Breaking News

ကမ္ဘာသစ် ခေတ်ဆန်းပြီ နဲ့ သောင်းပြောင်းထွေလာ


ကမ္ဘာသစ် ခေတ်ဆန်းပြီ နဲ့ သောင်းပြောင်းထွေလာ

နိုင်ငံတကာသာဂိ (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၃


ရုရှားသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အကြီးဆုံးစစ်ပွဲကို စတင်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ပို၍ စွက်ဖက်လာသည်။

အိန္ဒိယသည် ပြင်းထန်သော အမျိုးသားရေးဝါဒကို လက်ခံကျင့်သုံးခဲ့သည်။

အစ္စရေးသည် ၎င်း၏သမိုင်းတွင် အစွန်းရောက်အစိုးရကို ဖွဲ့စည်းခဲ့သည်။

စနေနေ့နံနက်တွင် ဟားမတ်စ်သည် အစ္စရေးနိုင်ငံကို ဒုံးကျည်ထောင်ပေါင်းများစွာ ပစ်လွှတ်ခဲ့ပြီး လူသိရှင်ကြား ပြန်ပေးဆွဲကာ အရပ်သားများကို သတ်ဖြတ်ခဲ့သည်။

ဤတိုးတက်မှုများအားလုံးသည် ကမ္ဘာကြီးသည် ဝရုန်းသုန်းကား ကာလသစ်သို့ ကျရောက်သွားနိုင်သည့် လက္ခဏာများဖြစ်သည်။ အချို့နိုင်ငံများနှင့် ဟားမတ်စ်ကဲ့သို့သော နိုင်ငံရေးအုပ်စုများသည် အကျိုးဆက်များ အလွန်ပို၍ဆိုးရွားမည်ကို စိုးရိမ်ခြင်းထက် ကြီးမားသည့်စွန့်စားမှုများဖြင့် လောကကြီးကို လောင်းကြေးထပ်လိုက်ရန် ပိုပြီး ဆန္ဒရှိနေကြသည်။

အရိုးရှင်းဆုံးရှင်းပြချက်မှာ ကမ္ဘာသည် ကျွမ်းကျင်သူများက multipolar ဟူသော စကားလုံးဖြင့် ဖော်ပြသော မျက်နှာစာများစွာရှိသည့်ခေတ်သို့ ကူးနေသည့်ကြားကာလ တွင် ရှိနေသည်ဟု ပြောလာကြပြီ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ယခင်က သြဇာကြီးသောနိုင်ငံမဟုတ်တော့ဘဲ သူ့ကိုအစားထိုးနိုင်မှုလည်း ထွက်ပေါ်လာခြင်းမရှိပေ။ ရလဒ်အနေဖြင့် နေရာအများအပြားရှိ နိုင်ငံရေးခေါင်းဆောင်များသည် ၎င်းတို့၏အကျိုးစီးပွားကို အခိုင်အမာ ရှေ့တန်းတင်လာပြီး ရန်လိုသည့်လုပ်ရပ်များကနေ အကျိုးခံစားရမှု ရှိကြောင်း  ထိုက်တန်ကြောင်း ယုံကြည်လာကြသည်။ ဤခေါင်းဆောင်များသည် အမေရိကန်ထက် ၎င်းတို့၏ နေရာဒေသကို လွှမ်းမိုးထားနိုင်သည်ဟု ယုံကြည်ကြသည်။

“ဘက်စုံပေါင်းစုံကမ္ဘာကြီး ပေါ်လာပြီး လူတွေက ဘက်ပေါင်းစုံဆိုတာ ပရမ်းပတာဖြစ်မှုတွေလည်း ပါဝင်တယ်ဆိုတာ နောက်ကျမှ သဘောပေါက်ကြတယ်” ဟု Noah Smith က စနေနေ့က ၎င်း၏ Substack သတင်းလွှာတွင် ရေးသားခဲ့သည်။

နိုင်ငံ့ခေါင်းဆောင်များနှင့် ချိတ်ဆက်မှုရှိသော တရုတ်နိုင်ငံရေးသိပ္ပံပညာရှင် Zheng Yongnian သည် “ခေတ်ဟောင်းစနစ်ဟောင်း” ကို ပြိုကွဲစေသည်ဟု အလားတူဖော်ပြခဲ့သည်။ “နိုင်ငံတွေက သူတို့ရဲ့ သားကောင်ကို လိုက်ရှာနေတဲ့ ကျားတွေလို ခေတ်ဟောင်းစနစ်ဟောင်း၏ ဆုတ်ယုတ်နေမှုထဲကနေ သူတို့အတွက် အမြတ်ထုတ်ရမယ့် အခွင့်အလမ်းကို ရှာဖွေလိုတဲ့စိတ်ဆန္ဒတွေ ပြင်းပြလာနေပါတယ်” ဟု Zheng က မနှစ်က ရေးသားခဲ့သည်။

အားနည်းတဲ့ အမေရိကန်...

အမေရိကန် ပါဝါ ဘာကြောင့် ဆုတ်သွားတာလဲ။ အချို့သော အပြောင်းအလဲသည် ရှောင်လွှဲ၍မရပါ။ ကြီးစိုးသောနိုင်ငံများသည် ထာဝရမလွှမ်းမိုးနိုင်ပါ။ သို့သော် အမေရိကန်သည် ဘက်စုံကမ္ဘာသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိစေသော ဗျူဟာမြောက် အမှားများကိုလည်း ပြုလုပ်ခဲ့သည်။

ထိုအမှားများထဲတွင်- ပါတီနှစ်ရပ်လုံး၏ သမ္မတများသည် ပိုချမ်းသာသော တရုတ်နိုင်ငံသည် ပိုမိုရင်းနှီးသော တရုတ်နိုင်ငံဖြစ်လာမည်ကို မလွဲမသွေ ယုံကြည်မှု လွဲချော်ခဲ့ကြပြီး၊ နိုင်ငံရေးသိပ္ပံပညာရှင် John Mearsheimer နဲ့ နိုင်ငံရေးသိပ္ပံပညာရှင် John Mearsheimer က အမေရိကန်ပြည်ထောင်စုသည် ၎င်း၏သက်ညှာသော ကုန်သွယ်ရေးမူဝါဒများဖြင့် ပြိုင်ဘက်များကို အားကြီးလာအောင် တည်ဆောက်ပေးသလို ဖြစ်ခဲ့ကြောင်း မရိပ်မိခဲ့ကြပေ။ အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင် အမေရိကန်သည် ၂၁ ရာစုအစောပိုင်းတွင် ငွေကုန်ကြေးကျများသောစစ်ပွဲများကို ဆင်နွှဲခဲ့သည်။ ဂျော့ချ်ဒဗလျူဘုရှ် စတင်ရွေးချယ်ခဲ့သော အီရတ်စစ်ပွဲသည် တိုင်းပြည်ကို ချောက်ထဲ ဆွဲချခဲ့သည်။ သမ္မတ ဘိုင်ဒန် ကြီးကြပ်သည့် အာဖဂန်နစ္စတန်မှ ရုပ်သိမ်းဆုတ်ခွာမှုသည် အရှက်လည်း ရ၊ အမေရိကန်ကိုလည်း အားနည်းကြောင်း သိသာစေခဲ့သည်။

အမေရိကန်၏ ဂုဏ်သိက္ခာအတွက် အကြီးမားဆုံး ထိခိုက်မှုမှာ အမေရိကန်သည် ကမ္ဘာကို ဦးဆောင်ရမည်ဟူသော အယူအဆကို ပယ်ချခဲ့သော Donald Trump ထံမှ လာခြင်းဖြစ်သည်။ Trump သည် နိုင်ငံတကာ သဘောတူညီချက်များမှ နုတ်ထွက်ပြီး နေတိုးကဲ့သို့ အောင်မြင်သော မဟာမိတ်များကို အထင်အမြင်သေးခဲ့သည်။ 2025 ခုနှစ်တွင် သမ္မတရာထူးကို ပြန်လည်ရယူမည်ဆိုပါက ယူကရိန်းစစ်ပွဲကို အားပေးနေမှုကနေ စွန့်လွှတ်နိုင်ကြောင်း ၎င်းက အချက်ပြခဲ့သည်။

အစ္စရေးကိစ္စတွင်၊ Trump သည် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu အား ပါလက်စတိုင်းအကျိုးစီးပွားအတွက် ငဲ့ကွက်ခြင်း လုံး၀မရှိဘဲ အစ္စရေးအနေဖြင့် အသာစီးယူပြီးအောင်ပွဲကိုရယူရန်  မြှောက်ပင့် တိုက်တွန်းခဲ့သည်။ နေတန်ယာဟုသည် ဤစစ်ပွဲအသစ်ကို မစတင်ခဲ့သော်လည်း ဟားမတ်စ်သည် အီရန်၏ နှစ်ရှည်လများ ကျောထောက်နောက်ခံပေးမှု အခြားဟားမတ်စ် မဟာမိတ်တို့၏ ပံ့ပိုးကူညီမှုဖြင့် စစ်ပွဲကို စတင်ကျုးကျော်ခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်က ရိုက်ကူးထားသည့် ဗီဒီယိုတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဟားမတ်စ်တို့ ကျူးလွန်ခဲ့သည်။

သို့သော် နေတန်ယာဟု၏ တင်းမာသော အစွန်းရောက်မှုသည် အစ္စရေးနှင့် ဟားမတ်စ်ကဲ့သို့သော ပါလက်စတိုင်းအဖွဲ့များကြား မငြိမ်မသက်ဖြစ်စေခဲ့သည်။ အစ္စရေးနိုင်ငံထုတ် Haaretz သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ယမန်နေ့က ထိုအချက်ကို ဝေဖန်ခဲ့သည်– “သူ၏ကြီးမားသောနိုင်ငံရေးအတွေ့အကြုံနှင့် လုံခြုံရေးကိစ္စရပ်များတွင် အစားထိုး၍မရသော ဉာဏ်ပညာအတွက် မိမိကိုယ်ကို အထင်ကြီးလွန်း၊ ဂုဏ်ယူလွန်းသော ၀န်ကြီးချုပ်သည် အစိုးရတစ်ရပ်ထူထောင်သည့်အခါတွင် အစ္စရေးနိုင်ငံကို သတိရှိရှိ ဦးဆောင်သွားရန်၊ အနီးကပ် အန္တရာယ်များကို ဖော်ထုတ်ရန် လုံး၀ ပျက်ကွက်ခဲ့သည်။ ပါလစ်စတိုင်းကို ထိန်းချုပ်ခြင်း နှင့် ကန့်သတ်ထားခြင်းများ ဖြင့် နေတန်ယာဟုသည် ပါလက်စတိုင်းတို့၏ တည်ရှိမှုနှင့် လူ့အခွင့်အရေးများကို ပွင့်ပွင့်လင်းလင်း လျစ်လျူရှုသည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ခဲ့ကြောင်း Haaretz က ပြောကြားခဲ့သည်။

… အမေရိကန်တွေက ဒါပေမယ့် အစွမ်းထက်တုန်း

ဘက်ပေါင်းစုံ ကွဲပြားမှုများ မြင့်တက်လာသည့်တိုင် အမေရိကန်သည် မဟာမိတ်များနှင့် ငြိမ်းချမ်းရေးကို အရယူပေးနိုင်စွမ်းရှိသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပါသည်။ အရှေ့အလယ်ပိုင်းတွင်၊ Trump အစိုးရက အစ္စရေးနှင့် အခြားလေးနိုင်ငံဖြစ်သည့် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်း၊ ဆူဒန်နှင့် မော်ရိုကိုတို့ကို Abraham Accords ဟုသိကြသည့် မကြုံစဖူး သံတမန်ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် ဆွဲဆောင်ခဲ့သည်။ မကြာသေးမီလများအတွင်းတွင်၊ အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားတို့အကြား ပို၍ပင် ရည်မှန်းချက်ကြီးသော သဘောတူညီချက်တစ်ခုဆီသို့ Biden အစိုးရက တိုက်တွန်းနိုင်ခဲ့သည်။

ဟားမတ်စ်သည် အစ္စရေး-ဆော်ဒီ သဘောတူညီချက်ကို ပျက်ပြားစေရန် တစ်စိတ်တစ်ပိုင်းအားဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကျွမ်းကျင်သူများစွာက ယုံကြည်ကြသည်။ ထိုသဘောတူညီချက်သည် ဟားမတ်စ်၏ ဆရာကြီး အီရန်ကို အထီးကျန်သွားစေနိုင်ပြီး ပါလက်စတိုင်းအာဏာပိုင်များအတွက် ဆော်ဒီ၏ ထောက်ပံ့ငွေများဝင်လာပါက လက်ရှိဟားမတ်စ်ထက် ပိုသဘောထားပျော့ပျောင်းစေသည် ပါတီတခုကို အာဏာရလာစေနိုင်သည်။ သို့သော်လည်း မကြာသေးမီက ဟားမတ်စ်တို့၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးက ဂါဇာကမ်းမြှောင်ကို ချေမှုန်း ဖျက်ဆီးလိုက်မည် ဆိုပါက ဆော်ဒီအာရေဗျသည် မည်သည့်သဘောတူစာချုပ်ကိုမဆို သဘောတူရန် ခက်ခဲလာမည်ဖြစ်သည်။

“ဆော်ဒီ - အာဗရာဟမ် သဘောတူညီချက်ကို မပျက်သွားစေဘူးဆိုရင်တောင် ဆက်အလုပ်ဖြစ်ဖို့ သိသိသာသာနှေးကွေးသွားမှာပါ” ဟု အမေရိကန်သံတမန်ဟောင်း Mara Rudman က The Times သို့ ပြောကြားခဲ့သည်။

ဤရှုမြင်ချက်များအရ ဟားမတ်စ်၏ တိုက်ခိုက်မှုများက အမေရိကန်၏ ကမ္ဘာ့ဩဇာအင်အားပြန်လည် ကြီးမားလာစေမှုကို ဟန့်တားရန် ကြိုးပမ်းမှုအဖြစ် ထင်မြင်နိုင်ပြီး၊ ဆက်လက်၍ ကမ္ဘာသည် ဘက်ပေါင်းစုံကွဲပြားနေသည် ကမ္ဘာခေတ်သစ်သို့ ဦးတည်လာစေသည်ဟု ဆိုနိုင်သည်။

အခုချိန်မှာ တစတစ ပျောက်ကွယ်လာနေတဲ့ အမေရိကန်၏ ဩဇာအာဏာကြီးမားမှု အစဉ်အလာရှိခဲ့တဲ့ခေတ်ကြီးကို ပြန်ပြီး တမ်းတရတော့မှာလား ပြန်မျော်လင့်ရတော့မှာလားလို့ စာဖတ်သူအချို့က မေးခွန်းထုတ်ကြလိမ့်မယ်လို့ နားလည်ပါတယ်။ ၎င်းတို့သည် ဗီယက်နမ်၊ အီရန်၊ ဂွာတီမာလာ သို့မဟုတ် အခြားနေရာများတွင် အမေရိကန်ကျုးလွန်ခဲ့သော မတရားမျှတများကို ထောက်ပြနိုင်ပါတယ်။   သို့သော် အမေရိကန်၏ ကမ္ဘာပုလိပ်ကြီးအဖြစ် စောင့်ကြပ်စွက်ဖက်မှုများကြောင့် ကမ္ဘာနေရာအတော်များများတွင်  အကြမ်းဖက်မှုကြောင့်သေဆုံးရခြင်းများ သိသိသာသာ ကျဆင်းသွားကာ သမိုင်းတစ်လျှောက် အငြိမ်းချမ်းဆုံးသော ခေတ်ကို  ခံစားခဲ့ရကြောင်း -  Steven Pinker က ၎င်း၏ 2011 စာအုပ်တွင် “The Better Angels of Our Nature” တွင် ဖော်ပြခဲ့သည်။ ဒီမိုကရေစီစနစ်တွင် နေထိုင်သူဦးရေ နိုင်ငံများ တိုးလာခဲ့ပါသည်။

Smith သည် အရှေ့အလယ်ပိုင်းစစ်ပွဲအသစ်အကြောင်း သူ၏ Substack သတင်းလွှာကို ဤနည်းဖြင့် နိဂုံးချုပ်ခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုအတွင်း ပြိုင်ဘက်များသည် ဖက်ရှင်တခုသဖွယ် ခေတ်စားသော အလုပ်တခုသဖွယ် အမေရိကန်၏ အစွမ်းသတ္တိကို ရှုတ်ချကြသည်၊ "American exceptionalism" အမေရိကန်၏ လူလွန်မသားဖြစ်နေမှု ကို လှောင်ပြောင်ပြောဆိုကြသည်၊ "ကမ္ဘာ့ပုလိပ်ကြီးအဖြစ်” မောက်မာသော လုပ်ဆောင်မှုများဟု ဝေဖန်ပြစ်တင်ခဲ့ကြသည်။ ဘက်စုံကမ္ဘာကြီးကို တောင့်တခဲ့ကြသည်။ တိုက်တွန်းခဲ့ကြသည်။  

ကဲ … အခု ကျွန်တော်တို့မှာ အဲဒီ ဘက်ပေါင်းစုံတဲ့ ကမ္ဘာသစ် ကို ရနေပါပြီ။ သင် ဒါကို ကြိုက်တယ်ဆိုရင်လည်း ပြီးတာပါပဲ လို့ နိဂုံးချုပ်ထားပါတယ်။

နယူးယောက်တိုင်း အောက်တိုဘာ ၉၊ မနက်ခင်းသတင်းလွှာ အယ်ဒီတာ - David Leonhardt ၏ စာကို ပြန်ရေးပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar