Breaking News

ပြန်ရဖို့မသေချာတော့သည့် ထိုအခိုက်အတန့် (သို့မဟုတ်) ဖျတ်ခနဲ မြင်ခဲ့ရသော ငြိမ်းချမ်းရေးအရိပ်အယောင်


သီအိုဇော် - ပြန်ရဖို့မသေချာတော့သည့် ထိုအခိုက်အတန့် (သို့မဟုတ်) ဖျတ်ခနဲ မြင်ခဲ့ရသော ငြိမ်းချမ်းရေးအရိပ်အယောင်

(မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၃


ဒီနေ့ ဒီအချိန်လို စစ်ရှိန်မြင့်တက်နေတဲ့ ကာလမှာ တချိန်တခါက အစ္စရေးခေါင်းဆောင်နဲ့ ပါလက်စတိုင်းခေါင်းဆောင် တဦးနဲ့တဦး အပြန်အလှန် လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးအုတ်မြစ်ချဖို့ ကြိုးစားခဲ့ကြဖူးတာကို ပြန်ပြောင်း စဉ်းစားနေမိပါတယ်။ 

အခုအခါမျိုးမှာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးဆိုတာက လက်တွေ့ ကျတဲ့ စကားလုံးဖြစ်နိုင်ပါ့မလားလို့လည်း တွေးချင်စရာပါ။ 

နောက်ကွယ်မှာ ဆော်ဒီ အိမ်ရှေ့မင်းသားက အီရန်သမ္မတနဲ့ စကားပြောတာ၊ တူရကီသမ္မတက ဟားမတ်စ်နဲ့ အဆက်အသွယ်လုပ်ခဲ့တာ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ လွန်းပျံသွားနေတဲ့ ခရီးစဉ်များ၊ ဂျော်ဒန်ဘုရင်က ဗြိ တိန်ဝန်ကြီးချုပ်နဲ့ လန်ဒန်မှာ တွေ့ဆုံကြတာ အစရှိတဲ့နိုင်ငံတကာရဲ့ ခပ်စိတ်စိတ် ကြိုးပမ်းနေမှုတွေကို ကြားသိနေ ရပေမယ့် မျှော်လင့်ချက်ကြီးကြီး ထားရှိဖို့ ခက်ခဲတာ သဘောပေါက်ထားကြပါတယ်။ ပိုကြီးမားတဲ့ ဒေသတွင်း ပဋိပက္ခအသွင် ဆောင်မသွားဖို့ကိုပဲ ရင်တမမ ဖြစ်နေကြရတာပါ။

ဒီလိုအချိန်မျိုးမှာ လုံးလုံးလျားလျား အာမမခံနိုင်ပေမယ့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် တက်လုတက်ခင် အနေအထားမျိုး ဖြစ်ခဲ့ဖူးတဲ့ ကာလတခု အကြောင်းကို ပြန်သတိရနေမိပါတယ်။

ဘီစီရာထောင်ချီ ပြန်လှည့်သွားပြီး ပြောလို့ရတဲ့ သမိုင်းဖြစ်တဲ့အပြင် သိမ်မွေ့ နက်နဲသလို ရှုပ်ထွေးမှုများကလည်း ရှိပေမယ့် နောက်ခံသမိုင်းကို ထည့်ပြောမှသာ ဇာတ်ရည်ပိုလည်နိုင်တာကြောင့် အကျဉ်းဖော်ပြဖို့ လိုအပ်ပါလိမ့် မယ်။ အငြင်းပွားလေ့ရှိတဲ့ နယ်မြေပိုင်ဆိုင်မှု၊ အခြေချနေထိုင်မှုတို့ ဆိုတာကလည်း အချိန်အပိုင်းအခြားတခု ကြား က ဖြတ်ပြောတဲ့အခါ ပိုအကဲဆတ်သွားမှာကို သတိထားရပြန်ပါတယ်။

သမိုင်းအချက်အလက်တွေ မထိခိုက်ဖို့ လိုအပ်သလို သိပ်မလေးပင်ပဲ နောက်ကြောင်းပြန် စဉ်းစားလို့လည်း လွယ်ကူစေရန်အတွက် တူရကီတို့ရဲ့ အော်တိုမန်အင်ပါယာ လက်ထက်ကနေ ခြေရာကောက်ကြည့်လိုပါတယ်။

အော်တိုမန်ဧကရာဇ် Selmin I အနေနဲ့ (၁၅၁၂-၁၅၂၀) ခုနှစ်အထိသာပဲ အုပ်စိုးခဲ့ပေမယ့် သူ့လက်ထက်မှာ နယ်မြေသစ်များစွာကို အော်တိုမန်အင်ပါယာလက်အောက်ထဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ပါလက်စတိုင်းဒေသလည်း ပါရှိသွားခဲ့ပါတယ်။ 

ပထမကမ္ဘာစစ်မှာ အော်တိုမန်အင်ပါယာက ဗဟိုအင်အားကြီးနိုင်ငံများဘက်က ပါဝင် တိုက်ခိုက်ခဲ့ပြီး စစ်ရှုံးခဲ့ပါတယ်။

နိုင်ငံပေါင်းချုပ်အသင်းကြီး (The League of Nations)ရဲ့ အစီအမံနဲ့ စစ်ရှုံးနိုင်ငံပိုင်နက်များကို စစ်နိုင်နိုင်ငံများထံ ခွဲဝေပေးခဲ့တဲ့အခါ အော်တိုမန်အင်ပါယာအောက်မှာ နှစ်ပေါင်းလေးရာခန့် နေခဲ့ရတဲ့ ပါလက်စတိုင်းလည်း ဗြိတိသျှ အုပ်ချုပ်ခွင့်ရ ပါလက်စတိုင်း( The British Mandate for Palestine) ဖြစ်လာခဲ့ပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး အာသာဘဲလ်ဖေါ (Arthur Balfour)ကို အစွဲပြုပြီး အမည်တွင်ခဲ့တဲ့ ဘဲလ်ဖော ကြေညာစာတမ်း (၁၉၁၇ခုနှစ် နိုဝင်ဘာ ၂ရက်)ပါ အချက်အလက်ကို စစ်ကြီးအပြီးမှာ လက်ခံထည့်သွင်း အသုံးပြုခဲ့ကြပါတယ်။ ဒီ ဘဲလ်ဖောအဆိုပြုချက် အကျဉ်းချုပ်က ဗြိတိသျှအုပ်ချုပ်ခွင့်ရ ပါလက်စတိုင်းမှာ ဂျူးလူမျိုးများ နေထိုင်ခွင့်ကို ဂျူးလူမျိုး မဟုတ်သူများရဲ့ ဘာသာရေး၊ လူမှုအခွင့်အရေးတွေ မထိခိုက်စေဘဲ ဆောင်ရွက်စေနိုင်ဖို့ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး နိုင်ငံပေါင်းချုပ်အသင်းကြီးနေရာမှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး အစားထိုး ပေါ်ပေါက်လာပါတယ်။ The United Nations Special Committee on Palestine (UNSCOP) ကို ၁၉၄၇ ခုနှစ် မေလမှာ ဖွဲ့ စည်းခဲ့ပြီး ပါလက်စတိုင်း၊ဂျူး နယ်မြေအရေးကိစ္စ ဆွေးနွေးဆောင်ရွက်စေခဲ့ပါတယ်။

၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံက ပါလက်စတိုင်း-ဂျူး အရေးကိစ္စကို ဖြေရှင်းပေးဖို့ ညီလာခံဆုံးဖြတ်ချက်-၁၈၁ ကို မဲခွဲအတည်ပြုပေးခဲ့ပါတယ်။

ဒီအဆိုပြုချက်အရ ဗြိတိသျှ အုပ်ချုပ်ခွင့်ရ ပါလက်စတိုင်းကို သီးသန့်ပါလက်စတိုင်းအာရပ်နိုင်ငံ၊သီးသန့်ဂျူးနိုင်ငံတို့အဖြစ် ခွဲဝေသတ်မှတ်ပေးပြီး ဂျေရုဆလင်ကိုတော့ ဘယ်သူ့နယ်မြေထဲမှ မထည့်ဘဲ နိုင်ငံတကာရဲ့ ကြီးကြပ်စီရင် အုပ်ချုပ်မှုအောက်မှာ သီးသန့်ထား ရှိဖို့ ဖြစ်ပါတယ်။ ဂျူးတို့က လက်ခံခဲ့ပြီး ပါလက်စတိုင်းတို့ဘက်က ငြင်းပယ်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့ အစ္စရေး လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။

အဓိကကျတဲ့ နိုင်ငံတကာနဲ့ အဖွဲ့အစည်းများရဲ့ ဝင်ရောက်အဖြေရှာ ကြိုးပမ်းပေးမှုတွေကို ဖော်ပြနေတာဖြစ်တဲ့ အတွက် အစ္စရေးလွတ်လပ်ရေး ကြေညာပြီးတဲ့နောက် ဖြစ်ပွါးခဲ့တဲ့ အာရပ်-အစ္စရေး (၁၉၄၈) နဲ့ အာရပ်-အစ္စရေး (၁၉၆၇)၊ အာရပ်-အစ္စရေး (၁၉၇၃) စစ်ပွဲတွေ အကြောင်းအသေးမစိတ်တော့ပါဘူး။ 

အစ္စရေး-ပါလက်စတိုင်း အရေးကို အဓိကဦးတည်တဲ့အတွက် သမ္မတဂျင်မီကာတာ လက်ထက်က အစ္စရေး-အီဂျစ် သမိုင်းဝင် Camp David Accords အပါအဝင်အခြားနိုင်ငံတကာ ညှိုနှိုင်းပေးမှုများကိုလည်း ချန်လှပ်ခဲ့ပါတယ်။ တကယ်တော့ အာရပ်ကမ္ဘာ နဲ့ အစ္စရေးအကြား ပြဿနာတွေကတခုနဲ့တခု ချိတ်ဆက်ငြိတွယ်နေကြတာပါ။

အထက်က ပြောခဲ့သလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်- ၁၈၁ နဲ့ အားထုတ်အဖြေရှာမှုက မှတ်တမ်းတင်အပ်ပေမယ့် အဖြေတခု ဖြစ်မလာနိုင်ခဲ့တာက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် တာထွက်မကောင်းခဲ့ဘူးလို့ပဲ ဆိုကြရပါမယ်။

၁၉၉၃ ခုနှစ်မှာတော့ ငြိမ်းချမ်းရေး မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့သယောင် ရှိခဲ့ပါတယ်။ တဆင့်ပြီးတဆင့် ရှေ့ဆက် တက်လှမ်းသွားမယ့် ငြိမ်းချမ်းရေးအစီအစဉ်တွေအတွက်အခြေခံအုတ်မြစ်လို့ ပြောနိုင်တဲ့ အော်စလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (The Oslo Accords)ကို သမ္မတ ကလင်တန်လက်ထက် ၁၉၉၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က အိမ်ဖြူတော်မှာ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

ဒါဟာ ယေဘုယျ မူဝါဒ ကြေညာချက် အဆင့်ကိုသာ လက်မှတ်ထိုးကြတာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်များ အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်သွားကြရမှာဖြစ်ပြီး နောက်ဆုံးငြိမ်းချမ်းရေး သဘောတူညီချက်ကိုတော့ ၁၉၉၉ ခုနှစ်တဝိုက်မှာ အပြီးသတ်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

အစ္စရေးနိုင်ငံဘက်က နိုင်ငံခြားရေးဝန်ကြီး ရှီမွန်းပဲရက်စ် (Shimon Peres)နဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO)ကိုယ်စား ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ် (Mahmoud Abbas) က လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ဒီသမိုင်းဝင် အခမ်းအနားမှာ သမိုင်းဝင်ဓါတ်ပုံ ဖြစ်သွားခဲ့တာကတော့ အစ္စရေးဝန်ကြီးချုပ် ရစ်ဇက်ရာဘင် (Ritzhak Rabin)နဲ့ ပီအယ်လ်အို ဥက္ကဋ္ဌ ယာဆာအာရာဖတ် (Yasser Arafat) တို့နှစ်ဦး အပြန်အလှန် လက်ဆွဲနှုတ် ဆက်ကြတဲ့ပုံ ဖြစ်ပါတယ်။

နိုင်ငံတကာအနေနဲ့ အော်စလိုငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောချောမွေ့မွေ့ အစပြုနိုင်မှုအတွက် စိတ်လှုပ်ရှားကြသလို အကောင်းလည်းမြင်ခဲ့ကြပါတယ်။ 

ရစ်ဇက်ရာဘင်၊ ယာဆာအာရာဖတ်၊ ရှီမွန်းပဲရက်စ်တို့ သုံးဦးသား ၁၉၉၄ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ကြရပါတယ်။

အားလုံး အဆင်ပြေပြေလို့ ပြောလို့တော့ မရပါဘူး၊ အဖုအထစ်လေးနဲ့ပါ။ နိုဘယ်ဆုကော်မတီမှာပါဝင်တဲ့ နော်ဝေ အစိုးရအဖွဲ့ ဝန်ကြီးဟောင်းတဦးဖြစ်သူ Kåre Kristiansen က အာရာဖတ်လို အကြမ်းဖက်ကို နိုဘယ်ဆု ပေးတာကို မကျေနပ်ဘူးဆိုပြီး ကော်မတီကနေ ဆန္ဒပြ နုတ်ထွက်ခဲ့လို့ပါ။ ပီအယ်လ်အိုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကလည်း ဖုံးကွယ်လို့ မရတဲ့ကာလ ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ အာရာဖတ်နဲ့အတူ ယှဉ်တွဲပြီး အော်စလိုငြိမ်းချမ်းရေး လုပ်ငန်းစဉ် အုတ်မြစ်ချကြတဲ့နေ့မှာ ရာဘင်က သူ့အတွက်၊ သူလို အစ္စရေးစစ်သားတယောက်အတွက် လွယ်ကူတဲ့အရာမဟုတ်ဘူးလို့ အဲဒီနေ့က မိန့် ခွန်းထဲမှာ ထည့်ပြောခဲ့ပါသေးတယ်။

တကယ်တော့ ရာဘင်က သာမန်စစ်သားတဦး မဟုတ်ပါဘူး၊အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF)ရဲ့တာဝန်အရှိဆုံး စစ်ဦးချုပ် ဖြစ်ခဲ့သူပါ။ စိတ်ခံစားမှုများစွာကို ထိန်းချုပ်ပြီးငြိမ်းချမ်းရေး ရှေးရှုဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အာရာဖတ်အတွက်လည်း ထိုနည်းလည်းကောင်း ဖြစ်မှာပါ။ဒီမတိုင်မီကဆိုရင် သူတို့နှစ်ယောက်က မဟာရန်သူတော်ကြီးနှစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။

သူတို့နောက်မှာရှိတဲ့ သက်ဆိုင်တဲ့ ပြည်သူအားလုံးက ဒီလုပ်ရပ်ကို ထောက်ခံကြတာ မဟုတ်ပါဘူး။ ဆန့်ကျင်တဲ့ အင်အားစုတွေကို ကိုယ်စီရင်ဆိုင်နေကြရတာပါ။ ရာဘင်ကို လက်ယာယိမ်း အစွန်းရောက်ဝါဒီ​တွေက ဆန္ဒပြကြသလို အာရာဖတ်ကလည်း ဟားမတ်စ်လို စစ်သွေးကြွအစွန်းရောက်တွေရရဲ့ ဆန့်ကျင်မှုကိုခံပြီး ငြိမ်းချမ်းရေးလမ်းပေါ်  တက်ခဲ့ကြရတာ

ဖြစ်ပါတယ်။

အာရာဖတ်က ပီအယ်လ်အိုရဲ့ ခေါင်းဆောင်ဖြစ်သလို ပီအယ်လ်အိုကို အဓိကမောင်းနှင်တဲ့ ဖာတာအဖွဲ့ကို တည်ထောင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ဟားမတ်စ်နဲ့ ဖာတာ နှစ်ဖွဲ့ အမြင်ကွဲနေတာက အဲဒီကတည်းကပါ။

အော်စလိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ မျှော်လင့်ထားခဲ့ကြသလို အောင်မြင်စွာ အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အရင်ကမရရှိဖူးတဲ့ တိုးတက်မှုတချို့ကိုတော့ ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဥပမာအားဖြင့် အစ္စရေးနိုင်ငံ တည်ရှိမှုကို အသိအမှတ်ပြုပေးခဲ့ပြီး အစ္စရေးဘက်ကလည်း ပီအယ်လ်အိုအဖွဲ့ကို ပါလက်စတိုင်း ပြည်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အဖြစ် ပြန်အသိအမှတ်ပြုခဲ့ပါတယ်။ ပီအယ်လ်အိုက အကြမ်းဖက်လုပ်ငန်းတွေ ရပ်ဆိုင်းပေးဖို့လည်း သဘောတူခဲ့ပါတယ်။

ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ အစည်း (Palestinian Authorithy) ကိုလည်း ဖွဲ့စည်းကြပြီး ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းဒေသတို့မှာ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒီနေရာမှာ ဖြည့်စွက်ပြောရရင် ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံ တည်ရှိမှုကို လုံးဝ အသိအမှတ်မပြုပါဘူး။

ဘယ်လိုအမြင်ပဲရှိရှိ ဘယ်ဘက်ကပဲ ရပ်တည်ပါစေ၊ ဝေဖန်ဆန့်ကျင်မှုများကြားက ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့ကြတဲ့ ရာဘင်နဲ့ အာရာဖတ်တို့ရဲ့ သတ္တိကိုတော့ ချီးကျူးကြရပါလိမ့်မယ်။ 

အခုလို စစ်မီးဟုန်းဟုန်းတောက်နေတဲ့အချိန်မှာ သူတို့တတွေ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို သတိတရအသိအမှတ်ပြုမိကြမယ် ထင်ပါတယ်။ သတ္တိလို့ ရည်ညွှန်းရတာက အသက်အန္တရာယ်ပေးနိုင်တဲ့ ဆန့်ကျင်ဘက် အင်အားစုများကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး အနာဂတ်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြတဲ့အတွက်ပါ။

အသက်အန္တရာယ်ဆိုတဲ့ စကားလုံးကလည်း ပေါ့ပေါ့လေး သုံးလိုက်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ ရာဘင်ဟာ လူမျိုးရေး ဘာသာရေး အစွန်းရောက် ဂျူးလူမျိုး ရစ်ဂယ်လ် အေမီရာ(Yigal Amir)ရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရတဲ့ အတွက်ပါ။

အမေရိကန် ကောင်စစ်ဝန်ချုပ် အက်ဒွပ်အက်ဘင်တန် (Edward Abington)က အာရာဖတ်ကို ဒီသတင်းပြောကြားလိုက်တဲ့အခါမှာတော့ စိတ်မကောင်းမှု ထိတ်လန့်မှု ကြေကွဲမှုများကြားက ‘ငါ့ရဲ့လုပ်ဖော်ကိုင်ဖက် ပါတနာ တယောက်ကို ငါဆုံးရှုံးလိုက်ရပြီ’ ဆိုပြီး အာရာဖတ် မျက်ရည်ကျခဲ့တယ် ဆိုပါတယ်။

တကယ်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့သာ လက်တွဲခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုသာ မဟုတ်လို့ကတော့ ကျိန်ဆိုထားကြတဲ့ ရန်သူစစ်စစ်ကြီးနှစ်ဦး၊ တယောက်မျက်နှာ တယောက် မကြည့်ချင်တဲ့သူ၊ တယောက် အသား တယောက် မထိချင်ခဲ့သူတွေ ဖြစ်ခဲ့မှာပါ။ အင်မတန် ခက်ခက်ခဲခဲ နှုတ်ဆက်ခဲ့ရတဲ သမိုင်းဝင်ဓာတ်ပုံက သူတို့အတွက်တော့ ဟုတ်ဟန် မတူပါဘူး၊ အရာများစွာကိုမျိုသိပ်ပြီး ငြိမ်းချမ်းရေးအတွက်ပဲ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။

လူမျိုးစု နှစ်စုအကြား ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်ခဲ့ကြလည်း ရန်သူနှစ်ဦးကြားမှာတော့ အတိုင်းအတာ တခုအထိ နားလည်မှု ရရှိခဲ့ကြပုံပါ။ အနည်းဆုံးတော့ အော်စလို လုပ်ငန်းစဉ် မစတင်မီ ကာလနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင်လို့ ဆိုနိုင်ပါလိမ့်မယ်။

ရာဘင် မရှိတော့တဲ့ နောက်ပိုင်းမှာလည်း အော်စလိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်ပြီးလုပ်ဆောင်ကြပါသေးတယ်။ ဒါပေမဲ့ ဝေဖန် ထောက်ပြခဲ့ကြသလို ဒီဇိုင်းပုံသဏ္ဌာန်သာမကအကောင်အထည်ဖော်ဆောင်ရေးတွေမှာပါ အားနည်းချက်တွေရှိခဲ့တဲ့အတွက် ရည်မှန်းချက် မပြည့်မီခဲ့ဘူးလို့ပဲ ပြောကြရတော့မှာပါ။

ဒီဝေဖန်မှုတွေကို ငြင်းပယ်လို့ မရနိုင်တဲ့ အကြောင်းတွေ ရှိပါတယ်။ ဥပမာ တကယ်အရေးကြီးတဲ့ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းဒေသမှာ ဂျူးလူမျိုး ရွှေ့ပြောင်းအခြေချနေထိုင်သူများနဲ့ပတ်သက်တာကို အော်စလို လုပ်ငန်းစဉ်ထဲ ထည့်သွင်းမထားခဲ့ပါဘူး။ အနောက်ဘက်ကမ်းဒေသမှာ မပြတ် ဖြစ်နေတဲ့ တင်းမာမှုတွေက ဒီ လိုရွှေ့ပြောင်း အခြေချမှုတွေနဲ့လည်း ပတ်သက်နေပါတယ်။ 

တကယ်တော့လည်း အစ္စရေး-ပါလက်စတိုင်းအရေး ညှိနှိုင်းမှုတွေမှာ ဘယ်လိုပဲ စနစ်တကျ သိမ်သိမ်မွေ့မွေ့ အကွက်စေ့စေ့ ရေးဆွဲပြင်ဆင်ထားလည်း ‘ဂျေရုဆလင်၊ နယ်နိမိတ်၊ ဒုက္ခသည်အရေး၊ အခြေချမှုအသစ်၊ ပြန်လည်အခြေချမှု’ စတဲ့ ထိလွယ်ရှလွယ် ခေါင်းစဉ်များနဲ့ ဆက်စပ်လိုက်ရင် ငြိမ်းချမ်းရေးခြေလှမ်း ရှေ့ဆက်မတိုးနိုင်ရလောက်အောင် ဖြစ်စေနိုင်တာပါပဲ။

ငြိမ်းချမ်းရေးအတွက် အစွန်းရောက်စိတ်ထားက အဓိကအဟန့်အတား အနှောင့်အယှက်တခုလို့ဆိုကြပါတယ်။ နာကြည်းမှု၊ မုန်းတီးမှု၊ မယုံကြည်မှုများနဲ့ ထပ်ပြီးရောယှက်သွားခဲ့ရင်တော့အကောင်အထည်ဖော်ဖို့ ပိုခက်ခဲသွားတတ်ပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ အထက်က အချက်တွေအပြင် တံတားထိုးဖို့ မလွယ်ကူလှတဲ့၊အကဲဆတ်တဲ့ လူမျိုးရေး၊ ဘာသာရေး အလွန်ကြီးမားတဲ့ ကွာဟချက်တွေက အစဉ်အဆက် ဖြေရှင်းမရတဲ့ ပြဿနာကို အကျဉ်းအကျပ်ထဲ ပိုရောက်စေခဲ့တယ်လို့ပဲ မှတ်ချက်ပြုကြရမှာပါ။

ဆယ်စုနှစ်ပေါင်းများစွာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာခေါင်းဆောင်များ၊ အဖွဲ့အစည်းများ၊တတ်သိပညာရှင် ကျွမ်းကျင်သူများ ဘယ်သူကမှ အစ္စရေး-ပါလက်စတိုင်း ပြဿနာကို အဆုံးသတ်နိုင်တဲ့ အဖြေမရှာပေးနိုင်ခဲ့ပါဘူး။ ဝမ်းနည်းစရာကောင်းတဲ့ အရှိတရားပါ။

တကယ်လို့သာ အော်စလိုငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်ပြီး အသက်ဝင်နေခဲ့ရင် ဒီကနေ့ ကြေကွဲစရာ ဖြစ်ရပ်တွေကို ရှောင်လွှဲနိုင်ခဲ့ကြမှာလား။ အဖြေအတိအကျပေးဖို့ ခက်ပါလိမ့်မယ်။

ငြိမ်းချမ်းရေးဆိုတာက အခြေမခိုင်ခဲ့ရင် နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ယူထားခဲ့လည်းအချိန်မရွေး ပြိုလဲပျက်စီးသွားနိုင်တာမျိုး ဖြစ်တဲ့အတွက်ပါ။

ဒီကနေ့ တွေ့မြင်နေကြရတဲ့ တိုက်ပွဲတွေက တချိန်ချိန်မှာ ရပ်နားသွားနိုင်ပါတယ်။ ဒါပေမဲ့ဒဏ်ရာဒဏ်ချက် အမာရွတ် အပုံအပင်နဲ့ နင့်နေအောင် ခံစားကျန်ရစ်ခဲ့ကြဦးမှာဆိုတော့ အပြောလွယ်ပြီး အလုပ်ခက်တဲ့ ငြိမ်းချမ်းရေး ဆိုတာမျိုးက ရွှေပြည်တော် မျှော်တိုင်းဝေးနေလိမ့်ဦးမယ်လို့ပဲ လက်ခံထားကြရတော့မယ် ထင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar