KIA နဲ့ အာဏာသိမ်းစစ်တပ် ဆွေးနွေးဖို့ ကမ်းလှမ်းမှု သတင်းနဲ့ ဂယက်
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၁ မြင်ကွင်း
မိုးမခ ၊ ဩဂုတ် ၁၂၊ ၂၀၂၅
KIA နဲ့ အာဏာသိမ်းစစ်တပ် ဆွေးနွေးဖို့ ကမ်းလှမ်းမှု သတင်းနဲ့ ဂယက်
BBC မြန်မာပိုင်း သတင်းဌာနက “စစ်တပ်အနေနဲ့ လက်တွေ့ငြိမ်းချမ်းရေး ဆွေးနွေးလိုရင် မြစ်ကြီးနားမှာ လာတွေ့ဖို့ပြော” ဆိုတဲ့ ခေါင်းစဥ်နဲ့ သတင်းကို သြဂုတ်လ ၁၁ ရက်နေ့မှာ ဖေါ်ပြလိုက်ပါတယ်။ သတင်းရဲ့ အနှစ်ချုပ်က အာဏာသိမ်း စစ်တပ်ဘက်က KIA နဲ့ အွန်လိုင်းကတွေ့ဆုံဆွေးနွေးလိုကြောင်း PCG လို့ ခေါ်တဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ကတဆင့် မကြာသေးခင်က ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံအပြီးမှာ KIA ဘက်ကို ကမ်းလှမ်းပြောဆိုခဲ့ပြီး KIA ဘက်ကတော့ တွေ့ဆုံဆွေးနွေးလိုရင် လူကိုယ်တိုင် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့ ပြန်လည်အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းပြန်ချက်အပေါ် စစ်တပ်က တရားဝင် တုံ့ပြန်တာမရှိသေးပေမယ့် BBC သတင်းဌာနရဲ့ သတင်းရင်းမြစ် တဦးက ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီရဲ့ ဥက္ကဌဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်က စစ်ခေါင်းဆောင်ကို တင်ပြရာမှာ ဗန်းမော်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြီးမှ ပြောဆိုကြမယ်လို့ အမိန့်ပေးခဲ့တဲ့အကြောင်း ဘီဘီစီက ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီသတင်းဖော်ပြမှုနဲ့ပတ်သက်လို့ ဘီဘီစီရဲ့ မေးခွန်းတွေနဲ့ KIA ဘက်က သတင်းဌာနကို ဖြေကြားချက် အပြည့်အစုံကို လူမှုကွန်ရက်မီဒီယာမှာ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော်က ထပ်မံဖော်ပြလိုက်ပြီးနောက် သတင်းဖော်ပြတဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းဌာနအပေါ် ဝေဖန်မှုတွေလည်း အများအပြား ပေါ်ထွက်လာပါတယ်။ နှစ်ဝက်ကျော်လာတဲ့ ဖြစ်ပွားနေတဲ့ ဗန်းမော် မြို့သိမ်းတိုက်ပွဲ မှာ KIA အနေနဲ့ စစ်ရေးအရ အရေးနိမ့်လာလို့ အခုလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတာမျိုး အဓိပ္ပာယ်သက်ရောက်စေတယ် ဆိုတဲ့ ရှုထောင့်ကနေ ဝေဖန်ပြစ်တင်ကြတာ ဖြစ်ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ၈ လကြာ အချိန်ရောက်ရှိလာချိန် ၂ ဘက် အကျအဆုံးများပြားနေသလို မကြာသေးခင်က ရေကြောင်းအကူအညီတွေ ရောက်ရှိလာပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နေရာတချို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့တဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ အာဏာသိမ်းစစ်တပ်က အမြောက်တပ်ရင်းကို ပြန်ရတယ်ဆိုတဲ့ သတင်းနဲ့ ယမန်နေ့ကတော့ ဗန်းမော်လေယာဥ်ကွင်းကို ထပ်မံသိမ်းယူတယ်ဆိုတဲ့ သတင်းတွေ ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။
KIA အဖို့ ဗန်းမော်မြို့ သိမ်းတိုက်ပွဲဟာ ခုနှစ်ပိုင်းတိုက်ခိုက်မှုတွေအတွင်း အခက်ခဲဆုံး အရှည်ကြာဆုံးတိုက်ပွဲ တခုဖြစ်ပါတယ်။ အခြားသော မြို့တွေ၊ နယ်မြေတွေ စစ်စခန်းတွေကို အခုလောက် ၇ လကျော် ၈ လထဲ ဝင်ရောက်အောင် ကြာရှည်စွာ တိုက်ခိုက်ခဲ့ရတာ မရှိပေမယ့် ဗန်းမော်မြို့ကိုတော့ အခုလို ရှည်ကြာစွာတိုက်ခိုက်နေရတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က ဒရုန်း၊ လေကြောင်းကူညီပစ်ခတ်မှု၊ ရိက္ခာလက်နက် ထောက်ပံ့မှုတွေ အပြင် မိုးရာသီမြစ်ရေပြည့်ချိန်မှာ ဧရာဝတီမြစ်အတိုင်း စစ်သင်္ဘောတန်းနဲ့ လူ လက်နက် ရိက္ခာတွေ ထပ်မံရောက်ရှိလာပြီးနောက် စစ်တပ်ဘက်က နေရာအချို့ကို ပထမဆုံး ပြန်လည်သိမ်းယူနိုင်တဲ့ အခြေရောက်ရှိလာတာ ဖြစ်ပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စတင်ကမ်းလှမ်းတဲ့ အဖွဲ့ဟာ အင်အားနည်းနေလို့၊ ရှုံးနေလို့ဆိုတဲ့ အဓိပ္ပာယ် အမြဲသက်ရောက်ခြင်း မရှိပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းမှုတိုင်းဟာ ရိုးသားတဲ့ ကမ်းလှမ်းမှုလည်း ဖြစ်နေတာ မဟုတ်ပါဘူး။ ဘယ်ဘက်ကဖြစ်ဖြစ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ အပစ်ရပ်ဆွေးနွေးဖို့ ကမ်းလှမ်းချက်တွေဟာ ပရိယာယ်အားဖြင့် ကမ်းလှမ်းမှုတွေလည်း အများအပြားရှိနေတတ်တာပါ။ ပြန်လည် အင်အားစုဖွဲ့ဖို့၊ ရိက္ခာ၊ လက်နက်၊ လူ ပြန်လည်ဖြည့်တင်းဖို့ရာအတွက် ဆွေးနွေးဖို့ ကမ်းလှမ်းမှုတွေလည်း ရှိပြီး အဆိုပါ အပစ်ရပ် ကမ်းလှမ်းမှု သို့မဟုတ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းမှုကို ပရိယာယ်အားဖြင့် လုပ်ဆောင်တဲ့ ကမ်းလှမ်းမှု အဖြစ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။
သို့ပေမယ့် ဘယ်ကမ်းလှမ်းမှုက သဘောရိုး နဲ့ ကမ်းလှမ်းတာလဲ၊ ဘယ်အရာက ပရိယာယ် အရ ကမ်းလှမ်းတာလဲ ဆိုတာ ထင်သာမြင်သာ ရှိလောက်အောင် လွယ်ကူမနေကြပါဘူး။ စစ်ရေးနဲ့ ပတ်သက်ရင် အစဥ်အမြဲ လျှို့ဝှက်ဖို့၊ လှည့်စားဖို့ က လက်နက်ကိုင် တပ်ဖွဲ့တိုင်းက နားလည်ထားကြတာကြောင့် ဖြစ်ပါတယ်။
အခုလို ဆိုလိုက်ခြင်းကြောင့် ဘယ် အပစ်ရပ်ဆွေးနွေးမှု၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှ မလိုလားအပ်တဲ့ အဓိပ္ပါယ် ဆိုလိုရင်းမဟုတ်ပါ။ လတ်တလော ပြောဆိုနေကြတဲ့ KIA နဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်တို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြောဆိုမှုနဲ့ ပတ်သက်လို့ နောက်ခံ သဘောသဘာဝကို ဖွင့်ဆိုခြင်းသာ ဖြစ်ပါတယ်။
စစ်ပွဲတွေက နိုင်ငံရေးရည်မှန်းချက်အတွက် လုပ်ဆောင်ကြတဲ့ အရာ၊ နိုင်ငံရေးနည်းအရ သွားလို့ မရတော့တဲ့ အခြေအနေမှာ စစ်ပွဲနည်းလမ်းကို ရွေးကြတာလို့လည်း ယေဘုယျအားဖြင့် အဆိုရှိကြပေမယ့် အချို့သော လက်နက်ကိုင် ပဋိပက္ခတွေ၊ စစ်ပွဲတွေမှာ နိုင်ငံရေး ရည်မှန်းချက်မှေးမှိန်နေတဲ့ အခါမျိုး၊ စစ်ပွဲနည်းလမ်းဖြင့်သာ တဖက် ရန်ဘက်ကို အဆုံးတိုင်အနိုင်ယူမယ်၊ သို့မဟုတ် နိုင်ငံရေးရည်မှန်းချက်ကို ရောက်ရှိစေမယ်လို့ မှတ်ယူကြတဲ့ အခြေအနေမျိုးလည်း ရှိတတ်ပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားခြင်းနဲ့ ရပ်နားခြင်း ၊ အပစ်ရပ် စကားပြောဆိုခြင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းတွေမှာ သာမန်ပြည်သူလူထုအနေနဲ့ ပါဝင်ခွင့်၊ ဆန္ဒဖော်ထုတ် ပြောဆိုခွင့်ရတဲ့ အခြေအနေမျိုး နည်းပါးလှပါတယ်။ သာမန်ပြည်သူလူထုရဲ့ အသံ၊ ဆန္ဒသဘောထားတွေကို ဘယ်သူတွေက ကိုယ်စားပြု ထုတ်ဖေါ်ပေးနိုင်မလဲ ဆိုတဲ့ မေးခွန်းလည်း ရှိလာပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေလား၊ ဘာသာရေး ခေါင်းဆောင်တွေလား သို့တည်းမဟုတ် နိုင်ငံရေးပါတီတွေလား ဆိုတဲ့ မေးခွန်းလည်း ရှိနေပြီး စစ်ရေးအရ ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ ကာလတွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ရဲ့ ပြောဆိုခွင့်၊ သဘောထား ပြောဆိုခွင့်တွေက ကန့်သတ်ခံနေရလေ့ ရှိတတ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့နဲ့ တွဲဖက်ဖွဲ့စည်းထားခြင်း မရှိတဲ့ နိုင်ငံရေးပါတီတွေလည်း လူထုကိုယ်စား ထုတ်ဖေါ်ပြောဆိုခွင့်၊ ထုတ်ဖော်ပြောဆိုရဲတဲ့ သတ္တိ နည်းပါးနေလေ့ရှိတာ ဖြစ်ပါတယ်။ အထက်က လူထုရဲ့ အသံ၊ ဆန္ဒသဘောထားတွေကို ကိုယ်စားပြောဆိုပေးမယ့် ပလက်ဖောင်း ဖြစ်တဲ့ သတင်းမီဒီယာတွေကလည်း အရပ်ဖက်အဖွဲ့အစည်း၊ ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးပါတီတွေက သဘောထား ထုတ်ဖေါ်ပြောဆိုရဲသည့်တိုင် ဖေါ်ပြပေးရဲတဲ့ သတ္တိမျိုး ရှိနေဖို့ လိုအပ်ပါသေးတယ်။
သတင်းမီဒီယာတွေ အနေနဲ့ အာဏာရှိသူ၊ လက်နက်ကိုင်တပ်တွေရဲ့ ခေါင်းဆောင်တွေ ရဲ့ အသံတွေကိုသာ ပဲ့တင်ထပ်ပေးနေတာမျိုး၊ မိမိကိုယ်မိမိ ဆင်ဆာလုပ်ပြီး အများကြိုက်တဲ့ ပင်မရေစီး အသံလိုမျိုးကိုသာ ထပ်ခါထပ်ခါ ဖေါ်ပြပေးနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နေလေ့ ရှိပါတယ်။
အဲဒီလို ကာလတွေမှာ ပြည်သူလူထုအနေနဲ့ စစ်ပွဲတွေကနေ အသက်ဘေးလွတ်အောင် တိမ်းရှောင်ခြင်းကလွဲလို့ အခြားအခွင့်အလမ်းတွေ ရှိမနေကြတာကိုလည်း ဝမ်းနည်းဖွယ် တွေ့ကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar