Breaking News

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက KIA အနန့်ပါ စခန်း လေကြောင်း တိုက်ခိုက်ခံရ၊ တရုတ်နိုင်ငံရဲ့ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်း အစည်းအဝေး


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၇ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၃


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက KIA အနန့်ပါ စခန်း လေကြောင်း တိုက်ခိုက်ခံရ၊ တရုတ်နိုင်ငံရဲ့ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်း အစည်းအဝေး 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကေအိုင်အေ တပ်မဟာ ၉ နယ်မြေထဲက အနန့်ပါ စခန်းကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီ တပ်တွေက လေကြောင်းတိုက်ခိုက်မှုနဲ့ တပြိုင်နက်ထဲ မြေပြင်မှာလည်း လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ အခုလို တိုက်ခိုက်မှုကြောင့် ကေအိုင်အေ အရာရှိအပါအဝင် အနည်းဆုံး ၂ ဦးသေဆုံးပြီး  ဒဏ်ရာရသူ ၁၀ ဦး ခန့် ရှိတယ်လို့ ကချင်သတင်းဌာနတွေက ဖော်ပြထားကြပြီး ကေအိုင်အေကတော့ အရေအတွက်တွေကို ထုတ်ဖော်ပြောဆို အတည်ပြုခြင်း မရှိသေးပါဘူး။ ယမန်နှစ် အောက်တိုဘာလ နှောင်းပိုင်းကလည်း အနန့်ပါက ကေအိုင်အေ ထူထောင်ခြင်း နှစ်လည်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး လူဒါဇင်နဲ့ချီ သေဆုံး ရာနဲ့ချီဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ပြီး တနှစ်ပြည့်ဖို့ သီတင်းပတ်အလို အခုလို အောက်တိုဘာလမှာ စစ်ကောင်စီဘက်က ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဖားကန့်ဒေသဟာ ကေအိုင်အေက နေရာအများအပြား ထိန်းချုပ်ထားပြီး ကျောက်စိမ်းထုတ်လုပ်တဲ့ နေရာတွေမှာတော့ စစ်ကောင်စီဘက်ကလည်း တပ်တွေ ချထားတာဖြစ်ပါတယ်။ ကျောက်စိမ်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေအနေနဲ့ လက်နက်ကိုင် အဖွဲ့တွေကို အကောက်အစား ပေးဆောင်ကြရတာ ဖြစ်ပြီး တရားဥပဒေဆိုတာထက် လက်နက် နဲ့ အင်အားကသာ အဆုံးအဖြတ်ပေးတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။ 

ဖားကန့်ဒေသမှာ “ရေမဆေးကျောက်ရှာသူ” လို့ အဲဒီဒေသမှာ ခေါ်ဝေါ်ကြတဲ့ စွန့်ပစ်မြေစာတွေထဲက ကျောက်စိမ်းရှာဖွေသူ သိန်းဂဏန်းနဲ့ချီရှိပြီး ကျောက်စိမ်း တူးဖော်ရောင်းဝယ်ရေး လုပ်ငန်းအပေါ် အမှီပြုကာ စားသောက်ဆိုင်၊ ကာရာအိုကေ၊ စားသောက်ဆိုင်၊ မူးယစ်ဆေးဝါး၊ အစရှိတဲ့ လုပ်ငးန်အသီးသီးမှာ လုပ်ကိုင်နေသူ သိန်းဂဏန်းနဲ့ချီ ရှိနေတာလည်း ဖြစ်ပါတယ်။ ရေမဆေး ကျောက်ရှာတဲ့ သူအဖြစ်အသက်မွေးဖို့ မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးက လာရောက်ကြတာ ဖြစ်ပြီး ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ် စသဖြင့် လူမျိုးစု နဲ့ ဘာသာမတူတဲ့သူတွေ သိန်းဂဏန်းနဲ့ချီ နေထိုင် လုပ်ကိုင် စားသောက်နေကြတဲ့နေရာလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ ဘေဂျင်း မြို့တော်မှာ ကျင်းပနေတဲ့ “ခါးပတ်တကွင်း လမ်းတစင်း” လို့ ဆိုတဲ့ ကမ္ဘာရဲ့ တိုက်ကြီးတွေကို ဖြတ်သန်းဆက်သွယ်ထားမယ့် ကုန်သွယ်မှုကွန်ရက် စီမံကိန်းနဲ့ပတ်သက်တဲ့ တတိယအကြိမ် အစည်းအဝေးကို နိုင်ငံတကာခေါင်းဆောင်တွေ ဖိတ်ကြားပြီး ကျင်းပတာလည်း ဖြစ်ပါတယ်။ အခုအစည်းအဝေးမတိုင်ခင် ၂၀၁၉ ခုနှစ်ကျင်းပစဥ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုတကြိမ်မှာတော့ စစ်ကောင်စီရဲ့ ဥက္ကဌ မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခြင်းမပြုပဲ စစ်ကောင်စီဘက်က ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို စေလွှတ်တက်ရောက်စေတာ ဖြစ်ပါတယ်။ မင်းအောင်လှိုင် အနေနဲ့ ၄င်းကို တိုက်ရိုက်ဖိတ်ကြားတာမဟုတ်လို့ တက်ရောက်ခြင်း မရှိတာလား သို့မဟုတ် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးက ရုရှား-မြန်မာဆက်ဆံရေးလောက် အရေးထားခြင်း မရှိလို့ ဝန်ကြီးအဆင့်ကို စေလွှတ်တာလား ဆိုတာ သဲသဲကွဲကွဲ မသိရပါဘူး။ မြန်မာနိုင်ငံအဖို့ အိမ်နီးချင်းလည်း ဖြစ်သလို ကမ္ဘာမှာ အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ နဲ့ ဆက်ဆံရေးဟာ အရေးကြီးတယ်ဆိုတာ စစ်ကောင်စီခေါင်းဆောင် နားလည်ပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာ့အရေးကိစ္စတွေဖြစ်တဲ့ တရုတ်နယ်စပ် အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် သြဇာညောင်းတာ၊ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဥ်မှာ တရုတ်ရဲ့ ဖြစ်စေချင်တဲ့ လမ်းကြောင်းစတဲ့ ကိစ္စရပ်တွေနဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံအပေါ် ဗိုလ်ကျတယ်လို့ ခံစားမှုမျိုး မြန်မာစစ်ခေါင်းဆောင်ထံမှာ ရှိနေတာဖြစ်ပါတယ်။ ဒီလို ခံစားမှုမျိုးတွေကြောင့် မြန်မာနဲ့ အိမ်နီးချင်းမဟုတ်တဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့ ရုရှားကို အောက်ကျခံကာ ပေါင်းသင်းနေတဲ့ သဘောမျိုးလို့လည်း ကောက်ချက်ချနိုင်ပါတယ်။ ယခုကျင်းပတဲ့ တတိယအကြိမ် ဖိုရမ်ကို အာရှအလယ်ပိုင်း ပိုးလမ်းမ လမ်းကြောင်းပေါ်က အာဖဂန်နစ္စတန်နိုင်ငံရဲ့ လက်ရှိ တာလီဘန် အစိုးရနဲ့ ယူကရိန်းနဲ့ စစ်ဖြစ်ပွားနေတဲ့ ရုရှားနိုင်ငံတို့ကလည်း တက်ရောက်မှာဖြစ်ပါတယ်။ 

စစ်ကောင်စီခေါင်းဆောင် အနေနဲ့ တရုတ်နိုင်ငံက အခုဖိုရမ်ကို တက်ရောက်ခြင်း မရှိပေမယ့်လည်း မကြာသေးခင် ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို သွားရောက်စဥ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ အထူးစီးပွားရေးဇုန် စီမံကိန်းကို အရှိန်မြှင့်ဖို့ ပြောဆိုခြင်းဟာ တရုတ်နိုင်ငံကို သဘောကျအောင် ရည်ရွယ်ပြောဆိုတာလား သို့မဟုတ် အထူးစီးပွားရေး ဇုန်စီမံကိန်းကို လုပ်ဆောင်ပြီး စီးပွားရေးကို အလေးထား ဆောင်ရွက်နေတယ်ဆိုတာ ပြသချင်တာကြောင့်လား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ 

ဒီအထူးစီးပွားရေးဇုန်စီမံကိန်း ကို အကောင်အထည်ဖော်ဖို့ ရာမှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက သီးခြားဆိုပေမယ့်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းကို ဖြတ်သန်းသွားတဲ့လမ်းကြောင်း တလျှောက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အခြေအနေက ဒီစီမံကိန်း အောင်မြင်ဖို့ရာအတားအဆီးတွေ ဖြစ်နေမှာဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် တိုက်ပွဲတွေ ရပ်စဲစေချင်တဲ့အကြောင်းရင်းမှာ အခုလို ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံထဲက အစိတ်အပိုင်းတွေ အကောင်အထည်ဖော်နိုင်ဖို့ နဲ့ ဆက်နွှယ်နေတယ်ဆိုတာ ထင်ရှားနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar