မောင်ဘဦး - ဗူး တစ်ရာ ပိတ်နိုင်ပါသော်ငြား...
ဗူး တစ်ရာ ပိတ်နိုင်ပါသော်ငြား...
မောင်ဘဦး
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၃
ပြေးရပြန်ပြီ။
ဒီတခါတော့ 'ဝုန်း'သံလည်း မကြား၊ 'ဒက်ဒက်ဒက်'သံလည်း မကြား။ 'မိဆင်'တို့ 'အခင်း'(ယာခင်း)နားရှိ 'ကင်း'သမားတွေက "... ခွေးတွေ လာနေဘီ..." ပြောလိုက်လို့ များလား...? ဒါလည်း မဖြစ်နိုင်။ ကင်းသမား ဆီကသာ ဆိုလျှင်၊ 'မိဆင်,'မိတင်',မိရင်',မိလွင်'တို့ 'လေးအိမ်စု' ကွက်သစ်က ညီအစ်မ'တသိုက်'အပြင်၊ သူတို့အခင်းမှာ လုပ်နေကျ 'သန်းမြ' တို့ တောင်ပိုင်းတိုက်ဆီက ပြေးကြသည့်အသံဗလံတွေကို အရင်ဆုံးကြားရပေမည်။ ခုတော့ သည်လိုမဟုတ်။
ဒါဖြင့် 'ပအဖ'ဖိုးစူတို့ဆီက သတင်း လား။ ဒါလည်း မဖြစ်နိုင်။ သူတို့ 'အနောက်ပိုင်းချောင့်' ဆီကလည်း အရင်ဆုံးပြေးကြတဲ့အသံ မကြား။
ဘာပဲဖြစ်ဖြစ်၊ ပြေးရလျှင် အဆင်သင့်ပြင်ပြီးသား အထုပ်ကို ဆွဲကာ အသံတွေကြားရာဖက်ဆီသို့ ထွက်ခဲ့သည်။ ဆိုင်ကယ်တွေ လှည်းတွေနှင့် တရွာလုံး။ 'အုန်းအုန်းးကြွက်ကြွက်' တော့ မဟုတ်၊ 'ခပ်ကြိတ်ကြိတ်, ခပ်အုပ်အုပ်' အသံများ။
'နောက်ဖေးတံခါး' မပိတ်ခဲ့မိ၊ 'အိမ်ရှေ့တံခါး'သာ ပိတ်ခဲ့မိသည်။ ပိတ်သာ ပိတ်ရသည်၊ 'စခ,စရ,ပျူ'- အကြမ်းဖက်- သူခိုးဓားပြတွေအနေနှင့် တံခါးဖျက်ပြီး ယူချင်တာ ယူကြမှာပဲ ဖြစ်သည်။ 'ယူရုံတင်' ဆိုတော်သေးသည်။ 'မယူနိုင်တာတွေ ဖျက်ဆီး'သွားတာက ဆိုးလှသည်။ 'ဆန်အိုး, ဆန်အိတ်ထဲ ရေလောင်း ထားခဲ့တာ' တို့၊ 'ဆီတွေ သွန်ပစ်ထားခဲ့တာ'တို့၊ 'ရေတွင်း 'ပီဗွီစီပိုက်' ကို ဖြတ်ပစ်ထားခဲ့တာ'တို့၊ 'အိမ်တိုင်' ကို လွှနဲ့ ဖြတ်ထားခဲ့တာ' တို့ကျတော့ 'ကမ်းကုန်အောင် ယုတ်မာ' သွားပြီ။
တနေ့က ဟိုးတောင်က ရွာတွေကို ဝင်သည်။ ဝင်ပုံက တော်တော်လေး ကြမ်းတမ်းပြီး တော်တော်ကြီးကို ရမ်းသည်။ တွေ့သည့်လူတိုင်းကို ဖမ်း, ခေါင်းဖြတ် ခြေလက်ဖြတ် သတ်သည်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်, မဖွယ်မရာတွေလုပ်ပြီး သတ်သည်။ ဗျူဟာပြောင်းသည်လား မပြောတတ်။ 'စိတ်ကြွဆေး' ကျွေးပြီး ခိုင်းသည်ဟု ပြောကြသည်။ 'ဘီလူး စစ်ကြောင်း'... တဲ့။ အခုမှ ဘီလူးမဟုတ်၊ အာဏာသိမ်းကတည်းက 'ဘီလူးသရဲတွေမို့လို့' သိမ်းခဲ့တာပဲ ဖြစ်သည်။ အရင်ဆုံးဖွဲ့ခဲ့သည့် စကစ၊ ပြန်ပြင်ဖွဲ့သည့် စကစ၊ အားလုံး ဘီလူးသရဲတွေချည်း ဖြစ်သည်။ 'ဘီလူးစစ်ကြောင်း' ဘာညာ ဘယ်လိုပင် စာရေးပြီး ထားခဲ့ထားခဲ့, 'နည်းဗျူဟာ' ဘယ်လိုပင် ပြောင်းပြောင်း၊ စစ်ကောင်စီ၏အဓိက 'မဟာဗျူဟာ' မှာ 'ပြည်သူအပေါင်း စစ်တပ်ကိုကြောက်နေဖို့၊ 'အကြောက်တရားသွင်းဖို့၊ စစ်တန်းလျားမပြန်ပဲ 'ဥပဒေပြုရေး, အုပ်ချုပ်ရေး, တရားစီရင်ရေး' ထဲ ဝင်ရောက်ခြယ်လှယ် ဗိုလ်ကျနေဖို့'သာပဲ ဖြစ်သည်။
လှည်းလမ်းကြောင်း ကျဉ်းကျဉ်းလေးတွင် ဆိုင်ကယ်ကပ်ရှောင်၍ မရသည်မို့၊ နံဘေးယာခင်းတွေထဲမှ ကွေ့ကာဝိုက်ကာခြေဖျားထောက်ကာ ဖြင့် ရှေ့ကလှည်းများကို တစီးပြီးတစီး ကျော်တက်ခဲ့သည်။ အရေးထဲ 'ထွန်းကျော်' တို့ သားအဖ-မြေးအဘိုးသုံးယောက်ပိုး ဆိုင်ကယ်က ဗွက်နစ်နေသဖြင့် ဝိုင်းတွန်းခဲ့ရသေးသည်။
"ဒီတခါ မြောက်ဖက် 'ရိုး'ထဲ မဟုတ်ဘူး၊ 'အရှေ့တောင်ရိုး'ဖက်ဆီ ပြေးရမှာ၊ ပြန်လှည့် ...။"
အညာတခွင် သည်နှစ်မှ မိုးကလည်း ကောင်းလွန်းနေသည်။ မြေပဲစိုက်ပြီးကာစ, ယာခင်းထဲမို့ သစ်စေ့ကို ဖုံးထားသည့်မြေက ပွ,ရွ နေသည်။ ပြန်ကွေ့ရတာ တယ်မလွယ်ချင်။ 'ငါးရတွင်း' သာသာ ဝေးကွာသော 'အရှေ့တောင်ရိုး'နားတော့ ရောက်လုပြီ။ ရွာနှင့် တော်တော်လေးလည်း ဝေးလာပြီ။ တချို့၊ ခေတ္တနား၍ စကား တောင် ပြောနေကြပြီမို့ 'စကားစ,'ကြည့်မိသည်။
"ဗုံးသံ, သေနတ်သံတော့ မကြားရဘူး နော် ...။"
"မြို့က ဖုန်းလှမ်းဆက်လို့ ပြေးကြတာ ..." တဲ့။
ဟုတ်လိမ့်မည်။ မြို့ကနေ 'ပကဖ,ပလဖ' လေးတွေကို အမြဲလိုလို လှူဒါန်းလေ့ရှိသည့် 'အလုပ်ရှင်' ရှိသည်၊ 'ပွဲရုံ' ရှိသည်၊ 'ဈေးဆိုင်' ရှိသည်၊ 'ယက္ကန်းထောင်' တွေလည်း ရှိသည်။ များသောအားဖြင့် ရွာကလူတွေထက် သူတို့က 'သတင်း' ကြို သိသည်။ သတင်းမှန်တာက များသည်။ 'ဝိုင်ဖိုင်-အင်တာနက်' တွေနှင့်မို့လည်း ဟုတ်မည်၊ မျက်မြင်, ကိုယ်တွေ့ မို့လည်း ဟုတ်မည်၊ 'ဖရဲသီး'အချို့နှင့်သိကျွမ်းလို့လည်း ဟုတ်ပေလိမ့်မည်။
"စခ'ခွေးကားတွေ မြို့အရှေ့ဖက်ထွက်သွားကြပြီ၊ ယူနီဖောင်းနှင့်၊ အရပ်ဝတ်နှင့်၊ ဖောကားနှင့်၊ အိမ်စီးကားနှင့်၊ ဆိုင်ကယ်နှင့်၊" ... စသည်။ ၎င်းအပြင်၊ 'ပီဒီအက်ဖ် -ကလေးတွေ' ယနေ့ 'ဘယ်' ကို ဝင်မည်၊ 'ဘယ်'ပြီးရင်တော့ 'ဘယ်'၊ ဆိုတာတောင် သိသည်။
"အလုပ် ပြ'မှ၊ 'စာရင်းရှင်း ပြ'မှ၊ 'သတင်းပလင်း ရ'မှ လှူချင်တန်းချင်ကြသည့် 'ရွှေမြန်မာတွေ' ဆိုတော့၊ လျှို့ဝှက်စကားအချို့ကို အရိပ်အမြွက် 'ထွက်' ကြရရှာသည့် 'ပီဒီအက်ဖ်-အယ်ဒီအက်-ကလေးတွေ' ၏ အခြေ အနေကို အထူးတလည် စာနာမိပါသည်။
'လောကဗျူဟာကျမ်း'အရ 'စစ်မျက်စိ, နား၊ ဆက်သား'ခံတွင်း' ဟူသည့် ထောက်လှမ်းရေးသတင်းက အရေးကြီးလှသည်။ သို့သော် စစ်ပရိယာယ်ဆိုတာမျိုးက 'အယောင်ပြ'လည်း ရှိသေးသည်။ 'တောင်'ကို 'ထွက်ယောင်ပြ'၍ မြောက်သို့ လျှို့လျှို့ဝှက်ဝှက် လာတတ်သည်။ 'ပြန်သည်' လုပ်ပြီး 'ချန်ထားခဲ့'တတ်သည်။ 'သူ့သတင်း သိရဖို့'ထက် 'ကိုယ့်သတင်း မပေါက်ကြားဖို့' က ပို၍ လိုသည်များလား။ ဉာဏ်မမီချင်။ ကိုယ့်ဆီတွင် 'နျူကလီယား'လက်နက်မျိုး ရှိလာပြီ ဆိုရင်တော့၊ အမြန်ဆုံးတောင် 'သတင်း' ထုတ်ပြန်လိုက်ချင်သည်။ ဒါမှ 'ရှိန်' သွားမည်လေ။ လက်ရှိအနေတော့၊ လျှို့ဝှက်တာက ပို၍များ ကောင်းလေမည်လား၊ 'အရပ်သားတွေး' တွေးမိပါ၏။
သတင်းစကား သိရခြင်း နောက်တမျိုး ရှိသေးသည်။ အကြမ်းဖက် စစ် တပ်က လက်နက်ကြီးနှင့် ရမ်းသမ်းထုလို့ ပြည်သူအများ ထိခိုက်မည်စိုး၍ 'ပကဖ, ပလဖ-ကလေးတွေ'က ကျေးရွာနေ ပြည်သူတွေကို ခေတ္တရှောင်နေကြဖို့ အိမ်တိုင်ယာရောက် လိုက်လံသတိပေးသည်၊ မထ,နိုင်,မသွားနိုင်သည့် ဂိလာနသက်ကြီးရွယ်အိုတွေကို ပွေ့ချီကာ ကူသယ်ထုတ်ပေးကြသည်။ ထိုအခြေအနေမျိုးမှလည်း သတင်း သိရသည်။ "... ဘယ်ရွာတော့ ခေတ္တ ရှောင်နေကြဖို့ ပြောလို့ ပြေးနေကြပြီ...တဲ့။"
'ကလေးတွေ'နှင့် ရင်းနှီးသူအချို့ကား 'ရှောင်' ဆို ရှောင်နေလိုက်မည် မရှိ၊ စပ်စပ်စုစု သိချင်သေးသည်။ "ဘာရှိလို့လဲ" ဟု မေးတတ်သည်။ တဖန်၊ ထိုမေးမြန်းသူမှာ သိပြီးလျှင် အငြိမ်မနေ။ 'နီးစပ်ရာ'တွေသို့ ဆက်လက် ပြန်လေသည်။ "ယနေ့ည ပွဲက,ဖို့ ရှိသည် တဲ့..."
'ပြည်သူအပေါ် ထားရှိသည့် မေတ္တာ'၊ 'ရံပုံငွေအတွက် မကင်းတရား'၊ မိမိ သိထားသည်ကို အသာမနေ၊ 'အာချောင်တာတွေ' ကြောင့်၊ 'သတင်း စကား' တို့မှာ 'တောမီးပမာ' ရွာနီးချုပ်စပ် အကုန်ပျံ့သည်။ ကမ္ဘာကြီးပင် 'ကမ္ဘာ့ရွာ' ဆိုမှတော့ 'ကျေးလက်တောရွာ' ဘဇာ နေလိမ့်မည်နည်း။ ရွာနီးချုပ်စပ်သာမက ဟိုးအဝေး, ကလေး,ခန္တီး, တမူး,လေရှီးက ဆွေမျိုးဉာတကာများဆီအထိ၊ 'ပြေးနေရကြောင်း' သတင်းကောင်း ပါးစေလိုက် သေးသည်။ ကောင်းလည်း ကောင်းသည်၊ မကောင်းလည်း မကောင်း။ 'ဘေးလွတ်ရာသို့ ကြိုကြိုတင်တင် ရောက်ရှိနိုင်၍ "စိတ်" ချမ်းသာရလို့ 'ကောင်း' ပြီး၊ 'လျှို့ဝှက် သတင်းစကား၊ ပေါက်ကြားသွား၍ အဖမ်းဆီးခံရ, အနှိပ်စက်ခံရ, အသတ်ဖြတ်ခံရ, "ရုပ်"ဆင်းရဲရသည်ကတော့ 'မကောင်း'။ အညာ ကျေးလက်တောရွာ၊ 'အာချောင်သူပေါင်း'က တက်တက်စင်။
တနှစ်က၊ မြို့အဝင်မှာ ဆိုင်ကယ်၂ ယောက်ပိုးစီး၍ ရွာတရွာမှ ကလေး ၂ ယောက် အဖမ်းခံရသည်။
"ဟိုကောင်မ သား... အေ။ 'ပီဒီအက်' သင်တန်းတက်နေတဲ့ ကောင်လေး။ အဖမ်းခံရလို့ တဲ့ ...။" ဘေးနားမှာ 'ဖုန်းအပျက်တွေ ဝယ်တယ်, သံတိုသံစ, ဝယ်တယ်, ဘာဖြစ်ဖြစ်ဝယ်တယ်' တို့ ရှိနေတယ်မှန်းလည်း မသိ၊ ပြောမိပြောရာ 'အတင်း တုပ်' ချလိုက်ကြ သည်။
အစ,က ရိုးရိုး၊ ၂ ယောက်ပိုး စီးမိရုံသာ။
နောက်ထပ် အတင်း-သတင်းတိုးမှ စစ်ကြောရေးသို့ ပြောင်းရွှေ့ခံရတော့ သည်။ 'စစ်ကြောရေး' ကလည်း 'ဒေါ်စိန်အေး- ကျောင်းတော်ကြီး'က သင်ကြားပေးလိုက်သည့်အတိုင်း၊ 'ဦးခေါင်းပိုင်း', 'နောက်ဖယ်', 'တံတောင်ဆစ်', 'ညို့သဂျီး' - 'ကျဉ်ကြော' လေးတွေကိုချည်း ရွေး၍ ရိုက်နှက်,နှိပ်စက်ကြသည်။ တသက်လုံး လူစဉ်မမှီအောင် လုပ်သည့်နည်းဖြစ်သည်။ နှစ်ရှည်ထောင်ချသည်။ 'ထောင်' ပြောင်းသလိုလိုနှင့် ပစ်သတ်ခံကြရသည်။
"...မန္တလေး အိုးဘိုထောင် ပြောင်းသွားလို့ ပိုက်ဆံ လှမ်းတောင်းလို့ ပေး လိုက်တယ်။ 'ငါးသောင်း'ပို့ချင်ရင် 'ခြောက်သောင်း' ပို့ရတယ်၊ 'တစ်သောင်း'က 'ကောက်'လိုက်တာ ပေါ့ ...။ 'တစ်သိန်း'ဆိုရင် 'တစ်သိန်းနှစ်သောင်း' ပို့မှ ရတယ်လေ..။"
'အကစ' တွေ ဝင်ငွေ ရှာလို့ လွယ်လှချေသည်။ 'မသာအိမ်- ဖဲဝိုင်း' လို 'အကောက်' တွေနှင့်။ 'အကျဉ်းဦးစီး' မှမဟုတ်၊ 'စကစ'လက်အောက်က ဌာနပေါင်းစုံမှာ 'အကောက်'တွေနှင့်ချည်း ဖြစ်သည်။ ပြည်သူတွေအဖို့ မိမိတို့ကို ပစ်သတ်မည့် 'ဗုံးဖိုး', 'ကျည်ဆံဖိုး'ကို မိမိတို့ကိုယ်တိုင် ဆက်သ နေရပါ ပကော။ မိမိတို့အလောင်း မြှုပ်နှံမည့်'ကျင်း'ကို မိမိတို့ကိုယ်တိုင် အတူးခိုင်းနေပါပကော။
"...မပြေးဘူးကွာ၊ ကိုယ်မှ ဘာမှ မလုပ်တာ။ ...အညှီရှိသူတွေ သာ၊ ပြေးကြ...။"
တရွာလုံး ပြေးလွှားနေရချိန်တွင် သူတစ်ပါးအား ပုတ်ခတ်၊ မပြေးပဲ 'ပေကပ်' နေပြီး၊ 'တကယ့်အရေး'ကျမှ "ဘုရားကယ်ပါ,အဖေကယ်ပါ, ပီဒီအက် ကယ်ပါ" လုပ်လာကြသူက ရှိသေးသည်။ ကျေးလက်မှာက သူတို့လို 'လူကတ်' မပါလျှင် 'ရွာတည်'လို့ မဖြစ်။ ကျေးရွာ ခုနစ်အိမ်၊ 'စုန်းပြူး' တအိမ်ပါစမြဲ။
ထိုအခါမျိုးတွင် ယူနီဖောင်း,လက်နက်နှင့် ပေါ်လွင်သိသာထင်ရှားနေသော 'ကလေးတွေ'ခမျာ၊ 'ခွေးရန်' ကာကွယ်ဖို့ထက် ခဲရာခဲဆစ် ကယ်ထုတ်ဖို့ကိုသာ ကြံဖန်ကြရ ရှာတော့သည်။ ကယ်ထုတ်ရင်း 'ခမျာ' များမှာ ထိခိုက်,ဒဏ်ရာရ၊ အသက်ပါဆုံးရသည်အထိ ဖြစ်ကြရသည်။ ထို 'လူကတ်' မျိုး၊ 'စခ,ရခ' တွေနှင့် ပက်ပင်းသာ တိုးခဲ့လျှင်၊ မရိုက်နှက်ခင် မမေးခင်က အရင်ဖြေပြပါလိမ့်မည်၊ "မည်သူက 'ဘာ'လုပ်ပါသည်၊ ဟောဟိုအိမ်ကြီးက မည်သူ့၏ သားသမီး 'ဘာ'ကြီး ဖြစ်ပါသည်...။"
အနှီလူမျိုးတို့သည်ကား 'အထူးသတင်းစကားပါး 'ဝေါ်ကီတော်ကီ-အီကွန်း'များ ပေတည်း။ ပြီးလျှင်မူ ၎င်းတို့ပါ အသတ်ခံရသည်၊ သတင်းကို သူများရသွားတာပဲ အဖတ်တင်သည်။
မြို့ပြထက် စုစည်းရတာ လွယ်ကူသော အားသာချက်၊ မြို့ပြထက် နေ ထိုင်စားသောက်ရေး စရိတ်ကျဉ်းလှသော အားသာချက်၊ မြို့ပြထက် လက်နက်ထုတ်လုပ်မှူတွင် လုံခြုံသော အားသာချက်၊ မြို့ပြထက် ကျယ် ဝန်းစွာ ပုန်းခိုသွားလာလှုပ်ရှားနှိုင်သော အားသာချက်၊ 'ကျေးလက်' မှာ ရှိပါငြား၊ 'သတင်းစကား'ကိုတော့ မပေါက်ကြားအောင် မစွမ်းဆောင်နိုင်တတ်ပါချေ။ 'မြို့ပြနေ' တို့လို မသွယ်မဝိုက်၊ တိုက်ရိုက် 'လှေကြီးထိုး-ရိုးရိုး', 'ဒဲ့ဒိုးကြီး' ပြောတတ်တာ ကောင်းပေသိ၊ 'သတင်းပလင်း' နှင့် 'အတင်းအဖျင်း' ခွဲခွဲခြားခြားသိ၊ သတင်းပလင်း၏ကောင်းကျိုးဆိုးကျိုး၊ 'ဉာဏ်သက်ဝင်မှုမျိုး'ကတော့ဖြင့်၊ အဟုတ်အားနည်းလှချေသည်။
"...မနေ့ညက ဒီဖက်အိမ်မှာ အိပ်ကြတယ်၊ ဒီမနက် ရွှေ့သွားကြပြီ၊ ဖြစ်သလို စားရှာကြတယ် အေ။ သနားပါတယ်...။"
စကားအဆက်အစပ်မရှိ၊ ပီဒီအက်ဖ် ကောင်မလေး ၃ ယောက် အကြောင်း ပြောပြခြင်းဖြစ်ပါ၏။ မိမိပင် ဘေးကကြားရ၍ အံ့ဩသွား မိရသည်။ 'ကရုဏာတရား'မှ 'သတင်းစကား' ဖြစ်သွားရချေပြီ။
ကျေးလက်သည်ကား၊ ယာခင်းထဲ နွားဝင်ဆွဲစားရာမှ မခေါ်မပြောကြသော အိမ်ထောင်စုများ၊ သူ့သား ငါ့သမီး သဘောမတူ၍ ရန်သူပမာ ဖြစ်ကြလေသော အိမ်ထောင်စုများ၊ ငါ့ယာခင်း လက်စားလိုက်မပေး၍ မခေါ်ကြသောအိမ်ထောင်စုများ၊ အလှူဘိတ်စာ 'အမှူးထား' မပါ၍ ခပ်တန်း တန်းဖြစ်ကုန်ကြသော အိမ်ထောင်စုများ၊ သမီး-ယောက်မ မတည့်ကြသောအိမ်ထောင်စုများ၊ စသည်ဖြင့် ကျေးလက်၏ မာယာ ပရိယာယ်တွေက များမှများ။ 'သတင်းစကား' ထိမ်းသိမ်းဖို့က မလွယ်ရေးချ မလွယ်။
"...ကျုပ်တို့ရွာဖက်ကနေ စစ်တပ်ထဲဆီ လှမ်းအထုမခံနှိုင်ဘူး လို့ ကျုပ်က တားလိုက်တယ်။ ဟိုက လက်နက်ကြီးနဲ့ ပြန်ထုရင် ခင်ဗျားတို့ တာဝန်ယူနှိုင်မှာလားလို့ မေးလိုက်တော့ လက်လျော့သွားကြတယ်...။"
'ပလဖ'အတွက် ဆန်,ဆီ, ရံပုံငွေ သဒ္ဒါကြေးအလှူခံစဉ် ပြောသွားခြင်း ဖြစ်ပါ၏။ တစ်ရွာလုံးက သဘောကျကြသည်၊ ချီးမွမ်းကြသည်။ 'စစ်ရေး'မစ်ရှင်' သတင်းစကား ပါလား'လို့တော့ စဉ်းစားမိလိမ့်မည် မထင်။ ရံပုံငွေ ရွှင်ရွှင်ရ၊ ရပ်ရွာအတွက် ဘယ်လောက်အထိ လုပ်ပြလိုက်သည်ကို ထင်ပေါ်စေလိုဟန် ရှိသည်။
"ဗူးတစ်ရာ ပိတ်နိုင်ငြား ပါးစပ်တစ်ပေါက်ကို မပိတ်နိုင်။"
"အညာ ကျေးလက်မှာ လှည်းဆောင်ပန်းကိုချိတ်လျှက် သောက်ရေထည့်ယူသော ဗူးသီးခြောက် တစ်ရာ အပေါက်က်ု ပိတ်နှိုင်ပါ သော်လည်း၊ ပါးစပ်ပေါက် တစ်ပေါက်ကိုမူ မပိတ်နှိုင်... "တဲ့။ သို့ကြောင့်ပင် မဟုတ်လော၊ ရှေးရှင်ဘုရင်များက သတ်သည်, ကွက်မျက်သည်ကို 'နှုတ်ပိတ်သည်'... တဲ့။
အညာ ကျေးလက်၊၊ 'အာချောင်သူတွေ' များစွာထွက်၏။
မောင်ဘဦးသည်လည်း 'အာချောင်သူ'ထဲ ပါများ သွားပြီလား မသိ။ 'သတိ' ဆိုသည် ပိုသည်ဟူ၍ မရှိပါကြောင်း။
တော်လှန်ရေး ညီအစ်ကို အပေါင်း ကိုယ်စိတ်'နှစ်ဖြာ ချမ်းသာကြပါစေ။
(မောင်ဘဦး၊ ၈၅၊ လင်း ပြည့်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar