အချိန် အကန့်အသတ် သတ်မှတ်လိုက်တဲ့ အာဆီယံ မူ ၅ချက်၊ NUG နဲ့ ဆက်ဆံဖွယ်ရှိလာနိုင်တဲ့ အာဆီယံ
မြန်မာ့နွေဦးခရော်နီကယ် - နိုဝင်ဘာ ၁၁ မြင်ကွင်း
မိုးမခ - နိုဝင်ဘာ ၁၂၊ ၂၀၂၂
အချိန် အကန့်အသတ် သတ်မှတ်လိုက်တဲ့ အာဆီယံ မူ ၅ချက်၊ NUG နဲ့ ဆက်ဆံဖွယ်ရှိလာနိုင်တဲ့ အာဆီယံ
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မှာ ကျင်းပနေတဲ့ အာဆီယံ နှစ်လည်အစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ဆုံးဖြတ်မှုတွေ ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ၂၀၂၁ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးမှာရော ယခုနှစ်အစည်းအဝေး မှာပါ ဖိတ်ကြားခြင်းမပြုပဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလမှာ သဘောတူ ချမှတ်ခဲ့တဲ့ သဘောတူညီမှု မူ ၅ ချက်ကို မြန်မာစစ်ကောင်စီက အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်ခဲ့တာကိုကြောင့် အစည်းအဝေးတွေကို မဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပြီး သဘောတူညီမှု မူ ၅ ချက်က တနှစ်ခွဲ ကြာလာသည့်တိုင် တိုးတက်မှုမရှိတာကြောင့် အခုတကြိမ် အစည်းအဝေးမှာတော့ အချိန်ကာလသတ်မှတ်ချက် ထည့်သွင်းပြီး လုပ်ဆောင်မယ်လို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အချိန်ကာလ သတ်မှတ်ချက်က ဘယ်လောက်ဆိုတာတော့ မဖေါ်ပြထားပါဘူး။
အာဆီယံ သဘောတူညီချက်မူ ၅ ချက်က လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ လိုက်ဖက် ကိုက်ညီသေးသလား ၊ အာဆီယံကရော မြန်မာ့အရေးမှာ ထိရောက်တဲ့ ကြားဝင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်မလား ဆိုတာက မေးစရာ မေးခွန်းအဖြစ်ရှိနေတာ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာ စစ်ကောင်စီနဲ့ ဆက်ဆံရာမှာ ဘာတွေ ဖိအားပေးနိုင်သလဲ သို့မဟုတ် စစ်ကောင်စီကို လုပ်သင့်တာတွေလုပ်အောင် ဘာတွေနဲ့ ဆွဲဆောင်နိုင်မလဲဆိုတာလည်း မေးခွန်းတွေ ရှိတာဖြစ်ပါတယ်။ အာဆီယံက စစ်ကောင်စီရဲ့ အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ရေးမှာ လိုအပ်တဲ့ ဘဏ္ဍာရေးတွေကို ပိတ်ဆို့ နိုင်တဲ့အနေအထားရှိသလား၊ စစ်လက်နက်တွေကို မဝယ်နိုင်အောင် လုပ်ဆောင်နိုင်သလား ဆိုတဲ့မေးခွန်းမေးလာရင် မရှိဘူးလို့ပဲ ဖြေရမှာပါ။ စစ်ကောင်စီက ဝင်ငွေရနေတဲ့ ဝင်ငွေဝင်လမ်းတွေက သဘာဝဓါတ်ငွေ့၊ ဓါတ်သတ္တုတွင်းထွက် နဲ့ နိုင်ငံရဲ့ စိုက်ပျိုးရေး မွေးမြူရေးထွက်ကုန်တွေ တင်ပို့ရာက ရတဲ့ နိုင်ငံခြားငွေ စတာတွေ ဖြစ်ပြီး အာဆီယံနိုင်ငံတွေက ချည်းဝယ်ယူနေတာမဟုတ်ပဲ အခြားနိုင်ငံတွေနဲ့ လည်းကုန်သွယ်နေတာ ဖြစ်လို့ အဲဒီဝင်ငွေဝင်လမ်းတွေကို ပိတ်ဆို့ဖို့ ဖြစ်နိုင်ခြေနည်းပါးပါတယ်။ တရုတ်နိုင်ငံလို အခြားသော နိုင်ငံတွေနဲ့ ဆက်သွယ် လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိတာြဖစ်ပါတယ်။
လက်နက်ဝယ်ယူရာမှာလည်း အာဆီယံနိုင်ငံတွေဆီက ဝယ်ယူတာမဟုတ်ပဲ ရုရှားလိုနိုင်ငံက အဓိကဝယ်ယူနေတာ ဖြစ်တာကြောင့် စစ်ကောင်စီကို လက်နက်ပိတ်ဆို့ဖို့ ဝင်ငွေပိတ်ဆို့ဖို့ ခက်ခဲတဲ့ အခြေအနေမျိုးလို့ ဆိုရမှာပါ။
စစ်ကောင်စီအဖို့ အာဆီယံနိုင်ငံအဖွဲ့ဝင်အဖြစ် ဖြစ်နေခြင်းဟာ ဒေသတွင်းနိုင်ငံတွေ စုစည်းဖွဲ့စည်းထားတဲ့ အဖွဲ့ဝင်ဖြစ်ခြင်း ဆိုတဲ့ နိုင်ငံရေးဂုဏ်သိက္ခာ တရပ်အနေနဲ့ ရရှိလိုတာ ဖြစ်ပြီး အာဆီယံ အဖွဲ့အနေနဲ့ ၄င်းတို့ရဲ့ အာဏာချုပ်ကိုင်ထားရေး ရည်မှန်းချက်ကို ဝင်ရောက် လွှမ်းမိုးခွင့်မပေးဖို့ ပိုင်းဖြတ်ထားတဲ့ သဘောရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
ဒီလို စစ်ကောင်စီဘက်က အမြင်၊ ယူဆချက်တွေနဲ့ အာဆီယံဘက်က ဆုံးဖြတ်ချက်တွေကို ချိန်ထိုးကြည့်တဲ့အခါမှာ အခုအာဆီယံအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေက စစ်ကောင်စီကို ထိရောက်တဲ့ ဖိအားပေးမှုတွေ ဖြစ်ဖို့ အလားအလာနည်းနိုင်တယ်လို့ ယူဆရပါတယ်။
မြန်မာ့အရေးဟာ အိမ်နီးချင်းနိုင်ငံတွေအဖို့ နိုင်ငံဖြတ်ကျော်ရောက်ရှိလာနိုင်တဲ့ ဒုက္ခသည်၊ တရားမဝင် အလုပ်သမားပြဿနာ၊ လူသားချင်းစာနာမှု အကူအညီ၊ မူးယစ်ဆေးဝါး ဖြတ်ကျော်ဝင်ရောက်လာနိုင်တဲ့ ပြဿနာ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ပိုမိုများပြားလာနိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ရနိုင်တာ ဖြစ်ပါတယ်။
ယခု ဖနွမ်ပင်အစည်းအဝေးကနေ အာဆီယံအနေနဲ့ NUG အစိုးရနဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်လို့ သတင်းတွေထဲမှာ ပါရှိပါတယ်။ NUG ကို အစိုးရတရပ်အနေနဲ့ အသိအမှတ်ပြုတာလို့ ဆိုလိုတဲ့ အဓိပ္ပါယ်တော့မဟုတ်ဘဲ NUGကိုပါ ထိတွေ့ဆက်ဆံရမယ့် အဖွဲ့အနေနဲ့ သတ်မှတ်တဲ့ သဘောလို့ ဆိုနိုင်တာဖြစ်ပြီး စစ်ကောင်စီကို ဖိအားပေးဖို့ အာဆီယံရဲ့ ခြေလှမ်းတလှမ်းလို့ အနေနဲ့ သံတမန်ရေးအရ အောင်မြင်မှုရရှိလာတယ်လို့ ယူဆနိုင်ပါတယ်။ ဒေသတွင်းအာဆီယံနိုင်ငံတွေ အနေနဲ့ NUG ကို မြန်မာနိုင်ငံရဲ့ အရေးတွေမှာ ဆက်သွယ်ဆောင်ရွက်ရမယ့် အဖွဲ့အစည်းတခုအဖြစ် သတ်မှတ်လိုက်ခြင်းကနေ ပြည်တွင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေ ကူညီရေး ကိစ္စရပ်တွေ ၊ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုမိုဖိအားပေးနိုင်ရေးတွေ မှာ အခုလို တရားဝင်ဆက်ဆံရေးလမ်းကြောင်းတွေကို အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar