Breaking News

သီအိုဇော် - အာဆီယံ၊ အာရပ်လိဂ်နှင့် မျက်မှောက်နွေဦးတော်လှန်ရေး


သီအိုဇော် - အာဆီယံ၊ အာရပ်လိဂ်နှင့် မျက်မှောက်နွေဦးတော်လှန်ရေး

(မိုးမခ) စက်တင်ဘာ ၂၄ ၊ ၂၀၂၃


ပုဂံရာဇဝင် တုတ်ထမ်း ဓားထမ်းပြောကြရတယ်လို့ တင်စားပြောကြပါတယ်။ တချိန်ကျရင် နွေဦးတော်လှန်ရေးအကြောင်း ဒီလိုပဲ ပြောဆိုကြလေမလား၊ အခုကတည်းက ဆူဆူညံညံ အသံတွေ မပြတ်ကြတာတော့ မျက်မြင်ပါပဲ။

ကိုယ့်အားကိုယ်ကိုး ကိုယ့်ဝန်ကိုယ်ထမ်း ခရီးဆက်နေကြရပြီး အောင်ပွဲနဲ့ ဇာတ်သိမ်းနိုင်တဲ့တနေ့မှာတော့ ‘ပုံသဏ္ဌာန်သစ်နဲ့ တော်လှန်ရေး’အဖြစ် သမိုင်းမော်ကွန်းတင်ကြမှာ သေချာပါတယ်။ အားလုံး နားလည်ထားကြတဲ့အတိုင်း တော်လှန်ရေးရဲ့ ဗဟိုချက်မဟာ ပြည်တွင်းမှာရှိတာပါ။

ပြည်သူတွေလောက် ပဓာနမကျလည်း နိုင်ငံတကာရဲ့ အတိုးအဆုတ် အရွှေ့အပြောင်းက အတိုင်းအတာတခုအထိ ဆက်လက်အရေးပါနေဦးမှာဖြစ်ပြီး၊ အဲဒီအရွေ့မျိုးက အခုရက်ပိုင်း လှုပ်ခတ်မှုတွေနဲ့ ဘယ်လိုဆက်စပ်လာနိုင်တယ် ဆိုတာကို နိုင်ငံတကာဖြစ်ရပ်များကတဆင့် သင်ခန်းစာ ယူကြည့်ချင်ပါတယ်။

နိုင်ငံတကာအနေနဲ့ ဦးကျော်မိုးထွန်းကို အမြဲတမ်းမေးလေ့မေးထရှိတဲ့ မေးခွန်းက စည်းလုံးညီညွတ်ကြရဲ့လား ဆိုတာလို့ ပြောကြားခဲ့တာ သတိထားမိပါတယ်။ နိုင်ငံတကာဆိုတာ ကိုယ့်ဘက်က ပြောဆိုသမျှ မျက်စိမှိတ် လက်ခံကြတဲ့ သူတွေမဟုတ်ပဲ သူတို့ရဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာချက်တွေနဲ့ ပြန်ချိန်ထိုး ပိုင်းဖြတ်တတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

အပြောထက် အလုပ်နဲ့ သက်သေပြကြဖို့ လိုတယ်ဆိုတဲ့ စကားကို ဒီနေရာမှာ ယူသုံးရရင် စောင့်ကြည့်နေသူများ မြင်သာထင်သာ ရှိစေမယ့် လုပ်ရပ်တခုနဲ့ ပြသဖို့ပဲ ရှိပါလိမ့်မယ်။ သက်သေပြစရာ အကြောင်းအချက်များ ရှိတဲ့အထဲက ဒီနွေဦးတော်လှန်ရေးရဲ့ အဓိက စစ်ရေးစစ်မျက်နှာမှာ ညီညွတ်စုဖွဲ့နိုင်မှုကို ပြသနိုင်ရင်တော့ အထူးတလည်ဖြေဆိုဖို့ မလိုတဲ့မေးခွန်း ဖြစ်သွားမယ်ထင်ပါတယ်။

တနည်းအားဖြင့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအတွက် တခုတည်းသော အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command- CoC) ကျင့်သုံးပြနိုင်ခြင်းဟာ ကွဲပြားနေတယ်လို့ မြင်ထားကြတဲ့ အင်အားစုများရဲ့ စည်းလုံး ညီညွတ်မှုကို ပြင်ပမှ စောင့်ကြည့်နေသူများကို မြင်သာအောင် ပြသလိုက်ခြင်းပါပဲ။

CoC တခုတည်းအောက်မှာ မရှိပဲ ကိုယ့်စုဖွဲ့မှုနဲ့ကိုယ် ဆယ်စုနှစ်များစွာ ကိုယ့်နည်းကိုယ့်ဟန် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသား ERO များရဲ့ တော်လှန်ရေးခရီးရှည်ကို မျက်မြင်သက်သေဖြစ်ခဲ့ကြတဲ့ မြန်မာပြည်သူများကလည်း CoC အရေးပါမှုကို သဘောပေါက်ကြပြီးသား ဖြစ်ပါတယ်။ဘုံရန်သူကို ဝိုင်းတော့တိုက်နေကြတာပါပဲ၊ မေးစရာ ရှိတာက ဘုံအိပ်မက် ဘုံရည်မှန်းချက်အတွက် ဘုံရန်သူကို တကွဲတပြား တော်လှန်နေရုံသက်သက်က လုံလောက်ပါရဲ့လား ဆိုတာပါ။ အမိန့်ပေးကွပ်ကဲမှုစနစ် တခုတည်းအောက်မှာ မရှိဘဲ ဒီဖက်ဆစ်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေခဲ့ကြရတဲ့ မနည်းတော့တဲ့ အချိန်ကာလတွေက အဖြေပေးနေပါတယ်။

ဒါ့ကြောင့်လည်း နွေဦးတော်လှန်ရေးတလျှောက် လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အသက်သွေးကြောသဖွယ် ဖြစ်တဲ့ CoC ဆိုတဲ့ စကားလုံးကို တဖွဖွပြောကြ၊ အတိုင်းအတာတခုအထိ တည်ဆောက်နိုင်ဖို့ အပြင်းအထန် ကြိုး စားနေကြတာလည်း ဖြစ်ပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်တာက တခုတည်းသော CoC တည်ဆောက်မှုပါ။

နောက်ခံသမိုင်းကြောင်း ကွဲပြားပြီး တော်လှန်ရေးသက်တမ်း ရင့်မာတဲ့ အဖွဲ့များကို စုစည်းညှိနှိုင်းကြရတဲ့အခါ မလွယ်ကူမှုများစွာ ရှိနေမှာကို နားလည်နိုင်ကြပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ တော်လှန်ရေး အင်အားစုများကြား CoC မတည် ဆောက်နိုင်သေးတာကတော့ ပဟေဋိ ဖြစ်ချင်စရာပါ။

သီးခြား အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ ရပ်တည်မယ့် တော်လှန်ရေအင်အားစုသစ်များ ပေါ်ပေါက်စေခြင်းဟာ ပြည်တွင်းရော ပြည်ပအမြင်ကိုပါ ပိုရှုပ်ထွေးသွားစေနိုင်ပါတယ်။ CoC ထောက်ခံသူ ဆန့်ကျင်သူ ဆိုပြီး မတူတဲ့ အမြင်လည်း ရှိကောင်းရှိနိုင်ပါတယ်။ ကိုယ်တိုင်ကတော့ လွန်ခဲ့တဲ့ တနှစ်ခွဲကာလ ဝန်းကျင်ကတည်းက ‘ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏ အတိတ်စာမျက်နှာ’ မိုးမခဆောင်းပါးနဲ့ ရှင်းလင်းပြတ်သားတဲ့ အမိန့်စီးဆင်းမှုဟာ စစ်ပုံ ကျပြီးသား မဟာမိတ်တပ်များအတွက်တောင် ဘယ်လောက် အရေးကြီးတဲ့အကြောင်းကို ပထမကမ္ဘာစစ် နောက်ခံနဲ့ ဒုတိယကမ္ဘာစစ်၊ အီရတ်စစ်ပွဲ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေး ဥပမာများနဲ့ သဘောထားပေးပြီး ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ အင်အားစုတွေထဲ တကွဲတပြား သူတလူ ငါတမင်း ဖြစ်နေတဲ့အခါ အာဆီယံလို၊ အာရပ်လိဂ်လို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက ဘယ်လို တုန့်ပြန်လေ့ ရှိကြတာ မီးမောင်းထိုး ဖော်ပြဖို့ ရည်ရွယ်ပါတယ်။

အသေးစိတ် ဆက်မသွားခင် ဆောင်းပါးနဲ့ တိုက်ရိုက် မဆက်နွှယ်ပေမယ့် စိတ်ထဲ မတင်မကျဖြစ်နေတဲ့ CoC သာ မတည်ဆောက်နိုင်ခဲ့ရင် နွေဦးတော်လှန်ရေးအလွန်ကာလ ကြုံတွေ့လာနိုင်တဲ့ ဖြစ်ရပ်တခုကို အရင် ဆွေးနွေးချင်ပါတယ်။ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းအကြောင်း စဉ်းစားမိရာကနေ အစပြုခဲ့ပါတယ်။

အောင်မြင်မှု ကြီးမားခဲ့တဲ့ ချယ်ရီမဂ္ဂဇင်းနဲ့ ယှဉ်တွဲသတိရကြတဲ့ ဆရာမြတ်ထန် (ဗိုလ်မှူးကြီးတင်မောင်)က ပထမ ပတ်ဆင်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးသူရတင်ဦးက တတိယပတ်ဆင်းပါ။ အဲဒီမှာပဲ သူတို့နှစ်ယောက်လုံး ကျောင်းအုပ်ကြီးတွေ ပြန်ဖြစ်ခဲ့ကြပါတယ်။ သူတို့လို မင်္ဂလာဒုံ ဗိုလ်သင်တန်းဆင်းများထဲက လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆင့်မြင့်အရာရှိကြီးများစွာ ဖြစ်လာကြပါတယ်။

အခုဆိုရင် MODက PDF အရာရှိသင်တန်းတွေနဲ့ လေ့ကျင့်သင်ကြား ပေးနေတာကို သတိပြုမိပါတယ်။ အခေါ်အဝေါ် တနေရာနဲ့ တနေရာ ကွဲပြားနိုင်ပေမယ့် ERO တွေမှာလည်း အလားတူ  အရာရှိသင်တန်းတွေ ရှိပါတယ်။ ဒီလို စနစ်တကျ မွေးထုတ်ထားသူများအတွက် နောင်ဖက်ဒရယ်တပ်မတော်မှာ ဆက်လက်တာဝန် ထမ်းဆောင်လိုသူများ ရှိပါက ထိုက်တန်တဲ့၊သင့်တော်တဲ့ ရာထူးအဆင့်ဆင့် အသွင်ပြောင်းပေးဖို့ အခက်အခဲ ရှိနိုင်မယ် မထင်ပါဘူး။

MOD နဲ့ ERO တို့ရဲ့ CoCမှာမပါလို့ ဒီလိုလေ့ကျင့်သင်တန်းဆင်းထားခြင်းမရှိတဲ့ တော်လှန်ရေးအင်အားစုများထဲက ဆက်လက်တာဝန် ထမ်းဆောင်လိုသူများကို အသွင်ကူးပြောင်းနိုင်ရေး၊ ရာထူးအဆင့် သတ်မှတ်နိုင်ရေးများကတော့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ ထင်မိပါတယ်။ သီးခြား အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှာ ရပ်တည်ရခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတခုလို့ စဉ်းစားမိတဲ့အတွက် ဖြည့်စွက်ရေးသားလိုက်ရခြင်းပါ။

ဆောင်းပါးဦးတည်ရာ နိုင်ငံတကာအမြင်နဲ့ တုံ့ပြန်မှုဘက်ကို ပြန်သွားလိုပါတယ်။နိုင်ငံတကာမျက်နှာစာမှာ ဒေသဆိုင်ရာ ကိုယ်စားပြုအဖွဲ့အစည်းများရဲ့အခန်းကဏ္ဍက အရေးပါပါတယ်။ သူတို့ရဲ့အသံ၊ သူတို့ရဲ့ ရပ်တည်ချက်က ကျူးလွန်သူများကို အကာအကွယ်ပေးသလိုမျိုး၊ ကျူးလွန်မှုတွေက မျှတမှု ရှိသလို ပုံဖော်ပေးသလိုမျိုး ဖြစ် သွားတတ်တဲ့အတွက် လျစ်လျူရှုလို့မရနိုင်တာ ဖြစ်ပါတယ်။

နိုင်ငံတကာလို့ ပြောတဲ့နေရာမှာ မြန်မာပြည်သူတွေအပေါ်  ကိုယ်ချင်းစာတရား တကယ်ထားရှိပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြည့်ပြည့်ဝဝ ခံစားစေလိုတဲ့ စစ်မှန်တဲ့ဆန္ဒလည်း ရှိကြတဲ့ နိုင်ငံတွေရှိသလို အကျိုးအမြတ်ကို ချိန်ခွင်ပေါ် အရင်တင် စဉ်းစားလေ့ရှိတဲ့ နိုင်ငံတွေရှိတာက အထူးပြောစရာ မလိုတော့ပါဘူး။

အခုဆိုရင် ကုလသမဂ္ဂနဲ့ အင်အားကြီးနိုင်ငံများက မြန်မာ့အရေး အတွက် အာဆီယံကို တာဝန်လွှဲပြီး အရိပ်အခြေ စောင့်ကြည့်နေတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်သူတွေ အတွက်တော့ အာဆီယံဟာ ဘယ်လို အဖွဲ့အစည်းမျိုး ဆိုတာ သိပြီးဖြစ်ပါတယ်။ ဘယ်ရွေ့ဘယ်မျှသာ ယုံကြည်ကိုးစားနိုင်ပြီး ဘယ်လောက်သာ သမာသမတ် ကျနိုင်တယ် ဆိုတာကိုလည်း သဘောပေါက်ထားပြီးသားပါ။

အခုနောက်ပိုင်း Track 1.5 အပြင် စစ်ကောင်စီနဲ့ အလွတ်သဘော ဆွေးနွေးရင်ကောင်းလေမလားဆိုတဲ့ လေသံပစ်စ ပြုလာသလို အဖွဲ့ဝင်အားလုံးမပါပေမယ့် အာဆီယံလေတပ်ဦးစီးချုပ် အစည်းအဝေး ပြုလုပ်ခဲ့တာတွေက နွေဦးတော်လှန်ရေးအတွက် အာဆီယံကို သပိတ်ဝင်အိတ်ဝင် သဘောထားလို့ မရနိုင်ဘူးဆိုတာကို ပြသနေပါတယ်။ ဒီဆောင်းပါးရေးနေချိန်မှာလည်း အင်ဒိုနီးရှားမှာ ပြုလုပ်တဲ့ အာဆီယံစစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံလည်း ပါမယ်လို့ အင်ဒိုနီးရှား အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Margono Yudoက ပြော ကြားခဲ့ပြီး ဘယ်ပုံဘယ်နည်း ပါဝင်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ချမပြခဲ့ပါဘူး။

ပြောရရင် လက်ရှိအာဆီယံအဖွဲ့ရဲ့ ကန့်သတ် အရေးယူမှုတွေ အထွတ်အထိပ်ရောက်သွားခဲ့ပြီး ဒီထက်တင်းကျပ်ဖို့ လမ်းစရှိနိုင်ပါဦးမလားလို့ စဉ်းစားလာရတဲ့ အချိန်ပါ။ တသဘောထားတည်း ရှိသယောင်ကနေ အဖွဲ့ဝင်တွေကြား ချဥ်းကပ်ပုံကွဲမလို ဖြစ်လာတာက မြန်မာနိုင်ငံအတွက် မှတ်တမ်းကောင်း ရှားပါးတဲ့ အာဆီယံအပေါ်  ပိုသတိထား စောင့်ကြည့်ဖို့ အချက်ပြလိုက်သလိုပါပဲ။

မြန်မာနိုင်ငံရဲ့ (၈၈)အာဏာသိမ်းမှုအပါအဝင် အိမ်နီးချင်းထိုင်းနိုင်ငံက စစ်အာဏာသိမ်းမှုတွေမှာ အာဆီယံဘယ်လို သဘောထားပြု ဆက်ဆံခဲ့တယ်ဆိုတာ အထူးပြောဖို့ မလိုတော့သလို အတိုက်အခံနိုင်ငံရေး အင်အားစုတွေကို နည်းမျိုးစုံနဲ့ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ပြီးကျင်းပခဲ့တဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး လည်း ထောက်ပြဝေဖန်မှုမျိုးတောင် မမြင်တွေ့ရတာက အများအမြင် ဖြစ်ပါတယ်။

အခုလို ကုလသမဂ္ဂ Credential Committee နဲ့ စပ်ဆိုင်တဲ့ကာလနဲ့ တိုက်ဆိုင်တုန်း၊ ကမ္ဘောဒီးယား ပဋိပက္ခမှာ အာ ဆီယံရဲ့ ရပ်တည်ချက်ကို ဖြည့်စွက်ရေးလိုပါတယ်။ ဗီယက်နမ် ကျောထောက်နောက်ခံပြုထားတဲ့ ပြည်သူ့သမ္မတ ကမ်ပူးချားအစိုးရ (People’s Republic of Kampuchea )က နယ်မြေစိုးမိုးမှု (၈၀)ရာခိုင်နှုန်းကျော်ရှိလည်း (၃၄)ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ နောက်ပိုင်းတွေမှာ အာဆီယံနိုင်ငံများက ပိုလ်ပေါ့ တို့ရဲ့ ခမာနီအစိုးရ (Democratic Kampuchea)ကိုပဲ အသိအမှတ်ပြု ထောက်ခံပေးခဲ့တာပါ။ ဒါတင်ပဲလားဆိုတော့ မကသေးဘူးလို့ပဲ ဆိုရမှာပါ။

အာဆီယံနှင့် အရှေ့တီမော(တီမောလက်စ်တီ)

အာဆီယံရဲ့ရပ်တည်ချက်များဟာ သမိုင်းရဲ့မှန်ကန်တဲ့ဘက်ခြမ်းမှာ သိပ်မရှိခဲ့တာကို ပေါ်လွင်စေလိုတဲ့အပြင်၊ အာ ဆီယံရဲ့ သရုပ်မှန်ကို မမေ့လျော့စေလိုတဲ့အတွက် ထပ်ပြီး ဥပမာပြ ရေးသားလိုတာက အာဆီယံနှင့် အရှေ့တီမော ဖြစ်ရပ်ပါ။

အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အပြင် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ကြရပြီးသမိုင်းအမည်းစက်တင်ခဲ့တဲ့ ပဋိပက္ခ မှာ အာဆီယံက စောဒကမတက်ခဲ့ကြပဲ၊ သမဂ္ဂအဖွဲ့ကြီးအနေနဲ့ အင်ဒိုနီးရှားကို ပြစ်တင်ရှုတ်ချတဲ့ကြားက ကျူး ကျော်သူ အင်ဒိုနီးရှားနိုင်ငံဘက်က ရပ်တည်ပေးခဲ့ကြတယ်။ ဒါဟာ အာဆီယံ အရောင်အသွေးကို မြင်အောင် ပြသခဲ့ခြင်းပဲလို့  ဆိုရမလိုပါ။

ဇာတ်ရည်ပိုလည်အောင် အတိတ်ကို ခဏလောက် ပြန်သွားကြည့်ကြရပါမယ်။ ၁၉၇၄ခုနှစ်မှာ ကိုလိုနီပြုထားတဲ့ ပေါ်တူဂီတို့ ပြန်ထွက်သွားဖို့ အစပြုတာကစပြီး တီမောအင်အားစုတွေကြား ပဋိပက္ခတွေ ဖြစ်ပွါးကြပါတယ်။လုံးဝ လွတ်လပ်ရေး ရယူလိုသူ၊ကိုယ်ပိုင်အုပ်ချုပ်ရေးယူပြီး ပေါ်တူဂီတို့နဲ့ ဆက်နေလိုသူတွေရှိသလို အင်ဒိုနီးရှားနဲ့ ပေါင်းချင်တဲ့ အဖွဲ့ တွေလည်းရှိပါတယ်။ အဓိက အင်အားစုနှစ်ရပ်ဖြစ်တဲ့ FRETILIN နဲ့ Timorese Democratic Union (UDT- Uniao Democrática Timorense)တို့ ၁၉၇၅ ခုနှစ် အစောပိုင်းကာလမှာ လွတ်လပ်ရေး ရယူဖို့ရည်ရွယ်ပြီး ပူးပေါင်းခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့ညွန့်ပေါင်းအဖွဲ့က (၄)လကြာလောက်ပဲ ခံခဲ့ပါတယ်။ UDTက ၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၁ ရက် နေ့မှာ အာဏာသိမ်းဖို့ ကြိုးစားရာမှအစ FRETILIN နဲ့ တိုက်ပွဲတွေ ဖြစ်ကြပါတယ်။ ထောင်ဂဏန်း သေဆုံးမှုတွေ ဖြစ်ခဲ့ပြီးနောက် လုံးဝလွတ်လပ်ရေးလိုလားသူ The Revolutionary Front for an Independent East Timor (Frente Revolucionária do Timor-Leste Independente - FRETILIN) အင်အားစုတွေက အသာစီးရခဲ့ပြီး ၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် နေ့ မှာ လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။ သမ္မတ ‘ဂျိုဆေးရာမို့စ်ဟော်တာ’ က FRETILIN နိုင်ငံခြားရေးဌာနရဲ့ အမြင့်ဆုံးတာဝန်(ဝန်ကြီးအဆင့်) ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အဲဒီလို ကြေညာလိုက်ချိန်မှာ ကျန်တဲ့ နိုင်ငံရေးပါတီတွေဖြစ်တဲ့ UDT၊ Apodeti၊ KOTAနဲ့ Trabalhista တို့က ‘ဘာလီဘို’(Balibo) ကြေညာချက်ဆိုတာကို နိုဝင်ဘာလ(၃၀)ရက်နေ့မှာ တန်ပြန်ထုတ်ပြီး အင်ဒိုနီးရှားနိုင်ငံနဲ့ ပူးပေါင်းလိုကြောင်း၊ အင်ဒိုနီးရှားအစိုးရက လိုအပ်တဲ့နည်းလမ်းမှန်သမျှနဲ့ အကူအညီပေးဖို့၊ သူတို့ကိုယ် သူတို့လည်း အင်ဒိုနီးရှားလူမျိုးလို့သာ သတ်မှတ်ထားလိုက်ပြီဖြစ်ကြောင်း စတဲ့ အာဏာရှင် ဆူဟာတို အလိုကျတွေ ပါဝင်ပါတယ်။

၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ အင်ဒိုနီးရှားတပ်ဖွဲ့တွေက အရှေ့တီမောကို ဝင်ရောက်ကျူးကျော်ခဲ့ပါတယ်။ ’ဆူဟာတို’အပါအဝင် အင်ဒိုနီးရှားခေါင်းဆောင်များဟာ Balibo ကြေညာချက်ကို သူတို့ ကျူးကျော်မှုအတွက် ခိုင်မာတဲ့ အကြောင်းပြချက်တရပ် အဖြစ် ကိုင်စွဲပြီး နိုင်ငံတကာကို စည်းရုံးခဲ့ပါတယ်။ ‘တီမော’ လူမျိုး အများစုရဲ့ သဘောထားကို မထင်ဟပ်ပေမယ့် ဖော်ပြပါ အရှေ့တီမော အင်အားစုအချို့ရဲ့ ကြေညာချက်ကို အခွင့် အရေးတရပ်အဖြစ် အသုံးပြု ဆင်ခြေပေးခဲ့ကြတယ်။

ဒီ Balibo ကြေညာချက်က ဆူဟာတိုအစိုးရအတွက် နိုင်ငံတကာကို သူတို့ကျူးကျော်မှုအတွက် အကြောင်းပြချက်အနေနဲ့ ဖန်တီးအသုံးချခဲ့တာပါ။ ပြည်သူအများစုကို ကိုယ်စားမပြုဘူးဆိုတာကို အာဆီယံအဖွဲ့အနေနဲ့ မသိ မဟုတ်၊သိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု စတာတွေကို နောက်တန်းမှာပဲ ထားလေ့ရှိတဲ့ အာဆီယံက လွယ်လွယ်ကူကူပဲ သံယောင်လိုက် ထောက်ခံပေးခဲ့ပါတယ်။

အဲဒီအချိန်မတိုင်မီကတည်းက အနောက်အုပ်စု ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ အင်ဒိုနီးရှား ကျူးကျော်မှု မလွှဲမသွေ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီးသားပါ။ Balibo ကြေညာချက် ထွက်ထွက် မထွက်ထွက်၊ ဝင်သိမ်းမှာပါပဲ။ အဓိကပြောချင်တာက အာဆီယံကတော့ မှားယွင်းသူဘက်က ဝန်းရံခဲ့တဲ့အတွက် အရှေ့တီမော မညီညွတ် မှုရလဒ်လို့ ပြောရမယ့် ဒီအကြောင်းပြချက်ကို သ‌ဘောတူ လက်ခံပေးလိုက်ရာ ရောက်သွားပါတယ်။ ဒေသဆိုင်ရာ ကိုယ်စားပြုအဖွဲ့အစည်းရဲ့ ဒီလိုရပ်တည်ပေးခဲ့မှုက အဖွဲ့ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။ 

တကယ့်ပြဿနာအရင်းအမြစ်ကတော့ Balibo ကြေညာချက်ပါ အရှေ့တီမော အင်အားစုတွေပဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ ဖိအားပေးမှုကြောင့် လက်မှတ်ရေးထိုးခဲ့ကြရတာလို့ နောက်ပိုင်းမှာ ထွက်ဆိုခဲ့ကြပေမယ့် ပြည်တွင်း အင်အားစုတွေကြား အကွဲအပြဲ မစည်းလုံး မညီညွတ်မှုတွေက မြစ်ဖျားခံခဲ့တာပါ။ အာဆီယံကတော့ သူ့အကျိုးအတွက်သာ ကြည့်တတ်ပြီး အက်ကြောင်းသေးသေးကိုလည်း မရမက ကိုင်စွဲတတ်တာ၊ ဆင်ခြေဆင်လက်ပေး အကြောင်းပြတာကို မျက်စိမှိတ် လက်ခံတတ်တာတို့ကို သင်ခန်းစာယူကြရပါလိမ့်မယ်။

ကုန်သည်ကြီးများအသင်းထက် အဆင့်နည်းနည်းလောက်သာ ပိုမြင့်တယ်လို့ပဲ ဆိုရတော့မယ့်၊ လက်ရှိ မြန်မာ့အရေးမှာ သူတို့ကိုယ်တိုင် ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အာဆီယံအတွက် ထွက်ပေါက် ဖန်တီးပေးသလိုမျိုး အကွဲအပြဲ ဇာတ်လမ်း မကပြမိကြဖို့၊ အကွဲအပြဲတွေလို့ သူတို့လိုရာ ကောက်ချက်ချ မသွားနိုင်စေဖို့ အရေးကြီးပါတယ်။

အာရပ်လိဂ် ( The League of Arab States or The Arab League)နှင့် ဆီးရီးယား

အာဆီယံရဲ့ အတိတ်သမိုင်း စာမျက်နှာမှာပဲ ဒီလိုဖြစ်ရပ်တွေ ရှိတာမဟုတ်ပါဘူး။ တကွဲတပြားနဲ့ စုစုစည်းစည်း ပင်မအင်အားစုကြီးလို ညီညီညွတ်ညွတ် ရှင်သန်မလာခဲ့ရင်တော့ ဒါဟာ နိုင်ငံတကာအတွက် အကြောင်းပြချက်တွေ ထွက်ပေါက်တွေ ဖန်တီးပေးလိုက်သလို ဖြစ်သွားပြီး ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားတတ်တာ မျက်မှောက်ကာ လမှာလည်း တွေ့ရပါတယ်။

၂၀၁၁ ခုနှစ် မတ်လက စတင်ခဲ့တဲ့ ဆီးရီးယားစစ်ပွဲက ဒီနေ့အထိ အဆုံးမသတ်နိုင်သေး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ထုတ်ပြန်ချက် အရ ၂၀၁၁ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ ၁၀ နှစ် အတွင်း အရပ်သားသေဆုံးသူဦးရေ ၃၀၆,၈၈၇ ဦး ရှိခဲ့ပြီလို့ ဆိုထားပါတယ်။ ဒီကိန်းဂဏန်းထက် များပြားတဲ့ အခြား အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေရှိပါတယ်။ အိုးအိမ်စွန့်ခွာပြီး ပြည်တွင်းပြည်ပ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဆီးရီးယားလူမျိုး အရေအတွက်က နိုင်ငံလူဦးရေထက်ဝက်ကို ကျော်လွန်သွားပါပြီ။

အဖွဲ့ဝင် ၂၂ နိုင်ငံ ပါဝင်တဲ့ အာရပ်လိဂ်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလကတည်းက ဆီးရီးယားကို အဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ထားခဲ့သလို ကန့်သတ်ပိတ်ပင်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလမှာတော့ ဆီးရီးယားကို အဖွဲ့ဝင်အဖြစ် ပြန်လက်ခံလိုက်ပါတယ်။

ပြည်သူတွေက အသက်ဘေးနဲ့ ကြုံနေဆဲ၊ ဆင်းရဲဒုက္ခ အကြီးအကျယ်ရောက်နေဆဲပါ။ ဘီလီယံချီကြွယ်ဝပြီး ဆန္ဒပြပြည်သူများကို အင်အားအလွန်အကျွံသုံး ချေမှူန်းခဲ့တဲ့ အာဏာရှင် ‘ဘရှား အယ်လ် အာဆဒ်’( Bashar al-Assad )ကလည်း ပြည်တွင်းစစ်ကို ဆက်ဆင်နွှဲတုန်း ဖြစ်ပါတယ်။ အခုဆိုရင် လူ့အခွင့်အရေး ဖောက်ဖျက်မှုများစွာ၊ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့တာတွေအတွက် အိုင်စီဂျေမှာ ကနေဒါ၊ နယ်သာလန်တို့ ကမကထပြု  ရုံးတင်တရားစွဲဖို့ ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတောင်မှ အာရပ်လိဂ်က သဘောထား ပြောင်းခဲ့ပါတယ်။

အစွန်းရောက် လက်နက်ကိုင်အဖွဲ့ အစည်းတွေ ပါဝင်နေတဲ့ ဆီးရီးယား ပြည်တွင်းစစ်ဟာ အလွန်ရှုပ်ထွေးပါတယ်။ မြန်မာ့အရေးနဲ့နှိုင်းယှဥ် ပြောဆိုလို့မရနိုင်အောင် ကွဲပြားမှုတွေ ရှိပါတယ်။ တခုရှိတာက ဆီးရီးယား ပြည်တွင်းစစ်နှင့် ဘယ်လိုနည်းနဲ့မှ ထပ်တူထပ်မျှ မကျနိုင်လည်း ကမ္ဘာ့နေရာအနှံ့ ဖြစ်ပွားဆဲ ပဋိပက္ခများစွာအတွက် သတိကြီးကြီးထား သင်ခန်းစာယူစရာ ဖြစ်ရပ်အနေနဲ့ နိုင်ငံတကာက ရှုမြင်တတ်ကြပါတယ်။

မြင်တွေ့နေကျ သမားရိုးကျ စစ်ပွဲများလို မဟုတ်ဘဲ စုဖွဲ့မှုမတူကြတဲ့ လက်နက်ကိုင်အဖွဲ့မျိုးစုံရဲ့ တိုက်ခိုက်နေမှု များဟာ နိုင်ငံတကာကို တဖြည်းဖြည်းနဲ့ နားလည်ရ ပိုခက်ခဲလာစေပါတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သူတို့ အနေအထားကို ပြန်ဆန်းစစ်လာစေပါတယ်။

ဒေသဆိုင်ရာ စစ်ဘုရင်များ၊ လက်နက်ကိုင်အင်အားစုမျိုးစုံတို့က ဘုံရန်သူအာဏာရှင် ’အာဆဒ်’ကို တိုက်တာတော့ တိုက်နေကြတာပါပဲ။ ‘အာဆဒ်’ ပြုတ်မကျရတဲ့ အကြောင်းရင်း များစွာရှိတဲ့အနက် အမိန့်ပေး ကွပ်ကဲမှုစနစ် တခုတည်းအောက် မရောက်နိုင်ဘဲ တကွဲတပြား ဝိုင်းတိုက်နေကြတာကိုလည်း တချက်အနေနဲ့ ထည့်သွင်းစဉ်းစားကြပါတယ်။

အဖိနှိပ်ခံပြည်သူများ လွတ်မြောက်စေရေးအတွက် ဆိုးဝါးတဲ့ အာဏာရှင်များ ဖြုတ်ချနိုင်ရေး အားပေးလိုကြသော်လည်း စုစည်းခိုင်မာ အားကောင်းသည့် ပင်မတော်လှန်ရေးအင်အားစုတရပ်အဖြစ် တွေ့မြင်ရခြင်း မရှိတော့တဲ့အခါမှာ၊ တစုတစည်း ထိန်းချုပ်ကွပ်ကဲဖို့ ခက်လာတဲ့အခါမှာတော့  နိုင်ငံတကာရဲ့ ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားတတ်ပါတယ်။

စစ်ဘုရင်မျိုးစုံ၊ လက်နက်ကိုင်အစုအဖွဲ့မျိုးစုံရဲ့ တော်လှန်တိုက်ခိုက်နေမှုများက နိုင်ငံတကာအတွက် တန်ဖိုးကြီး သင်ခန်းစာတခုအဖြစ် ဆီးရီးယားစစ်ပွဲကနေ သင်ယူရရှိခဲ့ပါတယ်။ တခုတည်းသော စီအိုစီ (CoC) ရဲ့ အမိန့်နာခံမှုအောက်မှာမရှိနိုင်ပဲ ကျစ်လစ်မှု ကင်းမဲ့တဲ့ စုဖွဲ့တော်လှန်တိုက်ပွဲဝင်ကြတဲ့ ပုံသဏ္ဌာန်များအပေါ်  CoC  ခိုင်ခိုင်မာမာနဲ့ ခေတ်မီစစ်တပ်ကိုယ်စီ ဖွဲ့စည်းထားကြတဲ့ နိုင်ငံတကာရဲ့ အထင်အမြင် ဘယ်လိုရှိလိမ့်မယ် ဆိုတာကတော့ အထူးပြောစရာ လိုမယ်မထင်ပါဘူး။

 အခုလည်း နိုင်ငံတကာက နွေဦးတော်လှန်ရေးကို စောင့်ကြည့် အကဲဖြတ်နေပါတယ်။ စိတ်ပျက်မသွားစေဖို့လည်း အရေးကြီးပါတယ်။ အာဆီယံရပ်တည်ချက်အပါအဝင် နိုင်ငံတကာအမြင်က ဘာအရေးလဲ ဆိုတဲ့ သဘောထားမျိုး ထားလို့တော့ မရဘူးလို့ ဆိုရပါလိမ့်မယ်။ အာဏာသိမ်းစဉ်ကတည်းက မိတ်ဆွေ အနည်းအကျဉ်းနဲ့ ဆက်သွားမယ်ဆိုတဲ့ ပြောကြားထားချက်ကို သတိရကြမယ် ထင်ပါတယ်။ 

တကယ်လို့များ လက်ရှိမျက်နှာသာပေး ဆက်ဆံနေတဲ့ နိုင်ငံကြီးများ စာရင်းထဲ ဒေသဆိုင်ရာ ကိုယ်စားပြု အဖွဲ့အစည်း အာဆီယံ ထပ်ဝင်သွားလို့ကတော့ နွေဦးတော်လှန်ရေး ပိုကြာသွားပါလိမ့်မယ်။ တော်လှန်ရေး မအောင် မြင်နိုင်လို့ ပြောလိုက်ခြင်းမျိုးမဟုတ်ပဲ သေချာပေါက်နိုင်မယ့် တော်လှန်ရေး အချိန်ပိုကြာသွားနိုင်တယ်လို့သာ ဆိုလိုခြင်းဖြစ်ပါတယ်။

ရေခံမြေခံမတူတဲ့ တော်လှန်ရေးတရပ် အောင်မြင်စေရေးအတွက် ကာလဒေသပေါ်တွင် မူတည်ပြီး လိုအပ်ချက်များ ကွဲပြားတတ်ကြတာက သဘာဝကျပါတယ်။ ဒါပေမယ့် မည်သည့်အချိန် မည်သည့်နိုင်ငံမှာ ပေါ် ပေါက် တဲ့ တော်လှန်ရေးပဲ ဖြစ်ဖြစ်၊ တော်လှန်ရေးအင်အားစု အသီးသီးကို ဦးဆောင်သူများရဲ့  ဉာဏ်ပညာ အမြော်အမြင်၊ ဆင်ခြင်တုံတရား၊ အမြင်ကျယ် ရင့်ကျက်မှု၊ ရိုးသားမှုနှင့် စေတနာမှန်မှုတို့က တော်လှန်ရေး ဦးတည်ရာအတွက် အခရာ ကျပါတယ်။ အလားတူပါပဲ၊ တော်လှန်ရေးအဖွဲ့အစည်းရဲ့  စုစည်းကျစ်လျစ်မှု ရှိခြင်း၊ မရှိခြင်းကလည်း တော်လှန်ရေးသက်လုံကို တိုင်းတာခန့်မှန်းပေးနိုင်တဲ့ အညွှန်းကိန်းတခုပါပဲ။

ပြန်စဥ်းစားကြည့်ရင် နွေဦးတော်လှန်ရေးမှာ ဩဇာတိက္ကမ အရှိဆုံးက ပြည်သူလူထုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အင်အားစုများ ပေါင်းစည်းကြဖို့ ဖြစ်စေ၊ ခွဲပြီးလှုပ်ရှားကြဖို့ဖြစ်စေ ပြည်သူဆန္ဒရှိတဲ့အတိုင်း၊ ပြည်သူဖိအားပေးတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြရဖို့ပဲ ရှိပါတယ်။ ပြည်သူလူထုရဲ့ သဘောထားတုန့်ပြန်မှုဟာ အမိန့်သဏ္ဌာန်ပါပဲ။ ဖန်တရာတေအောင် ကြားနေကြရတဲ့ တော်လှန်ရေးအတွက် CoC အရေးပါမှုကို ပြည်သူတွေဘက်ကလည်း ဖြစ်သင့်၏၊ မဖြစ်သင့်၏ လေးလေးနက်နက် စဉ်းစားသုံးသပ်ကြပြီး တာဝန်သိသိ အဂတိတရား ကင်းကင်းနဲ့ ဆုံးဖြတ်ပေးကြဖို့တော့ လိုအပ်လိမ့်မယ် ထင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar