Breaking News

ဒီနိုင်း - ငရဲဆီ

ငရဲဆီ
ဒီနိုင်း
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၃

" ဟဲ့ ဟဲ့ ဟိုကောင်မ နင် သုံးခါရှိနေပြီ။ တော်တော့ပေါ့အေ။ ခုနကလည်း နှစ်ပိသာရောင်းပေးလိုက်ပြီးပြီဟာကို။ နောက်လူတွေကိုလည်း ရောင်းရဦးမှာလေ ”

" ဒီတခေါက်တည်းပါနော် အမေကြီး။ အမေ့သမီးကိုလေ ...”

"တော်ပြီ တော်ပြီ။ နင် တော်လိုက်တော့။ ငါက သနားလို့ဟာကို။ သနားလို့ နို့ပေးကိုင်တာကို ​ေ-ာက် -ုတ်ကို ရန်ရှာတယ်ဆိုတာလိုပဲ နင်က ”
"လူကိုအဲလောက်ကြီးပြောစရာမလိုပါဘူး ။ ရတယ် ရတယ် မရောင်းလည်းနေ။ စျေးထဲမှာပဲ သွားဝယ်တော့မယ် ”

အသားမည်းမည်းနဲ့ ပုအိုင့်အိုင့် အမျိုးသမီးဟာ စူပုပ်နေတဲ့မျက်နှာမှာ မျက်မှောင်ကုတ်ပြီး ရှူးရှူးရှဲရှဲပြောဆိုကာ ဆီဘူးကိုဆောင့်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားလေရဲ့။

" မသာမ။ ရောင်းပေးလို့ရတုန်းကတော့ အမေ အမေနဲ့။ မရောင်းပေးတော့ အမေမဟုတ်တော့ဘူး။ ဟေ့ အဲဒီကောင်မကို မှတ်ထားကြစမ်း။ ဘယ်တော့မှ မရောင်းပေးနဲ့ ”
ကိုယ့်ချွေးနှဲစာနဲ့ ဝယ်တာတောင် ဝယ်ချင်တိုင်းဝယ်မရတော့တဲ့ ခေတ်ပျက်။ 
ဒီ ဆီလေး တစ်ပိသာလောက်ရဖို့ အရေးကို တန်းစီ တိုးနေကြရတဲ့ဘဝတွေ။ နေပူပူ မိုးရွာရွာ ကိုယ့်နေရာလေးလွှတ်မသွားဖို့ သေးပေါက်ချီးပါချင်ရင်တောင့် အောင့်ထားကြရတယ်။

လူစုစုနဲ့တန်းစီနေတာမြင်ရင် ရေသန့်ဘူးခွံ၊ ဆီဘူးခွံလေးတွေဆွဲပြီး နေရာအပြေးဦးကြရတယ်။ စျေးထဲလည်း စျေးထဲမို့၊ ရပ်ကွက်ထဲလည်း ရပ် ကွက်ထဲမို့။
မနက်ဖြန် ဘယ်နေရာ ဘယ်ဆိုင်မှာ ရောင်းမယ်ဆိုတဲ့အသံကို နားစွင့်နေကြရတဲ့ ဘဝ။
တန်းစီတိုးနေကြရတဲ့အထဲမှာ ဗိုက်ငေါငေါနဲ့ ကိုယ်ဝန်သည်လည်းပါရဲ့။ ကလေးငယ်၊ အဘွားအို စုံလို့။ မရှိတဲ့ဘဝမှာ အိမ်မှာရှိတဲ့လူနဲ့တန်းစီကြရတာ ။ 
ဒီကြားထဲ နေရာလုရင်း စကားများပြီး ဆဲသံဆိုတွေကလည်း ပွက်လောညံလို့။ အခန့်မသင့်ရင် လက်ပါပြီး လုံးထွေးသတ်ပုတ်ကြတဲ့ ရန်ပွဲတွေကလည်း ခဏခဏပဲ။

တန်းစီတိုးရတဲ့ဆိုင်မှာက စားအုန်းဆီ တစ်ပိသာ ၄၆၅၀ ကျပ် ဆိုတော့လည်း ပြေးတိုးတန်းစီကြရတာပဲ။ စားအုန်းဆီကို အပြင်ဆိုင်တွေမှာလည်း ဝယ်လို့မရတော့ဘူး။ အခြား ရယ်ဒီမိတ်ဆီဘူးတွေတော့ ရတာပေါ့။ စျေးက မိုးမှာလေ။ တစ်လီတာတစ်ဘူးကို ငါးထောင်နဲ့အထက်တွေပဲ။ ဆိုတော့ ကျန်းမာရေးနဲ့မညီဘူးလို့ လိပ်ခေါင်းထွက်အောင်အော်လည်း စားအုန်းဆီကိုသာ စားနိုင်ကြတာမဟုတ်လား။ 

"တယောက်ကို တစ်ပိသာပဲရောင်းတာနော်။ လာ နှစ်ယောက်တွဲဝင်လို့ရတယ် ”

ရေသန့်ဘူးခွံဝထဲ ကတော့ကိုထိုးထည့်ပြီး ဒန်အိုးကြီးထဲကဆီကို ချင့်ခွက်နဲ့ခပ် ခပ်ထည့်ပေးတယ်။ တစ်ပိသာကို ချင့်ခွက် နှစ်ခွက်ထည့်ပေးတယ်။ တစ်ကယ်တော့ ချင့်ခွက်ဟာ ငါးဆယ်သားမပြည့်တာ အသိသာကြီးပါ။ ဒါပေမယ့် ဘယ်သူမှ ဘာမှမပြောရဲ။

"ဟဲ့ ဟဲ့ နင်တို့ပိုက်ဆံက အကြွေတွေပါလား။ အကြွေတွေ လက်မခံဘူး။ တစ်သောင်းတန်နှင့်ငါးထောင်တန်ပဲ လက်ခံမယ် ။ ငါတို့က ဘဏ်ကိုပြန်သွင်းရမှာ။ အကြွေတွေ မပေးနဲ့ ”

" ဟို ကျွန်မတို့ကလေ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်လေးတွေ ရောင်းကြရတာပါ။ အဲဒါလေးတွေ နှစ်ယောက်ပေါင်းစုပြီး လာဝယ်ကြတာပါ။ ငါးထောင်တန်တစ်ရွက်တော့ပါ ပါတယ်။ ကျန်တဲ့ တစ်ထောင်တန် ငါးရာတန်လေးတွေနဲ့ပေါင်းယူပေးလို့....”

" ဟေ့ ဟေ့ မရဘူး။ မရဘူး။ နင်တို့ပိုက်ဆံတွေကိုလည်းကြည့်ဦး ။သီလရှင်ကိုလောင်းလို့တောင် ကောင်းမှာမဟုတ်ဘူး ”

တကယ်တော့ ငွေစက္ကူတွေဟာ သိပ်ပြီးနွမ်းစုတ်နေတာတော့ မဟုတ်။ တကယ်လို့ နွမ်းလွန်းနေပြီထားဦးတော့ ။ဒီနိုင်ငံကထုတ်တဲ့ ငွေစက္ကူပဲမဟုတ်လား။
အပေါက်ဆိုးဆိုးနဲ့ ဝဝဖိုင့်ဖိုင့်ဘွားတော်ကြီးက ဖိုက်ဘာ ပက်လက် ကုလားထိုင်ပေါ်ထိုင်ပြီး လက်ညိုးညွှန်ကြီးကြပ်အော်ဟစ်နေတယ်။
အဝတ်အစားနွမ်းနွမ်းနဲ့ အမျိုးသမီးနှစ်ယောက်။ တယောက်မျက်နှာတယောက်ကြည့်နေတုန်း ...

"ကြာတယ် ကြာတယ်။ မရှိရင်ပြန်တော့။ နောက်မှာတန်းစီနေတဲ့သူတွေ ရှိသေးတယ် ”

ဒီနိုင်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar