှုရယ်၊ ဒါတွေပဲတဲ့။ ဆရာကြီးဦးရွှေအောင်က ပြောတယ်။
လူက လွတ်လပ်ချင်တာ။ ဒါ လူ့သဘာဝ၊ လွတ်လပ်ချင်တာ။ လွတ်မြောက်ချင်တယ်။ ဒါပေမဲ့ ထူးခြားတဲ့ လူ့သဘာဝ တစ်ခုကလည်း ရှိသေးတယ်။ အဲဒီလွတ်လပ်မှုရဲ့ ဆန့်ကျင်ဘက်၊ ချုပ်ခြယ်ချင်တယ်၊ လွှမ်းမိုးချင်တယ်။ လူသားရဲ့ တကယ့် ရည်ရွယ်ချက်ကတော့၊ လူ့ရဲ့ ရည်ရွယ်ချက်ကတော့၊ လူ့ဘဝရဲ့ ရည်ရွယ်ချက်ကတော့ လွတ်လပ်ချင်တယ်၊ လွတ်မြောက်ချင်တယ်။ လွတ်မြောက်မှုက ရည်ရွယ်ချက်ပဲ။ ဒါပေမဲ့ Dark side လို့ပဲ ပြောရမလား။ ချုပ်ချယ်ချင်တယ်၊ လွှမ်းမိုးချင်တယ်။ တဘက်က ဒီသဘောရှိနေတယ်။ ဒီသဘောရှိနေလို့လည်းပဲ လွတ်မြောက်မှုက လူသားတွေရဲ့ ရည်ရွယ်ချက် ဖြစ်လာသလား။
အဲဒီတော့ လွတ်မြောက်မှု မရှိဘူးဆိုရင် ချုပ်ချယ်မှု မရှိဖို့ လိုတယ်။ လွှမ်းမိုးမှုတွေ မရှိဖို့ လိုတယ်။ လူတစ်ယောက်က လူတစ်ယောက်ရဲ့ ဘဝထဲမှာ ဝင်ပြီး ကန့်လန့်မခံဖို့ လိုတယ်။ တစ်ယောက်ချင်းစီက ကိုယ့်ဘာသာကို လွတ်လွတ်လပ်လပ်ရှိဖို့ လိုတယ်။ မဟုတ်ဘူးဆိုရင် ဘာဖြစ်မလဲ။ ငြင်းဆန်မယ်၊ တွန်းလှန်မယ်၊ တိုက်ခိုက်မယ်၊ လက်မခံဘူး၊ ငုံ့မခံဘူး။ ဒါမျိုးတွေ ဖြစ်လာမှာပေါ့။ ဖြစ်လည်း ဖြစ်နေတာပဲ။ ဒါဟာ ဘာလဲဆိုရင် လူ့ရဲ့ ပင်ကိုရည်မှန်းချက်မှာကိုက လွတ်မြောက်မှုက ရှိပြီးသား၊ ပါပြီးသား။ အဲဒီလိုပဲ လူ့ရဲ့အမှောင်ခြမ်းမှာလည်းပဲ လွှမ်းမိုးချင်စိတ်တွေ၊ ချုပ်ချယ်ချင်စိတ်တွေ၊ ထိန်းချုပ်ချင်စိတ်တွေ၊ ဒါတွေကလည်း ရှိနေတာပဲ။
လူ့ရဲ့ ရည်ရွယ်ချက်နောက်တခုက ရှင်သန်မှု။ ရှင်သန်ချင်တယ်။ ရှင်သန်နေရမှာပေါ့။ မရှင်သန်ဘူးဆိုရင် လောကကြီးက ပျောက်ကွယ်သွားမှာပေါ့နော်။ လူသားရဲ့ ရည်ရွယ်ချက်၊ လူ့မျိုးဆက်ရဲ့ ရည်ရွယ်ချက်၊ တနည်း လူ့မျိုးနွယ်ရဲ့သဘောကိုက ရှင်သန်ရမှာလေ။ မရှင်သန်ဘူးဆိုရင် အကုန်ရပ်တန့်သွားမှာပေါ့။
ကိုယ့်ရဲ့ ဘိုးစဉ်ဘောင်ဆက် မိဘဘိုးဘွား အစဉ်အဆက် ထိန်းသိမ်းလာခဲ့တဲ့ဟာတွေ ရှိတယ်။ ကိုယ့်မှာ အမျိုးအနွယ်တွေ ရှိတယ်။ ထိန်းသိမ်းလာခဲ့တဲ့ ဓလေ့တွေ ရှိတယ်။ ထုံးတမ်းတွေ ရှိတယ်။ ယဉ်ကျေးမှုတွေ ရှိတယ်။ တည်ဆောက်ထားတာတွေ ရှိတယ်။ ရှာဖွေထားတာတွေ ရှိတယ်။ အဲဒါတွေ ဒီလောကမြေပြင်ကနေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းတာဟာ ရှင်သန်လိုစိတ်ဘဲ။ ရှင်သန်မှုပေါ့။ ပျောက်ကွယ်မသွားဘူး။ ဒါတွေ ပျောက်ကွယ်သွားရင် သေဆုံးသွားရင် ပျက်သွားရင်၊ ပြိုသွားရင် လောကကြီးက သွားပြီပေါ့။ လူသားမျိုးဆက်တွေ သွားပြီပေါ့။ လူသားတွေ သွားပြီပေါ့။ ရှင်သန်မှုက သိပ်အရေးကြီးပါတယ်။
ဒီရှင်သန်မှုရှိဖို့ ဘာလိုလဲ။ လောကကြီး အဆက်မပြတ်ဖြစ်နေဖို့ ဘာလိုလဲ။ တည်နေဖို့ ဘာလိုလဲ။ ကိုယ့်မျိုးနွယ်တွေပဲဖြစ်ဖြစ်၊ ကိုယ့်ရိုးရာ၊ ကိုယ့်ဓလေ့တွေ၊ ထုံးတမ်းတွေ၊ ကိုယ့်လူသားမျိုးနွယ်တရပ်လုံး ကိုယ့်လောကကြီးတခုလုံးတည်ရှိနေဖို့ ဘာလိုလဲ။ မျိုးဆက်ပြန့်ပွားဖို့ပေါ့။ လူသားမျိုးဆက်ပြန့်ပွားဖို့ပေါ့။ လူသားမျိုးဆက် မရှိတော့ဖူး၊ လူသားမျိုး မပြန့်ပွားတော့ဘူး၊ လူသားမျိုး မဆက်တော့ဘူးဆိုရင် ရှင်သန်မှုမရှိတော့ဘူးလေ၊ ပြီးသွားပြီ။ အဲဒါဆိုရင် လောကကြီးက ရပ်သွားပြီ။ အဲဒါကြောင့်မို့လို့ လောကရဲ့ ရည်ရွယ်ချက်ထဲမှာ ရှင်သန်မှုက သိပ်အရေးကြီးတယ် ပြောတာ။
နောက်တစ်ခုက ရိုင်းပင်းမှု။ လူဆိုတာက တစ်ယောက်တည်း မဟုတ်ဘူးလေ။ လူ့မျိုးစိတ်မှာကို လူက အများကြီး ရှိတယ်လေ။ အခြားသတ္တဝါတွေလည်း ရှိတယ်။ လူနဲ့မတူသော တခြားသက်ရှိ သတ္တဝါတွေ ရှိတယ်။ နောက်တခုက သက်မဲ့အရာဝတ္ထုတွေ။ သစ်ပင်တောင် သက်ရှိလို့ဘဲ မှတ်ရမလို။ သူ့မလဲ အာရုံဘက်ယိမ်းနိုင်တဲ့ နာမ်ဓာတ် ရှိတယ် ပြောရမလိုလို။ အသက်ဓာတ်ဇီဝိတရုပ် ရှိသလိုလိုမျိုး။
ထားတော့၊ သက်ရှိ သက်မဲ့တွေအားလုံးက အပြန်အလှန် ရိုင်းပင်းနေကြတာ။ လူဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းနေမှ၊ ကူညီနေမှ။ တစ်ယောက်တည်း နေလို့မှ မရတာ။ တစ်ယောက်တည်းဆို ဘယ်လိုမှ မရှင်သန်နိုင်ဘူး။ အဲဒီတော့ လူက အုပ်စုဖွဲ့ပြီးတော့ နေရတယ်။ မဖြစ်မနေ အုပ်စုဖွဲ့ နေရတယ်။ ဘာမဆို အဖော်ပြုနေရတယ်။ လူအုပ်စုချင်း အဖော်ပြုရတယ်။ တာဝန်ဝတ္တရားချင်း အဖော်ပြုရတယ်။ အကုန်လုံးပေါ့ ကူညီနေရတယ်။ ကူညီစိတ်၊ ရိုင်းပင်းစိတ်တွေ ရှိနေရမယ်။ မရှိလို့ မရဘူး။ အဲဒါမရှိဘူးဆိုရင် ဘယ်လိုလုပ် ရှင်သန်မလဲ။ အဲဒီတော့ ရိုင်းပင်းမှုနဲ့ ရှင်သန်မှုက အချိတ်အဆက်ရှိတယ်။ မရိုင်းပင်းနိုင်ရင်၊ လူတွေအချင်းချင်း မကူညီ မစောင့်ရှောက်ဘူးဆိုရင် မရှင်သန်နိုင်ဘူး။ ရှင်သန်ဖို့ မလွယ်တော့ဘူး။ လွတ်မြောက်မှုနဲ့ ရှင်သန်မှုလည်း အဲလိုပဲ ချိတ်ဆက်နေတယ်။ ရှင်သန်မှုကလည်း လွတ်မြောက်မှုပေါ်မှာ မူတည်နေတယ်။ လွတ်မြောက်မှုမရှိရင် ရှင်သန်မှုကလည်း မဖြစ်နိုင်ဘူး။ မရှိနိုင်တော့ဘူး။ ချုပ်ချယ်နေမယ်၊ လွှမ်းမိုးနေမယ်၊ ဒီလိုလုပ်နေမယ်ဆိုရင် ရှင်သန်မှုကို သွားထိခိုက်တယ်။ အဲဒီတော့ ရှင်သန်မှုရှိဖို့ဆိုတာကလည်း လွတ်မြောက်မှုရှိဖို့။ လွတ်မြောက်မှု မရှိဘူး၊ ဖိနှိပ်ထားမယ်၊ ချုပ်ချယ်ထားမယ်၊ လွှမ်းမိုးထားမယ်၊ ပိုင်စိုးထားမယ်၊ ချုပ်နှောင်ထားမယ်၊ ထိန်းသိမ်းထားမယ်၊ ဖမ်းဆီးထားမယ်၊ နှိပ်ကွပ်ထားမယ်ဆိုရင် အတွေးအခေါ်တွေလည်း ရှင်သန်လို့ မရဘူး။ အလုပ်တွေလည်း ရှင်သန်လို့မရဘူး။ စိတ်ကူးတွေလည်း ရှင်သန်လို့မရဘူး။ ဘာမှ ရှင်သန်လို့ မရဘူး။
လွတ်လပ်မှုရှိမှ ရှင်သန်မှုရှိမယ်။ ရိုင်းပင်းမှုရှိမှ ရှင်သန်မှုရှိမယ်။ အနှစ်က လောကရှင်သန်ရေး၊ လောကချမ်းသာရေး၊ လောကသုခတွေရရေး။ တနည်းအားဖြင့်တော့ လောကနိဗ္ဗာန်ပေါ့၊ လောကနိဗ္ဗာန် တည်ဆောက်ရေး။ အဲဒီသုံးခုမှာ အလယ်ကဟာ ရှင်သန်မှု။ သူ့ကို လွတ်မြောက်မှုနဲ့ ရိုင်းပင်းမှုတို့က ရံထားတယ်။ ရှင်သန်မှုဆိုတာ မျိုးဆက်ပြန့်ပွားရေးပဲ။ မျိုးဆက်မပြန့်ပွားဘူးဆိုရင် ရှင်သန်မှုတွေက ရပ်ဆိုင်းသွားမယ်။
မျိုးဆက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီးတော့ ချုပ်ချယ် လွှမ်းမိုးထားတာတွေ ဘာတွေရှိလဲ။ အဲဒါတွေကို အကုန်သတ်ရမယ်။ မျိုးဆက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီးတော့ ချုပ်ချယ်ထားတာတွေ၊ လွှမ်းမိုးထားတာတွေ၊ ဖိနှိပ်ထားတာတွေ အဲဒါတွေအားလုံးကို ဖယ်ရှင်းပစ်ရမယ်။ အဲဒါတွေမရှိတာကို လွတ်မြောက်တာလို့ ခေါ်တာပဲ။
မျိုးဆက်ပြန့်ပွားမှုကို ဟန့်တားထားတဲ့အရာတွေက ဘာရှိလဲ။ မိဘက သားသမီးကို အိမ်ထောင်မပြုစေချင်တာမျိုး၊ လူပျိုကြီး၊ အပျိုကြီး လုပ်စေချင်တာမျိုး။ ဒါဟာလည်းပဲ မျိုးဆက်ပြန့်ပွားရေးကို အဟန့်အတားဖြစ်စေတဲ့ဟာ တစ်ခုနော်။
နောက်တစ်ခါ ဘာသာရေးအယူအဆတွေ။ ဪ ကာမဂုဏ်တွေပဲ။ ဒါတွေကို အဝေးကြီးကနေ ရှောင်ရမယ်။ ဒါတွေကို ပြုကျင့်တာကိုက သီလကို ချိုးဖောက်တာပဲ။ ဒါဟာ ဆိုးရွားတဲ့ အပြုအမူတွေပဲ။ ရှုတ်ချစရာတွေပဲ။ ကြည်ညိုစရာမဟုတ်၊ ဘာညာဆိုတဲ့ ဘာသာရေးဆိုင်ရာ အယူအဆတွေ အများကြီးရှိတယ်။ အဲဒီလို အယူအဆတွေအရ ဗုဒ္ဓဘာသာမှာဆိုရင် ကိုရင်ဝတ်ကြတယ်၊ ရဟန်းပြုကြတယ်။ သီလရှင်ဝတ်ကြတယ်။ တောထွက်ကြတယ်။ အိမ်ရာတည်ထောင် လူ့ဘောင်ကို နည်းမျိုးစုံနဲ့ ခွကြတာပေါ့။ အဲဒါမျိုးနဲ့ပတ်သက်လို့ အင်မတန်အားကောင်းတဲ့ ဓလေ့တွေ အများကြီးပဲ ဗုဒ္ဓဘာသာတွေကြားမှာ။ အဲလိုပဲ ခရစ်ယာန်တွေမှာလည်း အဲလိုရှိတယ်။ ခရစ်ယာန်မှာကတော့ အိမ်ထောင်ပြုတဲ့ ဂိုဏ်းတွေရှိတယ်၊ အိမ်ထောင်မပြုတဲ့ ဂိုဏ်းတွေဆိုတာ ရှိတယ်။ ဗုဒ္ဓဘာသာမှာလည်းပဲ တချို့မှာတော့ အိမ်ထောင်ပြုတဲ့ ဂိုဏ်းတွေတော့ ရှိနေပါပြီ၊ ရှိလာပါပြီ။ အများစုကတော့ မပြုတာဘက် သွားကြတယ်။ မပြုမှ လူနဲ့ မတူမှာကိုး။ လူနဲ့မတူမှ လူတွေက ကောင်းချီးပေးတာကိုး။ လူဖြစ်ပြီးကာမှ လူနဲ့မတူအောင်နေရတဲ့ အယူအဆတွေ။ အဲလိုဆိုတော့ အဲဒီပုံသဏ္ဌာန်တွေ၊ အဲဒီရပ်တည်မှုတွေက လောကရှင်သန်ရေးမှာ ချုပ်နှောင်ထားတဲ့ ယန္တရားတွေ ဖြစ်လာတယ်။
ရှင်သန်မှုရှိဖို့ဆိုတာ လွတ်မြောက်မှုရှိရမယ်။ လွတ်မြောက်မှုဖြစ်ဖို့ဆိုရင် အချုပ်အချယ်၊ အဟန့်အတား၊ ဖိနှိပ်မှုတွေ မရှိမှ။ အဲဒါဆိုရင် ရှင်ရဟန်းပြုနေကြတဲ့ကိစ္စတွေကို စဉ်းစားကြည့်ကြတာပေါ့။ အိမ်ထောင်မပြုကြတဲ့ ကိစ္စတွေကို စဉ်းစားရမှာပေါ့။ မျိုးဆက်မပြန့်ပွားတဲ့ကိစ္စ မှန်သမျှ စဉ်းစားရမှာပေါ့။
အခုအခါ အများစုက မျိုးဆက်တာဝန်ကို မေ့သွားပြီးတော့၊ ကာမဂုဏ်ခံစားတာ သက်သက်ဘက်ကို ယိမ်းသွားပြီးတော့ မျိုးဆက်မပွားတော့တာတွေ ရှိလာတယ်။ တကယ်တမ်းကတော့ လိင်ဆက်ဆံတဲ့ကိစ္စရဲ့ အဓိကရည်မှန်းချက်ကတော့ မျိုးဆက်ပွားရေးကိုပဲ။ အဲဒီတော့ မျိုးဆက်ပွားရေးကို စက်ဆုပ်စရာ ကာမဂုဏ်အလုပ်အဖြစ် ရှုမြင်ပြီးတော့ မလုပ်ကြတော့တဲ့ ပုဂ္ဂိုလ်တွေကလည်း လောကရှင်သန်ရေးမှာ အဟန့်အတားဖြစ်နေသလားပေါ့။ ဖြစ်နေတာပဲပေါ့လေ။ ဖြစ်နေသလားတောင် မဟုတ်ဘူး။
အဲဒီလိုပဲ လိင်ဆက်ဆံမှုကို ဒီကာမအရသာခံစားမှုဘက်ပဲ သတ်သတ်စဉ်းစားလိုက်တဲ့ ပုဂ္ဂိုလ်တွေကြတော့လည်းပဲ မျိုးဆက်ပွားဖို့ကို မကြည့်တော့ဘူး။ ခန္ဓာကိုယ်မှာ ဒီကာမဂုဏ်အရသာ ခံစားဖို့ကိုပဲ ရှေးရှုပြီးတော့ မျိုးဆက်ပြန့်ပွားတာ မပါတော့ဘူး။ ကာမဂုဏ်ခံစားမှုသက်သက်ဘက်ပဲ သွားတဲ့ဟာကလည်းပဲ ဒီရှင်သန်ရေးမှာ တကယ့်အဟန့်အတားပဲ။
လူ့လောကကြီးမှာ လူသားရဲ့ ရည်ရွယ်ချက်ထဲမှာ ရှင်သန်မှုက အင်မတန်အရေးကြီးတယ်။ အဲဒီလို အဟန့်အတားဖြစ်နေတဲ့ဟာတွေ ဓလေ့တွေ၊ ထုံးတမ်းတွေကတော့ ထိန်းသိမ်းရမယ့် ဓလေ့မဟုတ်တဲ့ဟာတွေ ဖြစ်မယ်။
အိမ်ထောင်ပြုတယ်ပဲ ပြောပြော၊ မျိုးဆက်ပွားတယ်ပဲ ပြောပြော အင်မတန်လေးစားစရာကောင်းတာတစ်ခု ရှိတယ်။ Single mother တွေပေါ့။ သူတို့ဆိုရင် အင်မတန်လေးစားစရာ ကောင်းတယ်။ မျိုးဆက်ပြန့်ပွားရေးကို လုပ်တယ်၊ ကာမဂုဏ်အတွက်လည်း မဟုတ်ဘူး။ အိမ်ထောင်ပြုဖို့ အတွက်လည်း မဟုတ်ဘူး။ အဲဒါမျိုး ပုဂ္ဂိုလ်တွေကတော့ အင်မတန်ကို ချီးကျူးရမယ့် ပုဂ္ဂိုလ်တွေ၊ လေးစားရမယ့် ပုဂ္ဂိုလ်တွေ။ သူတို့ကတော့ အင်မတန်ကို လောကတာဝန်ကျေတယ်လို့ ပြောရမှာပေါ့။
ကျုပ်တို့ လူသားရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ လွတ်မြောက်မှုရယ်၊ ရှင်သန်မှုရယ်၊ ရိုင်းပင်းမှုရယ်ဆိုတာကို ဆွေးနွေးလို့ပြီးပါပြီ။ ကျုပ်တို့ လူ့လောကမှာ အဲလို ရည်မှန်းချက်တွေ ရှိတယ်ပေါ့။ အဲဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ကြတော့၊ အဲဒီရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ကြတော့ ကျင့်ဝတ်။ လူ့လောကမှာ ကျင့်ဝတ်လဲ ရှိရမယ်။
ကျင့်ဝတ်က ဘာလဲဆိုတော့ တခြားတော့ မဟုတ်ဘူး။ ကျင့်ဝတ်က ဗြဟ္မစိုရ်ပဲ။ ဗြဟ္မစိုရ်က မေတ္တာရယ်၊ ကရုဏာရယ်၊ မုဒိတာရယ်၊ ဥပက္ခာရယ်။ ဒီဗြဟ္မစိုရ်တရားဆိုတာလည်း တကယ်တမ်းတော့ လူသားတွေပေါ်ကတည်းက အခြေခံတရားကြီးပါပဲ။ ဒီလူသားမျိုးနွယ်ကို စောင့်ရှောက်လာတဲ့ တရားကြီးပဲ။ ဗြဟ္မစိုရ်ဆိုတာ တကယ့်ကို လူ့လောကကြီးကို စောင့်ရှောက်တဲ့ တရားပါ။
လောကရည်မှန်းချက်တွေဖြစ်တဲ့ လွတ်လပ်မှုတို့၊ ရှင်သန်မှုတို့၊ ရိုင်းပင်းမှုတွေ အားကောင်းဖို့ဆိုရင် လိုတဲ့ ကျင့်ဝတ်က ဗြဟ္မစိုရ်လေးပါး။ မေတ္တာဆိုတဲ့ ချစ်ခြင်းရယ်၊ ကရုဏာဆိုတဲ့ ကြင်နာတာရယ်။ ကရုဏာက လူတဖက်သားကို ကြင်နာတဲ့စိတ်။ မေတ္တာကတော့ လူတွေကို ချစ်တဲ့စိတ်ပေါ့။ လူတွေကို ကောင်းကျိုးလိုလားတဲ့စိတ်၊ ချစ်တဲ့စိတ်။ မုဒိတာက လူတွေ အဆင်ပြေနေတာကို ကျေနပ်ဝမ်းသာတဲ့စိတ်၊ ဆရာကြီးဦးရွှေအောင်က လေးစားစိတ်လို့ သုံးနှုန်းတယ် မုဒိတာကို။
ဟုတ်တာပေါ့ အဲဒီလေးစားစိတ်ဆိုတာ မရှိရင် ပြဿနာတွေ လာတော့တာဘဲ။ လေးစားစိတ်မရှိရင် တကယ်တမ်း ကရုဏာကော ရှိပါအုံးမလား။ ကြင်နာခြင်းဆိုတာ သိပ်မသေချာတော့ဘူး။ မေတ္တာလည်း သိပ်မရေရာဘူး။ ဆရာကြီးဦးရွှေအောင်က ဥပေက္ခာကို မှန်ကန်မျှတမှုလို့ ပြောတယ်။ အဲဒီတော့ ကျင့်ဝတ်က ဘာရှိလဲဆိုတော့ ချစ်တာရယ်၊ ကြင်နာတာရယ်၊ လေးစားတာရယ်၊ မှန်ကန်တရားမျှတတာရယ်။
အဲဒီထဲမှာ အဓိကကတော့ မုဒိတာလို့ ထင်တာပဲ။ လေးစားစိတ်လို့ ထင်တာပဲ။ လေးစားစိတ်ရှိရင် တရားမျှတမှုဆိုတဲ့ ဥပေက္ခာလည်း ရှိလာမှာ။ လေးစားမှုမရှိဘဲနဲ့လည်း တရားမျှတမှုဆိုတဲ့ ဥပေက္ခာအဆင့် ရောက်ဖို့ မလွယ်ဘူးပေါ့။
အဲဒီတော့ အဲဒီအခြေခံကျင့်ဝတ် လေးခုက ရှင်သန်မှုကိုပဲ သွားပြီးတော့ အားပေးတာ။ အဲဒီချစ်ခင်မှုတို့၊ ကြင်နာမှုတို့၊ လေးစားမှုတို့၊ မှန်ကန်မျှတမှုတို့ မရှိရင် ရိုင်းပင်းမှုက ရှိလာမှာ မဟုတ်ဘူး။ ချစ်ခင်မှုတို့၊ ကြင်နာမှုတို့မရှိဘူးဆိုရင် ဘယ်လိုလုပ် ရိုင်းပင်းမှု ဆိုတာကလည်း ဖြစ်လာမလဲ။ မှန်ကန်မျှတမှုတို့၊ လေးစားမှုတို့ မရှိဘူးဆိုရင် ရှင်သန်မှုကို လုံးဝအထောက်အကူ မဖြစ်တော့ဘူး။ အဲဒါကြောင့်မို့လို့ လောကရဲ့ ရည်ရွယ်ချက်တွေ ဖြစ်တဲ့ ရှင်သန်မှုရှိဖို့ဆိုရင် ဒီကျင့်ဝတ်တွေက လိုတယ်။
အဲဒီတော့ လောကရည်ရွယ်ချက်၊ လူသားရည်ရွယ်ချက်ဖြစ်တဲ့ ရှင်သန်မှုဆိုတာကြီး အထမြောက်ဖို့၊ တနည်းအားဖြင့် လောကကြီး ဆက်ပြီးတော့ တည်ရှိနေဖို့ဆိုရင် မျိုးဆက်ပွားဖို့လိုတယ်။ အိမ်ထောင်ပြုဖို့ လိုတယ်။ အိမ်ထောင်ပြုတာနဲ့ မျိုးဆက်ပွားတာနဲ့လည်း တူချင်မှ တူမှာပေါ့နော်။ မျိုးဆက်ပွားတဲ့အလုပ်က သတ်သတ်ဖြစ်ချင်ဖြစ်မှာပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar