Breaking News

တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေ ၆၀ ရာနှုန်း ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုသည့်အချက်နဲ့ ဆက်စပ်၍

မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၉ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၃


တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေ ၆၀ ရာနှုန်း ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုသည့်အချက်နဲ့ ဆက်စပ်၍ 

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ရဲ့ ယာယီသမ္မတ ဒူးဝါးလရှီးလ က Bloomberg သတင်းဌာနက မေးမြန်းမှုကို ဖြေဆိုရာမှာ နိုင်ငံရဲ့ ဧရိယာ ၆၀ ရာနှုန်းကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီဘက်က ၁၇ ရာနှုန်းသာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ ပြောဆိုလိုက်ပါတယ်။ တော်လှန်ရေး အင်အားစုတွေလို့ ဆိုတဲ့အထဲ ဘယ်လိုလက်နက်ကိုင်အဖွဲ့တွေကို ထည့်သွင်းတွက်ချက်ထားသလဲ ဆိုတာတော့ တိတိကျကျ ရည်ညွှန်းပြောဆိုမထားပါဘူး။ စစ်အာဏာသိမ်းပြီး နောက်ပေါ်ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကို ရည်ညွှန်းတာလို့တော့ ယေဘုယျအားဖြင့် နားလည်နိုင်ပါတယ်။ သို့ပေမယ့် NUG ကိုလည်း အတိအလင်း ထောက်ခံမှု မရှိတဲ့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ရှိတာမို့လို့ ဘယ်အဖွဲ့တွေကို တော်လှန်ရေး အင်အားစုတွေလို့ ထည့်သွင်းသတ်မှတ်ရေတွက်သလဲ ဆိုတာ မရှင်းလင်းတဲ့ သဘောဖြစ်ပါတယ်။ 

နယ်မြေ အနေအထားအရ ပြောရရင် ရှမ်းပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လိုမျိုး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသအချို့ စတဲ့ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထိန်းချုပ်ဧရိယာတွေရော ၆၀ ရာနှုန်းထဲ ပါရှိသလားဆိုတာ ဆန်းစစ်ကြည့်တဲ့ သဘောဖြစ်ပါတယ်။ အခုလို ၆၀ ရာနှုန်း ရှိပြီလို့ ပြောဆိုချက်ဟာ လက်နက်ကိုင် လှုပ်ရှားမှုထဲ ပါဝင်နေတဲ့ သူတွေအတွက်တော့ စိတ်ဓါတ်အင်အား တက်ကြွဖွယ်ရာ ပြောဆိုချက် တခုဖြစ်မှာအမှန်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်တွေ ဆုတ်ပေးနေရပြီဆိုတဲ့ အဓိပ္ပာယ်၊ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ ဧရိယာ တဖြည်းဖြည်းလျော့နည်းလာနေပြီ ဆိုတဲ့ အဓိပ္ပာယ်ဆောင်တာကြောင့် စိတ်အားတက်ကြွစရာ၊ မကြာခင်မှာ လက်နက်ကိုင် နည်းနဲ့ စစ်ကောင်စီကို ဖြုတ်ချနိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပိုမိုအားကောင်းလာတဲ့ သဘောဖြစ်ပါတယ်။ 

တဖက်မှာလည်း လက်နက်ကိုင် တိုက်ပွဲတွေ ကျယ်ပြန့်လာခြင်း၊ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာခြင်းနဲ့ အတူ စစ်ဘေးဒုက္ခသည်၊ ထိခိုက်သေဆုံးမှု၊ နေအိမ်တွေ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း မလုပ်ကိုင်နိုင်ကြတော့တဲ့ အတွက် စားနပ်ရိက္ခာ မလုံလောက်မှု၊ အုပ်ချုပ်ရေး တရားဥပဒေ စိုးမိုးရေး မရှိတော့သလို ဖြစ်လာနေတဲ့အတွက် တိုးပွားလာနေတဲ့ ရာဇဝတ်မှုတွေ နဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ ပိတ်ဆို့မှုတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေ အတွက် ကောက်ခံတဲ့ အခွန်အကောက်တွေကို ထမ်းပိုးထားကြရတဲ့ အကျိုးသက်ရောက်မှုတွေလည်း တပြိုင်နက်တည်း များပြားလာနေတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲထဲ ပါဝင်တိုက်ခိုက်နေသူတွေ အနေနဲ့တော့ အောင်ပွဲ၊ ရည်မှန်းချက်ပန်းတိုင် ရောက်တော့မှာဖြစ်လို့ လူထုအနေနဲ့ ဒီဒုက္ခတွေကို ခေတ္တသည်းညည်းခံကြဖို့ ပြောဆိုကောင်း ပြောဆိုမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေဘက်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ အမျိုးမျိုး ကွဲပြားနေတဲ့ စိန်ခေါ်မှုတွေလည်း တပြိုင်နက်တည်း ရှိနေကြတာ ဖြစ်ပြီး လက်နက်ကိုင် တိုက်ပွဲရဲ့ အပြီးသတ်အောင်ပွဲ မရခင် ကာလတွေအကြား နိုင်ငံရေးအရ စုစည်းမှု၊ စစ်ရေးအရ စုစည်းမှု ပေါ်ထွက်လာဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာဟာ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ ပြဿနာ တခုတည်း မဟုတ်တာကိုလည်း နားလည်သဘောပေါက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာ တည်ရှိလာတဲ့ ပြည်တွင်းစစ်ရဲ့ အကြောင်းခံ အချက်တွေမှာ ဖက်ဒရယ် ပြဿနာ၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး စတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်ပန်းတိုင် နဲ့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် တော်လှန်မှုတွေလည်း ရှိနေတာကို သတိပြုဖို့လိုအပ်မှာ ဖြစ်ပါတယ်။ 

တခုမကတဲ့ ပြဿနာအပေါ်အခြေခံခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အနေအထားမှာ အဖြူအမဲ ခွဲခြားဖို့ မလွယ်ကူတာ၊ အခြေအနေနဲ့ အနေအထားပေါ်မူတည်ပြီး မဟာမိတ်၊ ရန်သူ၊ ကြားနေသူ ဆိုတဲ့ ချိန်ခွင်လျှာ ပြောင်းလဲနိုင်မှုတွေလည်း ရှိနေတာကို သဘောပေါက် နားလည်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ 

 လက်နက်ကိုင် တိုက်ပွဲနည်းလမ်းက အဆုံးသတ် အောင်ပွဲရသည်အထိ ကိုင်စွဲရမယ့် နည်းလမ်းလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီအခြေအနေအောက်မှာ လူထု အနေနဲ့ ပါဝင်လိုက်ပါနေရတဲ့ အနေအထားမှာ လူထုရဲ့ ပါဝင်နိုင်မှု၊ အသက်ရှင်သန် နေထိုင်နိုင်မှုကိုလည်း တတ်နိုင်သမျှ ထည့်သွင်းတွက်ချက်ပြီး ရှေ့ဆက်လှမ်းကြဖို့ လိုအပ်မှာ အမှန်ပဲဖြစ်ပါတယ်။ ဆယ်စုနှစ် ၇ ခုကျော်ကြာလာတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ အတွေ့အကြုံရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ ဒီလို ရေချိန်မျိုးကို နားလည်သဘောပေါက်ကြတာ တွေ့ရပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ သူတို့ရင်ဆိုင်ရတဲ့ လက်နက်ကိုင် အဖွဲ့က တဖွဲ့ချင်း ယှဥ်ရင် အင်အားအပြတ်အသတ် သာလွန်တဲ့ လက်နက်ကိုင် အဖွဲ့ကို ယှဥ်ရတာကြောင့် ရေရှည် မဟာဗျူဟာမျိုး ချမှတ်ကာ ရှင်သန်အောင် ကြိုးစားရပ်တည်ကြတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ NUG အစိုးရ အနေနဲ့တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မတူကွဲပြားတဲ့ ဗဟိုအာဏာလိုမျိုးကို ရည်မှန်းချက်ပန်းတိုင်ထားပြီး လက်နက်ကိုင် တိုက်ပွဲကို ဆင်နွှဲတာဖြစ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မတူညီတဲ့ နည်းလမ်းမျိုး စဥ်းစားတွေးခေါ်မှုမျိုး ရှိကောင်းရှိနိုင်ပါတယ်။ 

အချုပ်ဆိုရရင် ဗဟိုအာဏာကို ရယူဖို့ ပန်းတိုင်အဖြစ်ထားရှိတဲ့ NUG  အစိုးရ အနေနဲ့ ဗမာလူမျိုးတွေ နေထိုင်တဲ့ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို စုစည်းနိုင်ဖို့ အချက်က အဓိကကျတဲ့အချက်က ပထမအရေးကြီးလိုအပ်ချက် တခုဖြစ်သလို တိုင်းရင်းသားဒေသတွေမှာ ထိန်းချုပ်ထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း ဒုတိယအရေးကြီးဆုံး လိုအပ်ချက် ဖြစ်တယ်ဆိုတာ သဘောပေါက် နားလည်ဖို့ လိုအပ်တာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar