Breaking News

တလွဲစီမံခန့်ခွဲမှုတွေနဲ့ လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံ


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၃၁ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၃


တလွဲစီမံခန့်ခွဲမှုတွေနဲ့ လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံ

မြို့တွေက ရပ်ကွက်တွေ ဈေးတွေမှာ လူတွေ တန်းစီနေကြတဲ့ မြင်ကွင်း၊ သက်ဆိုင်ရာ လုပ်ငန်းရှင် ကုန်သည်အသင်းတွေက သက်သာတဲ့ ဈေးနှုန်းနဲ့ ဆန်၊ စားအုန်းဆီတို့ကို ရောင်းချပေးလို့ ရပ်ကွက်တွေက အိမ်ရှင်မတွေ မိသားစုဝင်တွေ လက်ထဲ ရေသန့်ဘူးလွတ်လို၊ ဆီပုံးအလွတ်လို ကိုင်ပြီးတန်းစီနေကြတဲ့ မြင်ကွင်းတွေက ဆယ်စုနှစ်နဲ့ချီ မြင်တွေ့လာခဲ့ရတဲ့ မြင်ကွင်းတွေဖြစ်ပြီး အချို့သောကာလတွေမှာ သိပ်မတွေ့ရပေမယ့် လုံးလုံးလျားလျား ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ အလားတူ မြင်ကွင်းတွေက ခပ်စိပ်စိပ် ပြန်မြင်တွေ့လာရပြီး ခုနှစ်ထဲမှာတော့ ပိုပြီးတွေ့လာရပြန်ပါတယ်။ စားသောက်ကုန်ပစ္စည်းတွေ ဈေးမြင့်တက်ရခြင်းဟာ ဝိသမ လောဘကြီးတဲ့ ကုန်သည်တွေကြောင့်လို့ဆိုတဲ့ ဇာတ်လမ်းကိုလည်း အခုတပြန် ကျယ်ကျယ်လောင်လောင် ကြားကြရပြန်ပါတယ်။ 

မြန်မာနိုင်ငံက တလွဲစီမံခန့်ခွဲမှုတွေက ခေတ်အဆက်ဆက် ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံအာဏာ ကို ရယူထားသူတွေရဲ့ တလွဲစီမံခန့်ခွဲမှုတွေကြောင့် ဖြစ်ရတဲ့ အကျိုးဆက်ဖြစ်တဲ့ စီးပွားရေး ကမောက်ကမဖြစ်မှုတွေကို တရားခံရှာတဲ့ အနေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေကို အပြစ်ပုံချလေ့ရှိတာ ရှည်ကြာလှပြီဖြစ်တဲ့ ဇာတ်လမ်းဟောင်း တပုဒ်သဖွယ် ဖြစ်ပါတယ်။ 

မဆလ အစိုးရလက်ထက်၊ စစ်တပ်က အုပ်ချုပ်တဲ့ နဝတ၊ နအဖ လက်ထက်တွေမှာလည်း အခုလို ကုန်ဈေးနှုန်း ကျဆင်းရေးကော်မတီ၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီတို့ ဖွဲ့စည်းခဲ့သလို သမဝါယမဆိုင်တွေမှာ၊ ဈေးတွေ၊ ရပ်ကွက်လမ်းတွေမှာ ဆီ၊ ဆန်၊ အသား၊ ငါးတွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချတယ်ဆိုတာမျိုး ဟန်ပြလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘောဂဗေဒ သဘောတရားမှာ ရှိပြီးဖြစ်တဲ့ ဝယ်လိုအား၊ ရောင်းလိုအား၊ လွတ်လပ်တဲ့ ပြိုင်ဆိုင်မှု၊ လက်သင့်ရာ လုပ်ခွင့်ပေးပြီး အခြားသူတွေကို ပိတ်ထားတဲ့ ခရိုနီလုပ်ထုံးလုပ်နည်းတွေ ဖယ်ရှားတာ၊ လွယ်ကူရှင်းလင်းတဲ့ သွင်းကုန်၊ ပို့ကုန် လုပ်ငန်းစဥ်တွေ အပိုင်းကို မူဝါဒ ပြောင်းလဲတာ၊ ရေရှည်ပြေလည်အောင် ဖြေရှင်းတာ စတဲ့ ကိုင်တွယ်ဖြေရှင်းရမယ့် အရာတွေကို မလုပ်ဆောင်လိုတဲ့အချက်ကြောင့် အထက်က သာဓကပြခဲ့သလို လုပ်ငန်းရှင်တွေ၊ ဈေးကစားသူတွေရဲ့ ပယောဂကြောင့် ကုန်ပစ္စည်းတွေ ဈေးတက်ရတယ် ဆိုတဲ့ ဇာတ်လမ်းသွားကို လူထုအကြား ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ 

လမ်းတွေမှာ စားအုန်းဆီ ၅၀ သားလောက် ဝယ်ယူခွင့်ရဖို့ရာအတွက် နေပူထဲ၊ မိုးရွာထဲ မိနစ်နဲ့ချီ နာရီနဲ့ချီ တန်းစီရတဲ့ မြင်ကွင်းတွေက နေ့စဥ် မြင်ကွင်းတွေလို ဖြစ်လာပြီး အခုရက်ပိုင်းမှာတော့ စားအုန်းဆီ လုပ်ငန်းရှင်အသင်းက ဥက္ကဋ္ဌနဲ့ အချို့သော စားအုန်းဆီ တင်သွင်းသူတွေကို စသုံးလုံးလို့ခေါ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးက ဖမ်းဆီးမေးမြန်းနေတယ် ဆိုတဲ့ သတင်းယမန်နေ့က ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ စားအုန်းဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းဟာ နဝတ၊ နအဖ ခေတ်တလျှောက်လုံး အမြတ်ငွေ ပုံသေရတဲ့ လိုင်စင်စီလို လုပ်ငန်းတခုဖြစ်ခဲ့ပြီး ပြည်ပမှ တင်သွင်းခွင့်ကို စစ်တပ်ပိုင် ဦးပိုင်နဲ့ တွဲဖက်လျှက် ထူးကုမ္ပဏီက အခွင့်ထူးခံစားရခဲ့တာ ဖြစ်ပါတယ်။ 

လူထုအနေနဲ့ စားအုန်းဆီ၊ ဆန်ဝယ်ယူခွင့်ရဖို့ အတွက် တန်းစီရတဲ့ အဖြစ်မျိုးက လူ့ဂုဏ်သိက္ခာကိုလည်း တစိတ်တပိုင်း ထိခိုက်စေတဲ့ပြဿနာ ဖြစ်ပါတယ်။ 

လက်ရှိ စစ်ကောင်စီလက်ထက်မှာ စစ်လက်နက်ပစ္စည်းဝယ်ယူဖို့အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေကို ချွေတာဖို့ရာ စားအုန်းဆီ၊ လောင်စာဆီ တင်သွင်းတာတွေကို လျော့ချဖို့ အသည်းအသန် ကြိုးစားနေတာ ကြောင့် ဝယ်လိုအားနဲ့ တင်သွင်းမှု မမျှလို့ ကုန်ဈေးနှုန်းတက်တာ၊ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ငွေတန်ဖိုး ကျပြီး ကုန်စျေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ အဲဒါအပြင် လွတ်လပ်တဲ့ ပြိုင်ဆိုင်မှုတွေ မရှိတာ၊ သွင်းကုန် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ခက်ခဲအောင် လုပ်ဆောင်နေထားတာတွေကြောင့် ကုန်စျေးနှုန်း မြင့်တက်ရတာတွေ ဖြစ်ပါတယ်။ ဆန်စျေးနှုန်းမြင့်တက်ရတဲ့အကြောင်းတွေမှာ ဆန်စပါးစိုက်ပျိုးတဲ့ စစ်ကိုင်းတိုင်းရဲ့ ဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေခြင်း၊ လက်နက်ကိုင် တိုက်ပွဲတွေ၊ ရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ သတ်ဖြတ်မှုတွေကြောင့် လုပ်သားအင်အားတွေ ပြည်ပကို ထွက်ခွာကုန်ကြတာကြောင့် ထုတ်လုပ်နိုင်စွမ်း လျော့ကျလာခြင်းကလည်း ဆန်စျေးနှုန်း မြင့်တက်စေတဲ့ အကြောင်းတချက်ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ နေရာနဲ့ ကုန်စည် ဖြန့်ချိတဲ့နေရာ၊ စားသုံးသူတွေထံ ပို့ဆောင်တဲ့နေရာတွေအကြား သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာ၊ ပိတ်ဆို့မထားရင်တောင်မှ အခွန်အကောက်တွေ တိုးမြှင့်ကောက်ခံလာကြတာတွေကလည်း ဆန်နဲ့အခြားသော စားသောက်ကုန်တွေ စျေးမြင့်တက်ရခြင်း အကြောင်းအချက် တခုဖြစ်နေပြန်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေ အခုလတ်တလော ရင်ဆိုင်နေရတဲ့ အခြေခံ စားသောက်ကုန်တွေ စျေးနှုန်းမြင့်တက်ရခြင်းမှာ အထက်က အကြောင်းအရင်းတွေ ပေါင်းဆုံနေတာလို့ ဆိုရင် မမှားပါဘူး။ ဒီအကြောင်းအရင်းတွေထဲက မူဝါဒဆိုင်ရာ၊ အကျိုးစီးပွားဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ ဒေသလုံခြုံရေး ဆိုင်ရာ စတဲ့ အကြောင်းတွေကို မဖယ်ရှားနိုင်ခဲ့ရင် ကုန်စျေးနှုန်း ကျဆင်းစရာ အကြောင်းမရှိပါဘူး။ 

လတ်တလော သွင်းကုန်လုပ်ငန်းရှင်၊ ဖြန့်ချိရေး လုပ်ငန်းရှင်တွေကို ဖမ်းဆီးပြပြီး ခေတ္တခဏ စျေးနှုန်းကျသလို ဖြစ်တဲ့ လက္ခဏာပေါ်ကောင်း ပေါ်လာနိုင်ပါတယ်။ သို့သော် ကုန်စျေးနှုန်းတည်ငြိမ်ဖို့ ဆိုတဲ့ ရည်မှန်းချက်ကတော့ ဘယ်လိုမှ ရောက်ရှိနိုင်မှာ မဟုတ်တာသေချာပါတယ်။ 

မြန်မာနိုင်ငံက စားသုံးသူတွေ အတွက်တော့ အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့ကျလာနေချိန်၊ ဝင်ငွေနည်းပါးလာချိန်မှာ ကုန်ဈေးနှုန်းတွေက မြင့်တက်ပြီး ဝယ်ယူရ ခက်ခဲလာတာလည်း ဖြစ်ပါတယ်။ ဓါးသွားနှစ်ဖက်ရှိတဲ့ အကြားမှာ ခံစားနေကြရတဲ့ ပြည်သူတွေရဲ့ ဘဝက ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ နေအိမ် မီးရှို့ခံရမှုတွေနဲ့စာရင် ကုန်စျေးနှုန်းကြီးမြင့်မှုက တော်သေးတယ်လို့ ဆိုရပေမယ့် ဒီလို ဝမ်းဝရေး အကျပ်အတည်းကလည်း လူထုအနေနဲ့ နေ့စဥ်ခံစားနေရတာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်၊ လူထုရဲ့ ကောင်းမွန်စွာ ရှင်သန်နေထိုင်ရေးထက် အာဏာကို ချုပ်ကိုင်ထားရေးဆိုတဲ့ အာဏာရှင်စနစ်တွေရဲ့ အကျိုးရလဒ်သာ ဖြစ်တယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar