အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၆ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၆ )
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၃
5/9/23
Diary in the darkness
မနက်မလင်းသေးဘူး စကစ ဒုတိုင်းမှူးနဲ့ အုပ်ချုပ်ရေးမှူး ဒရုန်းဗုံးထိလို့ ပွဲချင်းပြီးသေတဲ့ သတင်းတက်လာတယ်။ စကစ မရှုမလှရှုံးတဲ့ပွဲလို့ သုံးသပ်ကြတယ်။ သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်တွေမှာ တွေ့ရတယ်။
မြို့ထဲက သူငယ်ချင်းတစ်ယောက်က သိမ်ကြီးဈေးက ဓာတုပစည်းအရောင်းဆိုင်ကို စကစ ရဲ့ အရပ်ဝတ်တွေ ဝင်စီးပြီး ဖုန်းနဲ့ငွေတွေ သိမ်းသွားတယ်။ စားအုန်ဆီမှာ ဓာတုပစ္စည်းတွေ အလွန်အကျွံ ပါဝင်နေလို့ ဆိုတဲ့ အကြောင်းပြချက်သတင်းတွေ စကစလော်ဘီတွေက လွှင့်တယ်။ ညက VJ သတင်းထောက်အချို့ အဖမ်းခံရတယ်လို့ မိတ်ဆွေတစ်ယောက်က ဖုန်းဆက်တယ်။ နေ့လယ်လောက်မှာ အဲဒီသတင်းထောက်က်က FB ပေါ်ကနေ friend request လာလုပ်တာ တွေ့ရတယ်။ သတင်းကြိုမသိရလို့ လက်ခံမိရင် ပြဿနာပဲ။ ခုတလော အကောင့်အတုတွေနဲ့ friends request လုပ်တာတွေက အတော်များလာတယ်။
နေ့လယ်ဘက် မြို့ထဲ ထွက်ဖြစ်တယ်။ ခြောက်ကပ်ကပ်ပဲ။
ထောင်ထွက် သူငယ်ချင်းဟောင်းတွေနဲ့ တွေ့တယ်။ အလာပ သလ္လာပ ပြောဖြစ်ကြတယ်။ စီးပွားရေးကျချိန်မှာ ဘယ်လို နေထိုင်သင့်တယ်လို့ အကြံပြုကြတယ်။ ခေတ်ပျက်ချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ကူညီကြမလဲ ဆိုတာလည်း တိုင်ပင်ဖြစ်တယ်။ သိသင့်သိထိုက်တဲ့ သတင်းတွေကို ဘယ်လို မျှဝေကြမလဲဆိုတာ ပြောဖြစ်ကြတယ်။ ဖုန်းကို ဘယ်လိုသုံး၊ ဘယ်လိုဝှက်၊ အချက်အလက်တွေကို ဘယ်လိုဖျက် ဆိုတာတွေ တစ်ယောက်နဲ့ တစ်ယောက် သင်ယူကြတယ်။
လမ်းခွဲကြတဲ့အခါ သူငယ်ချင်းတစ်ယောက်က သရက်သီးသနပ် ဝယ်ပေးလိုက်တယ်။ လက်ဖက်ရည်ဖိုးလည်း သူကပဲ ရှင်းတယ်။ လက်ဖက်ရည်ဖိုးက လေးသောင်းနီးပါး ကျတယ်။ အာဏာမသိမ်းခင်ကဆို တစ်သောင်းလောက်ပဲ ကုန်ကျမယ့် ဝိုင်းမျိုးပါ။ သူ့ရဲ့ဆိုင်ခန်းကို တနေ့က ရောင်းလိုက်တဲ့အကြောင်း ပြောတယ်။ နယ်ပြန်နေဖို့ စိတ်ကူးတဲ့အကြောင်းနဲ့ သူ့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ခဏစောင့်ကြည့်နေကြောင်း ပြောတယ်။
အိမ်ပြန်ရောက်တော့ ညနေစောင်းနေပြီ။
မိုးက ဖွဲဖွဲ။
'အတိတ်မှ သင်ခန်းစာယူ၊ ပစ္စုပ္ပန်မှာ ရင်ဆိုင်၊ အနာဂတ်ကို မျှော်လင့်' ဆိုတဲ့ စကားစုကလေးကို သတိရတယ်။
စစ်အုပ်စုက ပေးလိုက်တဲ့ သင်ခန်းစာတွေကို ကျောပိုးရင်း ဒီညနေ မီးလာဖို့ မိုက်မိုက်မဲမဲ မျှော်လင့်နေမိတယ်။
ဝေးဝေးကြီးလည်း မမျှော်လင့်တတ်တော့ပါဘူးလေ။
ဇရာအိုရဲ့ နေဝင်ဆည်းဆာ မှိန်ပြပြ အောက်မှာ အတွေးလေပြေက မိုးဖွဲဖွဲအောက်ကို တိုးဝင်ပျောက်ကွယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar