Breaking News

လိုင်ဇာမြို့ စစ်ဘေးရှောင်ရပ်ကွက် တိုက်ခိုက်မှု စစ်ကောင်စီ ငြင်းဆို၊ စစ်ကောင်စီဒု-ဗိုလ်ချုပ်ကြီး နဲ့ ဗိုလ်ချုပ်တို့ကို ထောင်ဒဏ် နှစ် ၂၀ ချ


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၀ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၃


လိုင်ဇာမြို့ စစ်ဘေးရှောင်ရပ်ကွက် တိုက်ခိုက်မှု စစ်ကောင်စီ ငြင်းဆို၊ စစ်ကောင်စီဒု-ဗိုလ်ချုပ်ကြီး နဲ့ ဗိုလ်ချုပ်တို့ကို ထောင်ဒဏ် နှစ် ၂၀ ချ

တနင်္လာနေ့ ညသန်းခေါင် မတိုင်မီမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်းခံရတယ်လို့ ယူဆရတဲ့ ပေါက်ကွဲမှုနဲ့ အတူ ကလေးသူငယ်အများအပြားပါဝင်တဲ့ လူ ၃၀ ကျော်သေဆုံးခဲ့ရတဲ့ လိုင်ဇာမြို့  မုန်လိုင်ခတ် ကျေးရွာမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုကို ၄င်းတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။ ဒီလိုငြင်းဆိုမှုကို ပြည်တွင်း အခြေစိုက် သတင်းဌာနအချို့နဲ့ နိုင်ငံတကာသတင်းဌာန ဖြစ်တဲ့ ဘီဘီစီ မြန်မာပိုင်း၊ ဗွီအိုအေ မြန်မာပိုင်းတို့မှာလည်း စစ်ကောင်စီ ပြောခွင့်ရသူရဲ့ ငြင်းဆိုတာကို ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က မုန်လိုင်ခတ် ကျေးရွာက အရပ်သားတွေ သေဆုံးမှုကို ကေအိုင်အေရဲ့ လက်နက်ခဲယမ်းတွေ ထားရှိတဲ့နေရာသဘောမျိုး၊ ကေအိုင်အေ ဒရုန်းတိုက်ခိုက်မှုတွေ လာရာလမ်းကြောင်း အဖြစ်စွပ်စွဲပြောဆိုလိုက်ပြီး တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ လိုင်ဇာလိုနေရာမျိုးကို ညသန်းခေါင်အချိန် လေကြောင်းတိုက်ခိုက်တာ သို့မဟုတ် လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးတွေ လုပ်ပါ့မလားဆိုတဲ့ ဆန့်ကျင်ဘက် ကောက်ချက်နဲ့ ငြင်းဆိုသွားတာလည်း ဖြစ်ပါတယ်။ 

အခု ဖြစ်ပွားခဲ့တဲ့ လက်နက်ကြီးကျည် သို့မဟုတ် ဒရုန်းနဲ့ ပစ်ချတဲ့ဗုံး ကြောင့် သေဆုံးမှုက အားလုံးနီးပါး အရပ်သားတွေလို့ ယူဆရတာြဖစ်ပြီး အဲဒီ ၃၀ ကျော်သေဆုံးရတဲ့အနက် ကလေးငယ် ၁၁ ဦးပါဝင်တာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မလုပ်ဖို့၊ ကလေးငယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဆိုပေမယ့် လက်သည်တရားခံကို ချက်ခြင်းဖမ်းဆီး အပြစ်ပေးနိုင်တဲ့ အနေအထားတော့ ရှိနေကြတာမဟုတ်ပါဘူး။ ဒီလို ဝမ်းနည်းကြေကွဲ စရာကောင်းတဲ့ သေဆုံးမှုတွေရဲ့ လက်သည် အဖွဲ့အစည်းတွေ၊ တာဝန်ရှိသူတွေကို စုံစမ်းမှတ်တမ်းတင်ထားပြီး တချိန်ချိန်မှာ တာဝန်ခံစေဖို့ မှတ်တမ်းတင်ထားရတာမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။ 

ပျက်စီးမှုပုံသဏ္ဍာန်ကို နှိုင်းယှဥ်ကြည့်တဲ့အခါ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာကို လေကြောင်းက တိုက်ခိုက်စဥ်က ပျက်စီးပုံမျိုးနဲ့ အလားသဏ္ဍာန်ဆင်တူတာတွေ့ရပါတယ်။ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေ တစစီပျက်စီးကုန်တာ၊ ပေါက်ကွဲမှု ဖြစ်ပွားရာ တဝိုက် နေအိမ်တွေ အားလုံး အပျက်အစီး အစအနတွေသဖွယ် ဖြစ်ကုန်တာ သတင်းဓါတ်ပုံတွေထဲ တွေ့မြင်ရပြီး ပဇီကြီး အဖြစ်အပျက်လောက်တော့ လူတွေရဲ့ ခန္ဓာကိုယ်တွေ တစစီဖြစ်တာမျိုး မတွေ့ရပဲ ထိခိုက်ဒဏ်ရာနဲ့ သေဆုံးကြရတာမျိုး ဖြစ်ပါတယ်။ ကေအိုင်အိုဘက်ကတော့ ဒရုန်းဗုံးလို့ လောလောဆယ် ကောက်ချက်ချထားတာလည်း ဖြစ်ပါတယ်။ ဆက်လက် လေ့လာစုံစမ်းမှုတွေ အရ ဘယ်လိုလက်နက်နဲ့ တိုက်ခိုက်သလဲဆိုတာ တိတိကျကျ အဖြေထုတ်နိုင်ကောင်းလည်း ထုတ်နိုင်မယ်လို့ ယူဆရပါတယ်။ 

စစ်ကောင်စီ ပြောခွင့်ရသူရဲ့ ပြောဆိုချက်ကို အကဲခတ်ကြည့်ရင်တော့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကေအိုင်အိုဌာနချုပ် ရှိတဲ့ ဒေသလိုမျိုးကို တိုက်ခိုက်မယ်ဆို တဖက်မှာ အိမ်နီးချင်းတရုတ်နိုင်ငံကို သတိထားရတဲ့ အနေအထားမျိုး ရှိတာကိုတော့ တစိတ်တပိုင်း ထုတ်ဖော်ပြောသွားတဲ့ သဘောလည်း တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်နယ်စပ်ဒေသဖြစ်လို့ နယ်စပ်တည်ငြိမ်ရေးက စစ်ကောင်စီအဖို့ သတိပြုရမယ့် အလေးထားရမယ့် အချက်သဘောမျိုး ပြောဆိုသွားတာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်၊ အိန္ဒိယနယ်စပ် တို့မှာ ကေအန်ယူ၊ စီအန်အက်ဖ် စခန်းတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမျိုးထက်ကို တရုတ်နယ်စပ်က နယ်စပ်တည်ငြိမ်ရေးက ပိုပြီး ဂရုထားရတဲ့ သဘောလည်း ကောက်ချက်ချနိုင်တာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာတခုကတော့ စစ်ကောင်စီက ထိပ်ပိုင်းခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးတဦးနဲ့ ဗိုလ်ချုပ်တဦးတို့ကို အာဏာအလွဲသုံးမှု၊ နိုင်ငံတော သစ္စာဖောက်ဖျက်မှု၊ အဂတိလိုက်စားမှုတွေနဲ့ ထောင်ဒဏ် နှစ် ၂၀ စီချမှတ်လိုက်ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့နေ့စွဲနဲ့ ယနေ့ညနေပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဘယ်နေ့နေ့စွဲနဲ့ အပြစ်ပေးတယ်ဆိုတာမျိုး ဘယ်ပုဒ်မ နဲ့ အရေးယူတယ်ဆိုတာမျိုး ရှင်းရှင်းလင်းလင်း ဖေါ်ပြမထားတာ သတိပြုမိပါတယ်။ လွန်ခဲ့တဲ့ တလဝန်းကျင်မှာ ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ နေပြည်တော် သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖေါ်ပြခဲ့ကြတဲ့နောက် အဆိုပါသတင်းတွေထဲက စွပ်စွဲချက်တွေ အတိုင်း၊ လာဘ်ငွေယူတာ၊ လာဘ်ငွေ အဖြစ်ရယူထားတဲ့ နိုင်ငံခြားငွေ(ဒေါ်လာ)ကို လက်ဝယ်ထားရှိတာ၊ စီးပွားရေး မူဝါဒကို ထိခိုက်စေတဲ့အထိ လာဘ်စားမှု အာဏာအလွဲသုံးစားပြုမှုတွေ ရှိခဲ့တဲ့စွပ်စွဲချက်တွေနဲ့ အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအရေးယူလိုက်တာဟာ စစ်ကောင်စီအဖို့ တဖက်မှာ လာဘ်စားမှုကို လက်မခံဘူးဆိုတဲ့ သဘောမျိုးနဲ့ ပြယုဂ်တခု ရရှိစေတဲ့ သဘောမျိုး ဖြစ်စေပြီး တခြားတဖက်မှာတော့ အနည်းနဲ့အများ လာဘ်ယူမှုတွေရှိပြီး မိသားစုဝင်တွေကုမ္ပဏီထောင်ကာ စီးပွားရေးအခွင့်ထူးခံစားနေကြတဲ့ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီးတွေ အကြားမှာ ခု၂ ယောက်ကိုအရေးယူပြီး ကျန်တဲ့ သူတွေက ဘာကြောင့်အရေးယူခြင်း မခံရတာလဲ ဆိုတဲ့ မကျေနပ်မှုတွေ အုပ်စုဖွဲ့မှုတွေလည်း ဖြစ်နိုင်ခြေ ရှိတာဖြစ်ပါတယ်။ သားသမီးတွေလည်း ကုမ္ပဏီထောင်ထားပြီး စီးပွားရေးလုပ်ငန်းတွေ အခွင့်ထူးခံစားနေရတဲ့ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်အဖို့ အခုလို ၄င်းလက်အောက်က ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူနဲ့ ဗိုလ်ချုပ်အဆင့်ရှိသူကို ရာထူးဖြုတ်၊ ဖမ်းဆီးကာ ထောင်ဒဏ် အနှစ် ၂၀ ပေးလိုက်တဲ့ ဖြစ်ရပ်ဟာ စွန့်စားမှုတခု၊ စစ်ကောင်စီ ဗိုလ်ချုပ်တွေအကြား စည်းလုံးမှုကို ထိပါးစေတဲ့ လုပ်ရပ်တခုကို အရဲစွန့်လုပ်ဆောင်လိုက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ဒီလိုအရေးယူမှုရဲ့ တန်ပြန်ရိုက်ခတ်မှုတွေ ဘာတွေဖြစ်လာနိုင်သလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ့် အနေအထားမျိုးလို့ ဆိုနိုင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar