Breaking News

စစ်ကောင်စီရဲ့ ထိပ်တန်းဗိုလ်ချုပ်တွေအကြားက အဂတိလိုက်စားမှု



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၉ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၃


စစ်ကောင်စီရဲ့ ထိပ်တန်းဗိုလ်ချုပ်တွေအကြားက အဂတိလိုက်စားမှု 

စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအကြား အဂတိလိုက်စားမှုနဲ့ စစ်ဆေးအရေးယူမယ့် သတင်းတွေ ယခင်သီတင်းပတ်တွေကတည်းက ထွက်ပေါ်ခဲ့ပြီး အခုရက်ပိုင်းမှာတော့ အတည်ပြုနိုင်ပြီး ဗိုလ်ချုပ် အဆင့်ကနေ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်၊ ဒီထက် တိတိကျကျ ညွှန်းဆိုရရင် စစ်ကောင်စီထဲ တန်းစီဇယားမှာ နံပါတ် ၅ အဆင့်လောက် ရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီးလည်းဖြစ်သူ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အားကိုးအားထားတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ရာထူးတာဝန်တွေ ဆိုင်းငံ့ထားလိုက်ပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဘီဘီစီမြန်မာပိုင်း သတင်းထဲ ဖေ်ပြထားတာ တွေ့ရပါတယ်။ 

မကြာခင် သီတင်းပတ်တွေမှာ လူအများ လက်လှမ်းမီ သုံးစွဲကြတဲ့ ပြည်ပမှတင်သွင်းတဲ့ စားအုန်း ဆီတင်သွင်းခွင့် လိုင်စင်၊ တင်သွင်းခွင့် လိုင်စင်ချပေးရာမှာ လာဘ်ယူမှု၊ တင်သွင်းခွင့်ရတဲ့ စားအုန်း ဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေး မေးမြန်းရာကနေ မီးခိုးကြွက်လျှောက် လိုင်စင်ချပေးတဲ့ ကော်မတီဖြစ်တဲ့  ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ကော်မတီရဲ့ အတွင်းရေးမှူး ဖြစ်သူ ဗိုလ်ချုပ်ရန်နောင်စိုးဆီရောက်ပြီး နောက်တဆင့်မှာတော့ ဒီကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ စစ်ကောင်စီ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဆီ ရောက်ရှိလာတာ ဖြစ်ပါတယ်။ 

စားအုန်းဆီ ပြဿနာက ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်း ရုတ်တရက်ပြောင်းလဲလာတဲ့ အနေ အထားကနေ ကူးစက်လာတဲ့သဘောလို့ယူဆရပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ချွေတာရေး အတွက် တနှစ်ကို ပမာဏအများအပြား နိုင်ငံခြားငွေနဲ့ပေးချေတင်သွင်းရတဲ့ စားသုံးဆီ နဲ့ လောင် စာဆီ တင်သွင်းမှုတို့ကို အဓိကထားကာ လိုင်စင်ချပေးမှုကို ကန့်သတ်ခဲ့ရာက တင်သွင်းချင်သလောက် တင်သွင်းခွင့်မရတဲ့ အနေအထားနဲ့ မြင့်တက်နေတဲ့ နိုင်ငံခြားငွေ လဲနှုန်း ၂ ခုပေါင်းပြီး စားအုန်းဆီ တပိသာကို ကျပ် ၁ သောင်း ၃ ထောင်လောက်ထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံလိုမျိုးမှာ စားအုန်းဆီ ၅၀ သားကို ၁ ဒေါ်လာ ၁၅ ဆင့်လောက်နဲ့ ဝယ်လို့ရနေချိန်မှာ မြန်မာနိုင်ငံမှာ စားအုန်းဆီ ၅၀ သားကို ကျပ် ၆၅၀၀ လောက်ထိ ပေးဝယ်နေရတဲ့ အနေ အထား၊ စားသုံးဆီတင်သွင်းတဲ့ အသင်းက သတ်မှတ်စျေးက နိမ့်နေပေမယ့် အမှန်တကယ် အဲဒီစျေးနဲ့ များများစားစား မရောင်းချပဲ စျေးကွက်ပေါက်စျေး ဖြစ်တဲ့ ကျပ် ၁သောင်း ၂ထောင် ၊ ၁ သောင်း ၃ ထောင်ထိ ရောင်းချကြတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေက စားသုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်အသင်းက ဥက္ကဋ္ဌ နဲ့ လုပ်ငန်းရှင်အချို့ကို ထိန်းသိမ်းစစ်မေးရာက ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကြီးတွေ အထိ လာဘ်ယူမှုက ထင်ရှားလာတာ ဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်တွေ ကိုယ်ကျိုးစီးပွားရှာကြတာ၊ မိသားစုဝင်တွေ ကုမ္ပဏီထောင်ပြီး အခွင့်ထူးခံစားကြရတာ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ တင်ဒါတွေ ရယူကြပြီး ချမ်းသာကြွယ်ဝကြတာဟာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက် ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် နံပါတ် ၁ ဖြစ်တဲ့ မင်းအောင်လှိုင်ရဲ့ သား၊ သမီး တို့ ထောင်ထားကြတဲ့ ကုမ္ပဏီတွေက စစ်တပ်က စစ်သားတွေအရာရှိတွေရဲ့ အသက်အာမခံကို လုပ်ကိုင်ခွင့်ရထားတာ၊ အခြားသော လူသိပ်မသိတဲ့ ကုန်ပစ္စည်းတင်သွင်းမှုနဲ့ သယံဇာတတင်ပို့မှုတွေကို လုပ်ပိုင်ခွင့်ရနေတာတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီလို ဗိုလ်ချုပ်ကြီးတွေ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေနာမည်နဲ့ ကုမ္ပဏီထောင် အထူးလုပ်ပိုင်ခွင့် လိုင် စင်တွေရ၊ အထူးအခွင့်အရေးရပြီး ချမ်းသာကြွယ်ဝကြတာ ယခင် နဝတ၊ နအဖ စစ်အစိုးရ လက်ထက်ကတည်းက ဦးသန်းရွှေ၊ ဦးရွှေမန်း၊ ဦးအောင်သောင်း တို့က စလို့ ဝန်ကြီးရာထူး ယူခဲ့ကြတဲ့ ဗိုလ်ချုပ်ဟောင်းတွေ ဒါဇင်နဲ့ချီရှိတာ ဖြစ်ပြီး ဦးသိန်းစိန် လက်ထက် နဲ့ အန်အယ်လ်ဒီ လက်ထက်မှာလည်း ၄င်းတို့ရဲ့အကျိုးစီးပွားတွေ ကြီးကြီးမားမား မပျက်စီးခဲ့ကြဘဲ နောက်ထပ် တက်လာတဲ့ ဗိုလ်ချုပ်တွေက နောက်ပိုင်းအခွင့်အရေးတွေကို ယူကြတာ ဖြစ်ပါတယ်။ 

ဒီလို အစဥ်အလာရှိနေလျက်နဲ့ ဘာကြောင့် အခု ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ကော်မတီက အတွင်းရေးမှူးနဲ့ ဥက္ကဋ္ဌတို့ကို အရေးယူရတာလဲ လို့မေးစရာ ရှိလာပါတယ်။ ဒီအဖြစ်အပျက်က စားအုန်းဆီစျေး မတန်တဆ မြင့်တက်မှုကို အစဆွဲထုတ်ရာက စစ်ကောင်စီရဲ့ အားကိုးအားထားတဲ့ အကယ်၍များ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ တပ်ချုပ် ရာထူးက အနားယူခဲ့ရင် ဆက်ခံနိုင်တယ်လို့ အများကခန့်မှန်းကြတဲ့သူအထိ ကြိုးစက ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုး ဒီအနေအထားမျိုးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့ အနီးဆုံးယုံကြည်ရတဲ့သူကို ခြွင်းချက်ပေးမလား သို့မဟုတ် အရေးယူမလားဆိုတာ ဆုံးဖြတ်ရ ခက်ခဲတဲ့ အနေအထားလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဟာ အာဏာ သိမ်းပြီးနောက် အတိုက်အခံ အန်အယ်လ်ဒီအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် ဝန်ကြီးအဖွဲ့ဝင် အများအပြားကို အဂတိလိုက်စားမှု ပုဒ်မတွေ အများအပြားနဲ့ အပြစ်ပေးပြီး အကျဥ်းချခဲ့တာ ဖြစ်လို့ ဒီအနေအထားရောက်ချိန်မှာ ဒီအတိုင်း ထားလိုက်ဖို့ မဖြစ်နိုင်တော့တဲ့သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ အတိုက်အခံဖြစ်တွေကို အရေးယူတာမျိုး ပြင်းထန်တဲ့ အရေးယူမှုမျိုးမဟုတ်ပဲ ရာထူးတာဝန်တွေ အားလုံးက ထုတ်ပယ်လိုက်တာ၊ ပြစ်ဒဏ်ပေးပြီး သိပ်မကြာတဲ့ ကာလတခုမှာ လွတ်ငြိမ်းခွင့်ပေးတာမျိုး လုပ်ဆောင်တဲ့ နည်းလမ်းမျိုးရွေးချယ်ကောင်း ရွေးချယ်ပါလိမ့်မယ်။ 

တဖက်မှာတော့ မိသားစုတွေ စီးပွားရေး လုပ်ငန်းလုပ်ကိုင်တာက စစ်ခေါင်းဆောင်တွေအတွက် အပြစ်မဟုတ်ပေမယ့် လူသိရှင်ကြား ဖြစ်လာတဲ့၊ နေ့စဥ်စားသုံးမှု ကုန်စျေးနှုန်းတွေ အထိ ရိုက်ခတ်လာတဲ့ လာဘ်ယူမှုမျိုးကို သည်းမခံဘူးဆိုတာမျိုး ပြသပြီး ဂုဏ်သိက္ခာဆည်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အခုလို ထိပ်ဆုံး နံပါတ် ၅ လောက်အဆင့်ရှိတဲ့ ဒု- ဗိုလ်ချုပ်ကြီးအဆင့်လောက်ကို အဂတိလိုက်စားမှု ပုဒ်မမျိုးနဲ့ ဖမ်းဆီးအရေးယူခြင်းက စစ်ခေါင်းဆောင်တွေအကြားက စည်းလုံးမှု၊  နိုင်ငံရေးအရ ညီညွတ်မှုကိုထိခိုက်စေမလားဆိုတဲ့ဖြစ်နိုင်ချေလည်း ရှိနိုင်တာ ဖြစ်ပါတယ်။ စစ်ကောင်စီခေါင်း ဆောင် မင်းအောင်လှိုင်အနေနဲ့ အခုလို ဖမ်းဆီးဖို့အမိန့်ပေးရဲတာ အရေးယူရဲတာကိုကြည့်ရင် စစ်အုပ်စုတွင်းက လုပ်ပိုင်ခွင့်အာဏာဟာ သူ့တဦးထဲမှာ စုပုံတည်ရှိနေတဲ့သဘောလည်း သက်ရောက်ပြီး စစ်ဗိုလ်ချုပ်တွေအကြား မင်းအောင်လှိုင်ရဲ့ လက်ထဲကအာဏာနဲ့ လုပ်ပိုင်ခွင့်ကို သတိပေးလိုက်သလိုလည်းဖြစ်စေပြီး စစ်ဗိုလ်ချုပ်တွေအကြား အုပ်စုကွဲနဲ့ မင်းအောင်လှိုင်ကိုအားပြိုင်မယ့် ဖယ် ရှားမယ့် ဗိုလ်ချုပ်တွေ ပေါ်ထွက်လာမလားဆိုတဲ့ဖြစ်နိုင်ချေကတော့ ပြောဖို့ စောသေးတဲ့ အနေ အထားလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar