Breaking News

ဝင်းမြင့် - အေဆေ့လေး သို့ ...

အေဆေ့လေး သို့ ... 
ဝင်းမြင့်
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၃

ဟိုးအဝေး မိုင်တိုင် ၆၀၀ ကျော်
တောင်တန်း နဲ့ မြစ်ကမ်း 
နှင်းမြူ နဲ့  လွင်ပြင် အနီးက
ကျောင်းဆရာမလေးရေ ။

နှင်းတွေ ပြန်ရောက်လာရင်
သစ်သီးတွေ အချိုရည်ကဲပြီး
ဒေသတခုလုံး သစ်သီးရောင်တွေ ဖုံးလို့
ပို့သလိုက်သော မေတ္တာမှာ
ပို့သလိုက်သော သစ်သီးခြင်းများလည်း
ရရှိခဲ့
သို့သော် ဒီနှစ်တော့ လမ်းပမ်းဆက်သွယ်ရေးတွေက ကြန့်ကြာ
လမ်းစရိတ်တွေက ကြီးမားလွန်းလို့
ဒီလိုတော့ဖြင့် တကူးတက မပို့စေချင်
သို့သော် ပို့ခဲ့ပြီးသော သစ်သီးများက
ဒီနှစ်အထိ ချိုမြိန်ပြီး
တောက်ပရွှန်းစိုသော သစ်သီးအရောင်များက
ဒီနေ့အထိ ဝင်းဝါ မွှေး ကြူဆဲ
နေထိုင်ကောင်း ရှင်သန်နေတာကိုပဲ
ပြန်လည်တွေ့ရလို့ ကြည်နူးဝမ်းသာ
ပီတိဖြစ်ရပါကြောင်း
မိုးတွေ မစဲခင် သတိရမိပါရဲ့ 
ကျောင်းဆရာမလေးရေ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar