စစ်ကောင်စီကို စစ်ကြေညာသည့် နှစ်နှစ်ပြည့်ကာလ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၇ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၈ ၊ ၂၀၂၃
စစ်ကောင်စီကို စစ်ကြေညာသည့် နှစ်နှစ်ပြည့်ကာလ
၂၀၂၁ ခုနှစ် သင်္ကြန် နှစ်ဆန်း ၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းခဲ့ပြီး နောက် အဲဒီနှစ်မေလမှာပဲ ပြည်သူ့ကာကွယ်ရေးတပ် PDF ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြီးနောက် ၅ လခန့်အကြာ စက်တင်ဘာ ၇ ရက်နေ့မှာတော့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ယာယီသမ္မတက တနိုင်ငံလုံး လက်နက်ကိုင် တော်လှန်ကြဖို့ နှိုးဆော်ခဲ့ပါတယ်။ အဲဒီနေ့ကို အရပ်အခေါ် အဝေါ် အားဖြင့် D-Day လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အနောက်ဘက်စစ်မျက်နှာ အတ္တလန်တိတ် သမုဒ္ဒရာကနေ နာဇီဟစ်တလာ တပ်တွေ သိမ်းထားတဲ့ ပြင်သစ်နိုင်ငံကို ပြန်လည်သိမ်းယူဖို့ စတင်တဲ့ရက် D-Day လို့ခေါ်ဆိုကြတာကို တင်စားပြီး အရပ်ခေါ် D-Day လို့ ခေါ်ဆိုကြတဲ့ သဘောလို့ ယူဆရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေကို လက်နက်အင်အားသုံးပြီး သေနတ်တွေ၊ နံပါတ်တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ အကျဥ်းထောင်တွေ နဲ့ တုံ့ပြန်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ကို လူငယ်တွေက လက်နက်ကိုင် တိုက်ခိုက်ဖို့ လမ်းကြောင်းကို ရွေးချယ်ခဲ့ကြပါတယ်။ မြို့တွေ၊ ကျေးလက်တွေက လူငယ်တွေ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီမှာ လက်နက် အသုံးပြုနည်း၊ စစ်ပညာ သင်ယူပြီးမြို့တွေမှာ ပြောက်ကျားစနစ်နဲ့ ပြန်လည် ဖောက်ခွဲ၊ လုပ်ကြံသတ်ဖြတ်ကြတဲ့ လမ်းကြောင်းမျိုးလည်း ရှိသလို နယ်စပ်ဒေသတွေမှာ လက်နက်ကိုင် အဖွဲ့တွေထဲ ဝင်ရောက်ပြီး ပြောက်ကျားစစ်ပွဲ၊ နေရာယူစစ်ပွဲ ဆင်နွှဲကြဖို့ ရည်ရွယ်ပြီး လက်နက်ကိုင် တိုက်ခိုက်ကြသူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အချို့သောဒေသတွေ ဖြစ်တဲ့ အညာဒေသကတော့ ကိုယ့်ဒေသမှာတင် ကိုယ့်ရပ်ရွာမှာတင် လက်နက်ကိုင် တပ်ဖွဲ့၊ ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းလိုက်ကြပြီး မိမိတို့ နေအိမ်၊ ကျေးရွာမှာနေရင်း လက်နက်ကိုင် တိုက်ခိုက်ကြတဲ့ ပုံစံ အသွင်သဏ္ဍာန်လည်း စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တို့မှာ ပေါ်ထွက်လာခဲ့ပါတယ်။
အဲဒီလို လက်နက်ကိုင် လှုပ်ရှားမှု စတင်ခါစ အချိန် လက်နက်စုဆောင်းနေဆဲ လူအင်အားစုဆောင်းနေဆဲ အချိန်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG D-Day ခေါ်သံကို ခေါ်ခဲ့တာဖြစ်ပါတယ်။ D-Day ခေါ်ခဲ့တဲ့ အချိန်ကာလ မှန်သလား မမှန်သလားဆိုတဲ့ အချက်က အချိန်ကာလ အကွာအဝေး တခုရောက်တဲ့အခါ သမိုင်းအချက်အလက်တွေ ဆက်စပ်သုံးသပ်ဖို့ ပေါ်ထွက်လာတဲ့အခါမှာ သမိုင်းအနေနဲ့ ရေးသားကြပါလိမ့်မယ်။ သို့ပေမယ့်လည်း အခု ၂ နှစ်တာရောက်ချိန်မှာ ရရှိသမျှ မြင်နေကြားနေရသမျှ အခြေအနေ အချက်အလက်နဲ့ ရလဒ် တနည်းအားဖြင့် အောင်မြင်မှုကို အကြမ်းသုံးသပ်ကြည့်ခွင့်ရှိသလို သုံးသပ်သင့်တယ်လို့လည်း ထင်မြင်မိပါတယ်။ ဒါမှသာ နောက်ထပ်ဘယ်လို ခရီးဆက်ကြမလဲ၊ ဘယ်လို ဗျူဟာ၊ ဘယ်လိုနည်းနာတွေ ကျင့်သုံးကြမလဲ ဆိုတာ ဆက်စပ်ဆုံးဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။
စစ်ရေးနည်းလမ်းနဲ့ စစ်အာဏာရှင် စနစ်ကို ဖယ်ရှားကြမယ် ဆိုတဲ့ အချက်က ဘယ်သူမှ အငြင်းပွားစရာမရှိတဲ့ နိုင်ငံရေး ဘုံသဘောတူညီချက် တခုလည်းဖြစ်ပါတယ်။ သို့ပေမယ့် စစ်အာဏာရှင် စနစ်လို့ဆိုဆို အခုအာဏာရယူထားတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကို နိုင်ငံရေး အာဏာကရော စစ်တပ်တတပ်အဖြစ်ကပါ အနိုင်ယူဖယ်ရှားနိုင်ခဲ့ပြီဆိုရင် ဘယ်လို အုပ်ချုပ်ပုံစနစ်နဲ့ သွားမလဲဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက် နဲ့ပတ်သက်လို့ လက်နက်ကိုင် အဖွဲ့တွေအကြား ဘုံသဘောတူညီချက် ရှိလားဆိုတဲ့ မေးခွန်းကလည်း အရေးပါတယ်လို့ မြင်မိပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ သို့မဟုတ် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ကိုသွားမယ်လို့ တကြောင်းထဲ ပြောဆိုနိုင်တာ မှန်ပေမယ့် အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရဲ့ ဖွဲ့စည်းပုံ၊ တိုင်းရင်းသား ပြည်နယ်တွေနဲ့ ဗမာတွေ နေထိုင်ကြတဲ့ တိုင်းတွေက အခွင့်အရေး တူညီမှုမှာ ဘယ်လိုရှိမလဲ၊ သယံဇာတ ခွဲဝေမှုမှာ ဘယ်လိုရှိမလဲ၊ စစ်တပ်ပြည်လည် ဖွဲ့စည်းရာမှာ ဖက်ဒရယ်တပ်မတော်ကို ဘယ်လို အသွင်သဏ္ဍာန်နဲ့ ဖွဲ့စည်းကြမလဲ၊ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား အာဏာခွဲဝေမှု ပုံစံ အသေးစိတ် စတဲ့ နိုင်ငံရေး ဆိုင်ရာ သဘောတူညီမှုတွေ ရှိနေကြပြီလား ရယူထားပြီလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။
ဒီအပိုင်းတွေက NUCC လို့ခေါ်တဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ အခန်းကဏ္ဍတွေ ဖြစ်ပါတယ်။
NUCC က ဇတ်ပွဲမှာ အစပိုင်းမှာ တခန်း နှစ်ခန်း ထွက်ကပြီးနောက် အခုနောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့ အခန်းကဏ္ဍပျောက်သွားသလောက် ဖြစ်ပြီး နိုင်ငံရေးဦးဆောင်မှုအရ၊ မူဝါဒရေးရာ အပိုင်းမှာပါ ဆက်လက် လှုပ်ရှားနေလား မနေလား မသိရတဲ့ အသွင်သဏ္ဍာန်မျိုးတွေ့ရတာ ဖြစ်ပါတယ်။ D-Day နှစ်နှစ်တာ ကာလအတွင်း နိုင်ငံရေး အရ အဆင့်ပြောင်းလဲတိုးတက်သွားတာတွေ ဘာတွေရှိသလဲ၊ ဖက်ဒရယ် ချာတာနဲ့ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့တွေအားလုံးက လက်ခံသဘောတူညီမှု ရှိနေပြီလား၊ ဘယ်လောက်ရာနှုန်းက သဘောတူပြီး ဘယ်လောက်ရာနှုန်းက သဘောတူညီမှု မရသေးတာလဲ စတဲ့ အချက်တွေလည်း ခုအချိန်မှာ ပြန်သုံးသပ်ဖို့ လိုအပ်သလို၊ စစ်ရေးအရ ဘယ်လောက် အောင်မြင်ခဲ့ပြီလဲဆိုတာလည်း ပြန်သုံးသပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စစ်ရေး အောင်မြင်မှုဟာ နိုင်ငံရေးအရ သဘောတူညီမှုနဲ့ ချိတ်ဆက်နေတယ်ဆိုတာလည်း မမေ့ဖို့ အရေးကြီးပါတယ်။ စစ်ရေး အောင်မြင်မှုက ရုပ်ဝတ္တုပိုင်း ဖြစ်တဲ့ ရံပုံငွေ၊ လက်နက်၊ လူအင်အား အပေါ်မှာလည်း အခြေခံသလို နိုင်ငံရေးအရ စုစည်းမှုရှိခြင်း၊ ရည်မှန်းချက် ယုံကြည်မှု ပန်းတိုင်တခုထည်းဖြစ်ခြင်း၊ စစ်ရေးအတွေ့အကြုံရှိခြင်း အပေါ်မှာလည်း မူတည်ပါတယ်။
ဒါ့အပြင် လက်နက်ကိုင် တပ်ဖွဲ့တွေဖွဲ့စည်းလာသည်နဲ့အမျှ တခုထည်းသော အမိန့်ပေးစနစ်အောက်ကို ဘယ်လောက်ရာနှုန်းရောက် ရှိနေပြီလဲ၊ ဘယ်လောက်ရာနှုန်းက ကျန်ရှိနေသလဲဆိုတဲ့ အချက်တွေကိုလည်း ပြန်သုံးသပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ခုချိန်မှာ တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းလို့ ခေါ်ကြတဲ့ စစ်ဒေသ ခေါ်ခေါ် စစ်တိုင်းခေါ်ခေါ် စစ်ပွဲဆင်နွှဲနေရာ အပိုင်း ၃ ပိုင်း ရှိနေပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ လက်ခံတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အခြေပြုလှုပ်ရှား၊ စိုးမိုးနေကြတယ်လို့ ဆိုနိုင်ပါတယ်။ အညာဖယ်ဒရယ်လို့ ခေါ်နေကြတဲ့ မကွေး စစ်ကိုင်းဒေသတွေမှာ လိုကယ်ကာကွယ်ရေးတပ်တွေ၊ MoD ကာကွယ်ရေးတပ်တွေ၊ NUG ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်စီးဆင်းလာတဲ့ ပြည်ထဲရေး ကာကွယ်ရေး အုပ်ချုပ်ရေးအဖွဲ့ဆိုတာတွေ ရှိနေကြပါတယ်။ ကျန်တိုင်းရင်းသားဒေသတွေ ပြည်နယ်တွေကတော့ ခုချိန်ထိ ထူးခြားတဲ့ ပြောင်းလဲမှုတွေ မထင်ရှားသေးဘူးလို့ ဆိုရမှာပါ။
ရန်သူအင်အားချိနဲ့နေခြင်း တခုထည်းနဲ့ မိမိတို့ အောင်နိုင်နေပြီလို့ ဆန့်ကျင်ဘက် ကောက်ချက်ဆွဲခြင်းထက် မိမိတို့ရဲ့ အောင်မြင်မှုကို မိမိတို့ အင်အားစုဘက်က စုစည်းမှု၊ ညီညွတ်မှုနဲ့ ရည်မှန်းချက်နဲ့ လက်တွေ့ကျင့်သုံးမှု တထပ်ထည်းကျနေခြင်း၊ လူထုရဲ့ ထောက်ခံမှု လျော့ပါးမသွားခြင်း မဆုံးရှုံးခြင်းတို့နဲ့လည်း တိုင်းတာကြည့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ရန်သူအင်အား ချည့်နဲ့လာခြင်းရဲ့ လားရာတွေမှာ ဖြစ်နိုင်ခြေတွေ တခုမက ရှိနေတဲ့အချက်ကို မမေ့သင့်ပါဘူး။ လက်နက်ကိုင် အင်အားစုတွေ ဒါဇင်နဲ့ချီရှိနေတဲ့ မြန်မာနိုင်ငံလို နိုင်ငံရေးအခြေအနေမှာ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီအင်အားချိနဲ့ခြင်းဟာ ရန်သူ ကျဆုံးခြင်းသို့ ဦးတည်တာသာဖြစ်ပြီး မိမိတို့ သွားဖို့ရည်မှန်းထားတဲ့ မျှော်မှန်းချက်ပန်းတိုင်သို့ နီးကပ်လာခြင်းနဲ့ တထပ်ထည်းမကျပဲ အခြားသော ဖြစ်နိုင်ခြေတွေ ရှိနိုင်တာလည်း စဥ်းစားပြင်ဆင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar