Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၆ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၆ )

(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၃

29/10/23

Diary in the darkness    

လားရှိုးက စစ်ရှောင်လာတဲ့ သူငယ်ချင်းမိသားစု မနေ့က မေမြို့‌ ရောက် လာပြီတဲ့။ သူတို့ အမေအိုကိုလည်း အပါခေါ်ခဲ့နိုင်တယ်။ သူတို့ မေမြို့ တည်းခိုခန်းမှာ နှစ်ရက်လောက် နားဖို့ ပြင်ဆင်ထားကြတယ်။ အမေအိုရဲ့ ကျန်းမာရေးကြောင့်ပါ။

မနေ့ညက လားရှိုးမှာ တညလုံး တိုက်ပွဲတွေ ဖြစ်နေတယ်။ လားရှိုး သိမ်းပြီးရင် မေမြို့ကို သိမ်းမယ်လို့ ခန့်မှန်းနေကြတယ်။ ၂၇ ရက်နေ့က မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့စစ်ဆင်‌ရေး အောင်ပွဲကြောင့် နွေဦးတော်လှန်ရေးကို ထောက်ခံသူတွေ အားရဝမ်းသာဖြစ်ကြတယ်။ အားတက်ကြတယ်။

စစ်ဆင်ရေးနာမည်က ၁၀၂၇ ဖြစ်တယ်။ စစ်ဆင်ရေးလုပ်မယ့် ရက်စွဲကို အခြေပြုနာမည်ပေးထားတာပါ။ ထူးခြားတာက ဒီတိုက်ပွဲဟာ ညီနောင်သုံးဖွဲ့ နွေဦးတော်လှန်ရေးထဲ ပေါ်ပေါ်တင်တင် ပါဝင်လာကြောင်းနဲ့ မင်းအောင်လှိုင်စစ်တပ်ကို ပြတ်ပြတ်သားသား တိုက်ခိုက်တော့မယ်ဆိုတာ ပြသလိုက်တာပါပဲ။

လားရှိုး - မူဆယ်လမ်း၊ လားရှိုး-ချင်းရွှေဟော်လမ်းတွေကို မင်းအောင်လှိုင်တပ်တွေ စွန့်လွှတ်ခဲ့ရပါပြီ။ မန္တလေး - မြစ်ကြီးနား လမ်းကတော့ မင်းအောင်လှိုင်တပ်က အသုံးမပြုနိုင်ခဲ့တာ ကြာပေါ့။ တနည်းပြောရရင် မြန်မာပြည်မြောက်ပိုင်းကို မင်းအောင်လှိုင် လက်လွှတ်လိုက်ရပြီ ဆိုတဲ့ အခြေအနေပါ။

ညီနောင်သုံးဖွဲ့ရဲ့ ကြေညာချက်မှာ လောင်းကစားဝိုင်းတွေ နှိမ်နင်းဖို့ တရုတ်အကြိုက် ကြေညာချက်နဲ့ ပြည်သူတွေ တကယ်လိုအပ်နေတဲ့ နွေဦးတော်လှန်ရေး အောင်နိုင်ဖို့ ဆိုတဲ့အချက်နှစ်ချက်ကို ဦးတည်ထားတာ တွေ့ရပါတယ်။ ဒါကိုကြည့်ရင် ညီနောင်သုံးဖွဲ့က တရုတ်ကို မဆန့်ကျင်ဘဲ နွေဦးတော်လှန်ရေး လုပ်ဆောင်မှာ ဖြစ်တယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ဖြစ် ပြည်သူ့သဘောထားကို မထီမဲ့မြင်ပြုခဲ့တဲ့ မင်းအောင်လှိုင်တပ်‌တွေရဲ့နောက်ဆုံးနေ့ရက်တွေကို ကျနော်တို့ မြင်နေရပါပြီ။

သတင်းတွေ ဖတ်ရင်း၊ ငေးရင်း၊ တွေးရင်းနဲ့ ညနေစောင်းခဲ့ပြီ။

လမ်းထိပ်မှာ မုန့်ဟင်းခါး စတုဒိသာ ကျွေးမယ် တဲ့။ ဝိုင်းကူဖို့ လာခေါ်ပါတယ်။ မနေ့ညက မိုးရွာထားတော့ လမ်းပေါ်မှာ ဗွက်တွေ ထနေပါတယ်။ လမ်းလျှောက်ရတာ မလွယ်ပါဘူး။ လက်တဖက်က တုတ်ကောက်ကို ထောက်ကာ ကိုယ့်ဟန်ချက် ကိုယ်ထိန်းနေရသလို အခြားလက်တဖက်ကတော့ ကိုယ့်ထက် အခက်အခဲရှိသူတွေကို ဖေးကူဖို့ မုန့်ဟင်းခါးနဲ့ လိုက်ဖက်တဲ့ အကြော်ထုပ်ကလေး ဆွဲသွားပါတယ်။ 

အမှောင်ခေတ်ထဲ ဒီလိုပဲ ဘဝနေဝင်ဆည်းဆာကို ဖြတ်သန်းနေရတာပါ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar