Breaking News

ရှမ်းမြောက်က တိုက်ပွဲတွေ ကားလမ်းတလျှောက်နဲ့ နောင်ချို၊ ဂုတ်တွင်း၊ သိန္နီ၊ ထီးချိုင့် အထိကျယ်ပြန့်လာ


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၃၀ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၃


ရှမ်းမြောက်က တိုက်ပွဲတွေ ကားလမ်းတလျှောက်နဲ့  နောင်ချို၊ ဂုတ်တွင်း၊ သိန္နီ၊ ထီးချိုင့် အထိကျယ်ပြန့်လာ

ရှမ်းမြောက်ဒေသက တိုက်ပွဲသတင်းတွေ နေ့အလိုက် ဖော်ပြနေကြရာမှာ စတင်တိုက်ခိုက်ပြီး စတုတ္ထမြောက်နေ့မှာတော့ တိုက်ပွဲတွေက မန္တလေး-လားရှိုး-မူဆယ် ကားလမ်းကြောင်း တလျှောက် အနောက်တောင်ဘက် တနည်းအားဖြင့် အောက်ဘက်ကို ပိုရောက်လာပြီး ဂုတ်တွင်း၊ နောင်ချိုတို့အထိ ရောက်လာနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲတွေရဲ့ နောက်ဆုံး အခြေအနေတွေနဲ့  ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်တာမျိုး မရှိပါဘူး၊ စတင်တိုက်ခိုက်ခံရပြီး နောက်ရက်မှာတော့ ချင်းရွှေဟော်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်လို့ စခန်းငယ်တွေ သိမ်းခံရတာကို ဝန်ခံထားပေမယ့် အသေးစိတ်တော့ ထုတ်ပြောတာမျိုး မရှိပါဘူး။ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်နေစဥ်မှာပဲ စစ်ကောင်စီက တရုတ်နိုင်ငံရဲ့ ထောက်ခံမှုရအောင် ကြိုးပမ်းမှုတခုအနေနဲ့ ဝ နယ်နဲ့ မိုင်းလားဒေသတို့က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းရေးကိစ္စနဲ့ပတ်သက်လို့ တရုတ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ Phoenix News သတင်းဌာနကို အင်တာဗျူးဖြေကြားပေးကာ တရုတ်နိုင်ငံက သိရှိအောင်ကြိုးစားခဲ့တာလည်း တွေ့ရပါတယ်။   

ဒီနေ့ နောက်ဆုံး သတင်းအကြောင်းအရာတွေအနက် စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တဲ့အနေနဲ့ သိန္နီမြို့အဝင်တံတားကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ၂၉ ရက်နေ့ ည သန်းခေါင်ကျော် ၃၀ ရက်နေ့ နံနက် ၁ နာရီခွဲကျော်မှာ ဖောက်ခွဲလိုက်တာကြောင့် တံတားကျိုးကျသွားပြီး လားရှိုး- မူဆယ်လမ်းပိုင်း ကားတွေသွားလာလို့ မရတော့တဲ့ အနေအထားမျိုး ရောက်ရှိပါတယ်။  ကျောက်မဲ နဲ့ နောင်ချိုအကြား ဂုတ်တွင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ကားလမ်းကို ပိတ်ထားလိုက်ပြီး၊ နောင်ချိုမြို့ အပြင်ဧရိယာတွေမှာ TNLA နဲ့ MDY PDF တို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြထားကြသလို တချို့သတင်းတွေကတော့ နောင်ချိုမြို့ထဲမှာ ရောက်ရှိနေပြီ ဆိုတာမျိုး ရေးသားကြတာလည်း တွေ့ရပါတယ်။ 

ဒီနေ့နောက်ထပ် စစ်မျက်နှာတခုကတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေပါ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ထွက်ခွာသွားကြတဲ့ အနေအထားဖြစ်ပါတယ်။ ကျောက်မဲမြို့က ငြိမ်းချမ်းရေးကုန်းက ဂိတ်စခန်း၊ တရားရုံး အစရှိတဲ့ အစိုးရရုံးတွေလည်း လူမရှိတော့ဘဲ ပိတ်ထားကြတဲ့ အနေအထားမျိုး သတင်းတွေမှာ တွေ့ရတာ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်တွေအနေနဲ့ ၄င်းတို့ရဲ့ တပ်ရင်းတွေကိုသာ အဓိကကာကွယ်ရမယ့် အခြေအနေမျိုးဖြစ်ပြီး အရပ်ဘက်ဌာနဆိုင်ရာ ရုံးတွေ ကားလမ်းတွေကို အားလုံးကာကွယ်နိုင်တဲ့ အခြေအနေမျိုး မဟုတ်တာတွေ့ နေရပါတယ်။ 

ဒီနေ့ မှာ နောက်ထပ်တိုက်ပွဲဖြစ်တဲ့နေရာကတော့ စစ်ကိုင်းတိုင်း ကသာခရိုင်ထဲက ထီးချိုင့်မြို့မှာ တိုက်ပွဲတွေဖြစ်ပွား နေတဲ့ သတင်းဖြစ်ပါတယ်။ ကေအိုင်အေ/ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့ နဲ့ AA တပ်တွေက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ ထီးချိုင့်မြို့က တိုက်ပွဲတွေ ဖြစ်ပွားနေတာကို ကြည့်ရင် ရှမ်းမြောက်က တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတာ၊ ကားလမ်းတလျှောက် နဲ့ နယ်စပ်တလျှောက်၊ ဧရာဝတီမြစ်ဘေးက ထီးချိုင့်အထိ ရောက်ရှိလာခြင်းက စစ်ကောင်စီအဖို့ အန္တရာယ်ကျရောက်နေတဲ့ သဘောမျိုး ကောက်ချက်ချနိုင်ပါတယ်။ 

ဒီ ၁၀၂၇ စစ်ဆင်ရေးက မြို့တွေ သိမ်းယူနိုင်လောက်တဲ့ အနေအထားရောက်ချင်မှရောက်မှာ ဖြစ်ပေမယ့် စစ်ကောင်စီရဲ့ မဟာဗျူဟာအရ ထိန်းသိမ်းထားနိုင်တဲ့ ရှမ်းမြောက် နဲ့ မန္တလေးတိုင်း ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ထားနိုင်တဲ့ အနေအထား ရှမ်းမြောက်က စစ်ကောင်စီ စခန်းတွေကို ဟိုနားသည်နား ဖဲ့ခြွေတိုက်ခိုက်သိမ်းယူနေတဲ့ အနေအထားက စစ်ကောင်စီ အဖို့ စစ်ရေးအရ ထိန်းထားနိုင်တယ်ဆိုတဲ့ ကောက်ချက်ကို ချေဖျက်ခဲ့တဲ့ သဘောလည်းဖြစ်ပါတယ်။ 

တဖက်မှာတော့ တိုက်ပွဲတွေ ကျယ်ပြန့်လာခြင်းကြောင့် စီးပွားရေး ကုန်သွယ်မှုအပိုင်းတွေမှာ ကြီးကြီးမားမား ထိခိုက်စရာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏ အများဆုံး ဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို သီတင်းပတ် သို့မဟုတ် လနဲ့ချီကြာ ပိတ်ထားခဲ့ရရင် ကုန်သွယ်ရေး ရပ်တန့်မှုကြောင့် အကျိုးစီးပွား ထိခိုက်နစ်နာရမယ့်အနေအထားမှာ တရုတ်နိုင်ငံအနေနဲ့ မထောင်းထာလှပေမယ့် မြန်မာနိုင်ငံဘက်က စိုက်ပျိုးရေး ပို့ကုန်၊ ကုန်ကြမ်းတင်သွင်းမှု၊ လူသုံးကုန်ပစ္စည်း တင်သွင်းမှု စတာတွေမှာ ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ လောလောဆယ် တရုတ်နိုင်ငံဘက် တင်ပို့ဖို့ လမ်းခရီးမှာ ရောက်နေတာ တရုတ်နယ်စပ်မှာ ရောက်နေတဲ့ စိုက်ပျိုးရေးထွက်ကုန် အသီးအနှံတွေ နယ်စပ်စစ်ဆေးရေးဂိတ် ပိတ်ထားလို့ မရောင်းချနိုင်ဘဲ ပျက်စီးဆုံးရှုံးတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာလည်း ဖြစ်ပါတယ်။ 

အခုလို ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ရှမ်းပြည်နယ် နယ်စပ်ဒေသတွေမှာ တိုက်ပွဲဖြစ်နေချိန် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေအပေါ်  သြဇာရှိတယ်ဆိုတဲ့ တရုတ်နိုင်ငံက နိုင်ငံတော်ကောင်စီဝင် တဦး နေပြည်တော်ကို လာဖို့ရှိတဲ့ သတင်းနဲ့ တရုတ်နိုင်ငံ ရှင်ကျန်းဖိုရမ် တက်ရောက်နေတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌဖြစ်သူတို့ ဘီဂျင်းမြို့မှာ တွေ့ဆုံတဲ့ သတင်းတွေလည်း ပေါ်ထွက်လာပါတယ်။ တရုတ်စစ်ကော်မရှင် ဒုဥက္ကဋ္ဌက နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့ ပြောဆိုကြောင်း သတင်းတွေထဲပါရှိပါတယ်။

ပြည်တွင်းမှာ တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ တရုတ်နိုင်ငံအနေနဲ့ တိုက်ရိုက် ဝင်ရောက်စွက်ဖက်တာမျိုး မရှိနိုင်ပေမယ့် တရုတ်-မြန်မာ နယ်စပ်မျဥ်းအနီးက မြို့တွေ၊ ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ စိုးရိမ်မှုတွေ ရှိနေမှာ သံသယဖြစ်စရာ မရှိပါဘူး။ 

ရှမ်းမြောက်ဒေသကို ဖြတ်သန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ကုန်သွယ်ရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း စတဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်လို့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ တိုက်ရိုက်ထိပါးမှာ မဟုတ်ပေမယ့် ဒေသတွင်းမှာ လက်နက်ကိုင် တိုက်ပွဲတွေ ကျယ်ပြန့်လာတဲ့ အနေအထားက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဘယ်လို အကျိုးသက်ရောက်နိုင်သလဲဆိုတာ တရုတ်နိုင်ငံအနေနဲ့ စောင့်ကြည့် အကဲဖြတ်နေမှာ မြေကြီးလက်ခတ် မလွဲပါဘူး။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar