Breaking News

UNOCHA ရဲ့ အကြီးအကဲ မြန်မာနိုင်ငံခရီးစဥ်၊ ယင်းမာပင်မြို့နယ်ထဲ အရပ်သား ၄ ဦး အသတ်ခံရ


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၇ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၈၊ ၂၀၂၃


UNOCHA ရဲ့ အကြီးအကဲ မြန်မာနိုင်ငံခရီးစဥ်၊ ယင်းမာပင်မြို့နယ်ထဲ အရပ်သား ၄ ဦး အသတ်ခံရ

အတိုကောက်အားဖြင့် UNOCHA လို့ ခေါ်ဆိုပြီး အမည်အပြည့်အစုံဆိုရင် “ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးရုံး” ရဲ့ အကြီးအကဲဖြစ်သူ Mr. Martin Griffiths ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ပြီးခဲ့တဲရက်ပိုင်းက စစ်ကောင်စီ ခေါင်းဆောင်၊ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ လူ/ကယ်/ပြန် ဝန်ကြီး တို့နဲ့ တွေ့ဆုံခဲ့ပြီးနောက် ဒီနေ့ မှာ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတချို့ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စစ်ဘေးတိမ်းရှောင်ရသူတွေ သိန်းဂဏန်းကနေ သန်းဂဏန်းအထိ မြင့်တက်လာနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အရေးပေါ် အကူအညီတွေ နေရာအနှံ့အပြား လိုအပ်နေပေမယ့်လည်း ကုလသမဂ္ဂအဖွဲ့အနေနဲ့ ကူညီပေးဝေဖို့ ပစ္စည်းတွေ ရှိသည့်တိုင် ကူညီခွင့်မရခဲ့တဲ့ သာဓကတွေ အဖြစ်အပျက်တွေ တောက်လျှောက်ဖြစ်ပွားခဲ့ပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ မေလလယ်က ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်း ပြီးနောက်မှာလည်း ကုလသမဂ္ဂအနေနဲ့ ပေးနိုင်တဲ့ အကူအညီတွေကို လွတ်လွတ်လပ်လပ် ကူညီခွင့်မရခဲ့ပါဘူး။ 

ကုလသမဂ္ဂ အနေနဲ့ ၂၀၂၁ ခုနှစ်ကတည်းက ချင်းပြည်နယ် မင်းတပ်လို၊ ကယားပြည်နယ် ဒီမောဆို၊ ဖရူဆိုတို့လို ဒေသတွေမှာ စစ်ဘေးရှောင်တွေကို အကူအညီပေးအပ်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်တွေက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုလည်း လွတ်လပ်စွာ သယ်ဆောင်ပေးအပ်ခွင့်မပြုဘဲ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာဒေသတွေကို ပိတ်ဆို့ ဖြတ်တောက်ထားတဲ့ မဟာဗျူဟာကို အသုံးချပြီး အကူအညီတွေ မပေးနိုင်အောင် တားဆီးခဲ့တာ ဖြစ်ပါတယ်။ 

အခြားသော ပြည်နယ်၊ တိုင်းဒေသတွေနဲ့ အလားတူ ရခိုင်ပြည်နယ်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ယမန်နှစ်ကာလကလည်း ကူညီခွင့် ကောင်းစွာမရခဲ့သလို အခုနောက်ဆုံး မိုခါ ဆိုင်ကလုန်း ဒဏ်ခံစားကြရတဲ့ သိန်းနဲ့ချီတဲ့ မုန်တိုင်းဒဏ်ခံစားရသူတွေကိုလည်း လွတ်လပ်စွာ အကူအညီပေးခွင့် မရကြတာ သတင်းတွေမှာ တွေ့ရ ဖတ်ရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေတွေ အောက်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ UNOCHA ရုံးအကြီးအကဲ မြန်မာနိုင်ငံ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ သတင်းစာမှာတော့ စစ်ကောင်စီခေါင်းဆောင် ဖြစ်တဲ့ မင်းအောင်လှိုင်က ပြောဆိုတဲ့ အချက်အလက်တွေကိုသာ ဇောင်းပေးရေးသားထားပြီး ရခိုင်ဆိုင်ကလုန်း မိုခါ နောက်ဆက်တွဲ အခက်အခဲ လိုအပ်ချက်တွေကို နိုင်ငံတကာက သိသိသာသာ ကူညီတာတွေ မရှိတဲ့ သဘောမျိုးလည်း ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီ မြန်မာပိုင်းရဲ့ သတင်းမှာတော့ ရခိုင်မိုခါ ဆိုင်ကလုန်းဒဏ်ခံစားနေကြရသူတွေကို နိုင်ငံတကာအနေနဲ့  အစိုးရရဲ့ မျက်နှာထက် ပြည်သူရဲ့ မျက်နှာကိုကြည့်ပြီး ကူညီတာ ပိုကောင်းတယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ကုလသမဂ္ဂအကြီးအကဲကို ပြောဆိုခဲ့တယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ရာမှာ စစ်ကောင်စီ လက်ထဲက တဆင့်ကူညီတာမျိုး ၄င်းတို့ လက်အောက်က ထွေ/အုပ်ဦးစီးဌာနလို၊ လူ/ကယ်/ပြန် ဝန်ကြီးဌာနလိုက တဆင့်ပေးအပ်တာမျိုးကို မလိုလားကြဘဲ ၄င်းတို့ရဲ့ စာရင်းကောက်ယူမှု လိုအပ်ချက် စာရင်းကောက်ယူမှုတွေ အရ အကူအညီလိုအပ်သူတွေထဲ တိုက်ရိုက်သာပေးအပ်လိုကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ နိုင်ငံတကာ အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက ပေးအပ်တဲ့ အကူအညီတွေကို နိုင်ငံရေးအရ အသုံးချမှာ အခြားသော အဖွဲ့အစည်းတွေက ဖြတ်ယူအသုံးပြုနိုင်တဲ့ အန္တရာယ်တွေကို စိုးရိမ်မှုရှိကြတာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်အစိုးရနဲ့ မည်သည့် လက်တွဲဆောင်ရွက်မှုမျိုးမှ မလုပ်ဖို့ မူဝါဒချမှတ်ထားတယ်လို့ ကုလ အေဂျင်စီတွေက ဆိုပါတယ်။ စစ်အာဏာမသိမ်းခင်ကလို အစိုးရဝန်ကြီးဌာနတွေနဲ့ သဘောတူညီမှု လက်မှတ်ထိုးကာ ပူးပေါင်းဆောင်ရွက်တာမျိုးကို မလုပ်ဖို့ မူဝါဒ ချမှတ်ထားတဲ့ သဘောလည်းဖြစ်ပါတယ်။   တဖက်မှာတော့ အကူအညီလိုအပ်နေသူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ အတွက် ကုလသမဂ္ဂ အေဂျင်စီရဲ့ အကြီးအကဲတွေ အနေနဲ့ စစ်ကေောင်စီ ခေါင်းဆောင်နဲ့ တွေ့ဆုံပြောဆိုမှုတွေတော့ ရှိနေတာတွေ့ရပါတယ်။ စစ်ကောင်စီ အနေနဲ့ အခုလို ကုလသမဂ္ဂ အေဂျင်စီတခုရဲ့ အကြီးအကဲဖြစ်သူက နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခြင်းကို ၄င်းတို့ကို အသိအမှတ်ပြုခြင်း သဖွယ် သတင်းဖော်ပြနေကြတာလည်း ဖြစ်ပါတယ်။ 

ဒီနေ့ သတင်းတွေထဲ အခြားသော အကြောင်းအရာတွေ အနက်က သတင်းတပုဒ်ကို ကောက်နှုတ်တင်ပြရရင် ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ် အစပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အရပ်သား ၄ ဦး စစ်ကောင်စီ စစ်ကြောင်းနဲ့တိုးကာ ဖမ်းဆီးခံခဲ့ရပြီးနောက် ရက်အနည်းငယ်အကြာမှာ ၄င်းတို့ရဲ့ အလောင်းတွေကို ယင်းမာပင်မြို့နယ်ထဲက ယမားချောင်းထဲ တွေ့ကြရတယ်လို့ သတင်းထဲဖော်ပြထားပါတယ်။ အခုလို အရပ်သား ၄၊ ၅ ဦး၊ တခါတရံ ၁၀ ဦးနီးပါး အသတ်ခံကြရတဲ့ အဖြစ်အပျက်တွေက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်းတို့မှာ ဖြစ်နေကျ အဖြစ်အပျက်တွေသဖွယ် မကြာခဏဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ အရပ်သားတွေအနက် အမျိုးသမီးကလွဲရင် စစ်ကောင်စီဘက်က PDF လက်နက်ကိုင် အဖွဲ့ဝင် သို့မဟုတ် PDF ကို ကူညီထောက်ပံ့သူ ဆိုတဲ့ စွပ်စွဲချက်၊ သတ်ဖြတ်ပစ်လေ့ရှိပါတယ်။ အမျိုးသားဖြစ်ရင် အရွယ်မရောက်သေးတဲ့ အသက် ၁၅၊ ၁၆ နှစ်အရွယ်တွေလည်း အသတ်ခံရတဲ့ အထဲပါလေ့ရှိပါတယ်။ စစ်ကောင်စီအနေနဲ့ အသက်မပြည့်သေးသူ အရွယ်မရောက်သေးသူတွေကိုလည်း လက်နက်ကိုင်အဖွဲ့ဝင်တွေ ဖြစ်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အလွတ်မပေးဘဲ သတ်ဖြတ်လေ့ရှိတာ ဖြစ်ပါတယ်။ မုန်တိုင်ပင် ကျေးရွာက အဖြစ်အပျက် ဖြစ်ပွားစဥ်က ပြန်လွတ်မြောက်ခဲ့တဲ့ ကျေးရွာသားအချို့ကို လွှတ်မပေးမီ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးက ပြောဆိုရာမှာ စစ်ကြောင်းဝင်လာတယ် အသံကြားရင် ဆူဆူညံညံ အသံကြားရင် ရွာကနေ ထွက်သာပြေးဖို့ မှာကြားတယ်လို့ RFA သတင်းထဲ ဖော်ပြထားတာ တွေ့ရပါတယ်။ အခုလို ကျေးရွာထဲ ကျန်နေရစ်ခဲ့သူတွေကို အသက်ကြီးတာ ငယ်တာတွေ မရွေးဘဲ အမျိုးသားဖြစ်ရင် ဘယ်အရွယ်မဆို သတ်ဖြတ်ဖို့ အထက်က ညွှန်ကြားထားတာမျိုးရှိတာကြောင့် အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးက နောက်နောင် အသက်ဘေးနဲ့ မကြုံချင်လျှင် ထွက်ပြေးဖို့ မှာကြားတဲ့ သဘောဖြစ်နိုင်ပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းက ကျေးရွာတွေအဖို့ အသက်ဆုံးရှုံးမှုနဲ့ နေအိမ် စိုက်ပျိုးထားတဲ့ ရိက္ခာ စတဲ့ ပိုင်ဆိုင်မှုတွေ ဘယ်ဟာကို ရွေးမလဲဆိုတဲ့ အနေအထားမျိုး ကြုံနေကြရပြီး အနှစ်နှစ်အလလ က စုဆောင်းကာ တည်ဆောက်ထားတဲ့ နေအိမ်တွေ သောင်းနဲ့ချီ မီးရှို့ဖျက်ဆီးခြင်းခံရပြီးလည်း ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar