Breaking News

ရဲဘော်တေး - CDM စိတ်ဓာတ်


ရဲဘော်တေး - CDM စိတ်ဓာတ်

(မိုးမခ) ဩဂုတ် ၂၁ ၊ ၂၀၂၃


“CDM စိတ်ဓာတ်” ဆိုတဲ့ စကားလုံး ဒေါက်တာထွန်းမြင့် အင်တာဗျူးတခုမှာ ထည့်ပြောသွားတယ်။ သူ ပြောတာက တပ်မှာ CDM မလုပ်သာတဲ့လူတွေ ရှိတယ်။ ဒါပေလို့ သူတို့ဟာ CDM စိတ်ဓာတ် ရှိကြတယ်တဲ့။ အဲဒါကြောင့် စစ်တပ်ဟာ တိုက်ပွဲတွေ ရှုံးနေတာတဲ့။ 

ကိုယ့်ရပ်ကိုယ့်ရွာ မီးရှို့၊ ကိုယ့်ဆွေကိုယ်မျိုး ပြန်သတ်နေရတော့ ဘယ်စစ်သားမှ တက်တက်ကြွကြွမရှိကြတော့သလို မနိုင်မှန်းသိရက်နဲ့ ဇွတ်တိုက်ခိုင်းနေတော့ ဘယ်အမိန့်မှ သိပ်မနာခံကြတော့။ တချို့ စစ်သားတွေဟာ သေမှာမှန်းသိရက်နဲ့ တက်ကြရတာ။ ဗိုလ်ချုပ်တွေက စစ်သားတွေနဲ့ သူတို့မိသားစုတွေကို လူစာရင်းကို မသွင်းခဲ့တာ ပိုပေါ်လွင်လာတယ်။ သူတို့ကို အသုံးချခံစက်ယန္တယားအဖြစ်ပဲ သဘောထားကြတယ်လေ။

CDM စိတ်ဓာတ်က အလွန်အရေးကြီးပါတယ်။ ဒီစိတ်ဟာ တကယ့်မြင့်မြတ်တဲ့စိတ်၊ ဓမ္မကို တန်ဖိုးထားတဲ့စိတ်၊ ပါရမီမြောက်တဲ့စိတ်ပါပဲ။ ဒီတော်လှန်ရေးရဲ့ အရေးကြီးဆုံးလက်နက်လို့တောင် ပြောရပါမယ်။ အာဏာသိမ်းပြီးအတော်ကြာ PDF လေးတွေ စလှုပ်ရှားလာတော့ ဘုန်းကြီးတပါးနဲ့ စကားများရပါတယ်။ သူက ဒီတော်လှန်ရေး ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။ စစ်တပ်ကို ဘယ်သူမှ မနိုင်ဘူးပေါ့လေ။ ဘုန်းကြီးတို့ စိတ်ဓာတ်မျိုးဆိုရင်တော့ ဘယ်နိုင်မလဲလို့ ပြန်ပြောတော့ ဘာစိတ်ဓာတ်လဲတဲ့။ CDM လုပ်ရဲတဲ့စိတ်လို့။ နေစရာပျောက်မှာ၊ စားစရာပျောက်မှာ၊ ဒုက္ခမျိုးစုံရောက်မှာသိရက်နဲ့ CDM လုပ်ခဲ့ကြတာ၊ လူငယ်ဘဝ အလွန်ခုံမင်စရာကောင်းတဲ့ကျောင်းကို ကျောခိုင်းပြီးကျောင်းသားတွေ ကျောင်းမတက်ကြဘဲ စစ်မြေပြင်ကို ထွက်သွားကြတာတွေဟာ အလွန်ခိုင်ကြည်လေးနက်တဲ့အကြောင်း။ အဲဒီစိတ်ဟာ အလွန်အားကြီးကြောင်း။ အားကြီးပုံကို ကိုယ့်စိတ်နဲ့ ယှဥ်ကြည့်နိုင်ကြောင်း။ ဘုန်းကြီးဟာ အနီကို လုံးဝ လက်မခံနိုင်ပါရက်နဲ့ ကျောင်းရှေ့မှာ အနီအလှူ ငါ မယူလို့ စာချိပ် သပိတ်မမှောက်ရဲကြောင်း။ အနီသာ မကြိုက်တာ အနီလာလှူတာကျ ကြိုက်နေကြောင်း။ အဲသလို အချောင်သမားခွစားစိတ်ဓာတ်ရှိတဲ့ဘက်ကို မနိုင်စရာ ဘာမှမရှိကြောင်း ပြောဖြစ်တယ်။ ဘယ်မဘသဘုန်းကြီးမှ အနီအလှူ ငါမယူသပိတ်မရှိဘူးလေ။

အဲလိုပါပဲ မဘသအနီမုန်းဆရာလေးတပါးနဲ့လဲ ပြောဖြစ်ပါတယ်။ ဆရာလေး ဆွမ်းဆန်ခံရင် အနီလား၊ အစိမ်းလား မေးပြီး၊ အနီ့ဆွမ်းဆန် ငါမခံ၊ အနီ့ပိုက်ဆံ ငါမခံဆိုပြီး ရပ်ပေါ့ဆိုတော့ အဲလိုလုပ် ငတ်သွားမှာပေါ့တဲ့။ အဲသမှာ သူနဲ့လဲ အနီတွေရဲ့ CDM စိတ်ဓာတ်အကြောင်း ဆွေးနွေးဖြစ်တယ်။ ဘုရားဖြစ်ရင် အဲလိုလူတွေပဲဖြစ်မှာ၊ ဘုရားဆုပန်ရင်လည်း သူတို့ပဲ နီးစပ်မှာလို့။ သူတို့ပဲ ဓမ္မကို မြတ်နိုးရဲတာ ဆရာလေးရေလို့။

တကယ်တော့ မဘသဘုန်းကြီးနဲ့ မယ်သီလတွေဟာ ဘာမှ အနစ်နာမခံရဲပုံထောက်တော့ စစ်အုပ်စုကို တကယ်ကြိုက်တာတော့ မဟုတ်ဘူး။ အနေချောင် အစားချောင်မယ်ထင်လို့ မင်နေတာသာ ဖြစ်တယ်။ အာဏာပိုင်စိုးသူတွေနဲ့ ဆက်ဆံပတ်သက်ချင်တာသာ ဖြစ်တယ်။ အာဏာပိုင်သူတွေနား သူဌေးသူကြွယ်တွေကလဲ များတာကိုး။ သူဌေးသူကြွယ် ဆိုတာကလဲ စီးပွားရေးလုပ်ငန်းကရှိတော့ အာဏာပိုင်ကို ဆန့်ကျင်သူတွေနား မလာကြဘူးလေ။ အဲဒီတော့ အာဏာရှင်ကို မှီရတဲ့ ဘုန်းကြီး မယ်သီလများဟာ အာဏာရှင်နား သွားရတာဆိုတော့ အာဏာရှင်ရဲ့ ခွင်ထဲဝင်သွားပြီး အဲသည်မှာ နိုင်ငံရေးပါ နားပါးမလည်တော့ အသုံးချခံတွေဖြစ်၊ တဖြည်းဖြည်းနဲ့ ခြေကျွံလက်ကျွံ နစ်ပါလေရော။ နောက်တခုက အာဏာရှင်ရဲ့ ထောက်လှမ်းရေးတွေဟာ အဲဒီ ဘုန်းကြီး မယ်သီလတွေရဲ့ အားနည်းချက်တွေ၊ ပြစ်မှုတွေကို အကုန်သိတော့ ချုပ်မိနေကြတာလည်း ပါတယ်။

အဲသလိုပါပဲ၊ ကြံ့ဖွတ်လေးတွေလဲ အတူတူပါပဲ။ ဘာမှ ခိုင်မာတဲ့ယုံကြည်ချက် မရှိကြပါဘူး။ တကယ်တော့ ယုံကြည်ချက်ဆိုတာ ဉာဏ်ပညာက လာတာလေ။ သူတို့က ယုံကြည်မှုသာ ဖြစ်တယ်။ ယုံကြည်ချက် မဟုတ်ဘူး။ ယုံကြည်မှုဟာ ဘလိုင်းတွေ ကျတဲ့ ချောက်ပဲ။ မျက်မြင်တွေ့ကြုံနေတာတွေအရ ကိုယ့်ယုံကြည်မှု မှားနေပြီလို့ နားလည်ပေမယ့်၊ ကိုယ့်အသက်ကိုပါ စတေးခိုင်းနေပြီလို့ သိပေမယ့်၊ ကိုယ့်မိသားစုဘဝတွေပါ ပေးဆပ်နေရပြီလို့ သဘောပေါက်ပေမယ့် ဉာဏ်ပညာမရှိတော့ အဲဒီချောက်ထဲကလည်း ဘယ်လို ပြန်တက်ရမှန်းမသိကြဘူး။ စစ်သားတွေလည်း အဲသလို အခြေအနေမှာ ရှိနေကြပါတယ်။ ဒါပေမဲ့ ခွေးဆိုတာ ချောင်ပိတ်မိရင်တော့ ဗီဇစိတ် ရုတ်ခနဲကြွပြီး အသက်ဘေးက ရုန်းထွက်အား အလိုလိုပေါ်လာ ပြန်ကိုက်တတ်ကြပါတယ်လေ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar