ဆယ်ပေါင်တူ - ကြံရာမရ မအလကြင်စိုး၏ အော်ပရေးရှင်း ၁၀၂၉
ဆယ်ပေါင်တူ - ကြံရာမရ မအလကြင်စိုး၏ အော်ပရေးရှင်း ၁၀၂၉
(မိုးမခ) အောက်တိုဘာ ၃၁ ၊ ၂၀၂၃
‘ငါလည်း သုံးမိနစ်ခေါက်ဆွဲ ဖြစ်မှန်းမသိ ဖြစ်နေပါပြီကွာ’
ကြင်စိုးရဲ့ ရုံးခန်းထဲ ဝင်လိုက်ရုံရှိသေးတယ်၊ လှမ်းပြောလိုက်တဲ့ စကားသံကို ကြားလိုက်ရတာနဲ့ ထုံးစံအတိုင်း ထင် ရာမြင်ရာ ရမ်းသန်းပြီး ပြောချင်ရာ ပြောတတ်တဲ့ မဲလုံးက ပြန်ပြောလိုက်တယ်။
‘ကိုယ့်အသက်အရွယ်လည်း ပြန်ကြည့်ဦးလေ ဘကြင်၊ ဖြစ်မှန်းမသိ ဖြစ်နေတာ မဟုတ်ဘူး၊ ဖြစ်ကိုဖြစ်ရတော့မှာ သုံးမိနစ်ဆိုတာ ဘကြင်အတွက် များတောင်နေပြီ’
ဘုမသိဘမသိ ဝင်ပြောလိုက်တဲ့ မဲလုံးကို ကြင်စိုး မျက်လုံးကြီးပြူးပြီး ကြောင်တောင်တောင်နဲ့ပြန်ကြည့်လိုက်တယ်။ သူ စားနေတဲ့ ခေါက်ဆွဲပြုတ်ပန်းကန်ကို ကိုင်ထားရင်းနဲ့ပေါ့။
ဒီတော့မှ မဲလုံး သဘောပေါက်သွားတယ်၊ တကယ်က ဘာလုပ်လုပ် မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ကြင်စိုး၊ လက်ဖက်ခြောက်တို့အုပ်စုက ‘ဘာမှလည်း အဖြစ်မရှိဘူး၊ အလုပ်လည်း လုပ်ပုံမရဘူး၊ လုပ်လည်း လုပ်တတ်တဲ့ပုံ မပေါ် ဘူး’ လို့ မကြားတကြား စောင်းမြောင်းထေ့ငေါ့ခံနေရတဲ့ ကြင်စိုးခမျာ ညီနောင်သုံးဖော် ကျုံးဆော်တာ မချိမဆံ့ ခံလိုက်ရတာမို့ ဘယ်သူ့ကိုမှ မျက်နှာ မပြရဲဘဲ၊ သူ့ရုံးခန်းထဲမှာ အလုပ်ရှုပ်ချင်ယောင်ဆောင်၊ ဘယ်ကိုမှလည်း မထွက်၊ ခပ်လွယ်လွယ် သုံးမိနစ်ခေါက်ဆွဲနဲ့ နေ့နေ့ ညည နှစ်ပါးသွားနေရတာကို ညည်းပြနေတာပါ။
‘အင်းလေ၊ ဘကြင်က အချိန်မှမရှိတာ သုံးမိနစ်ခေါက်ဆွဲ အင်တာဗျူးကိစ္စ သူ ဘယ်သိပါ့မလဲ’လို့ မဲလုံး စဉ်းစားလိုက်တယ်။ ပြီးတော့မှ ခိုးဝှက်လုယူထားတဲ့ ငွေတွေ ဆယ်သက်မကုန်နိုင်လောက်အောင် များပေမဲ့လည်း ပြည်သူတွေရဲ့ ကျိန်စာစူးပြီး ကောင်းကောင်းမစားရ၊ မအိပ်ရ၊ မနေရ ကျီးလန့်စာစားနဲ့ အတော်ဒုက္ခကြီးပါလားလို့လည်း သံဝေဂရလိုက်သေးတယ်။
ပြောမယ့်သာ ပြောရတာပါ၊ မဲလုံးတို့တတွေက သူတို့ရဲ့အမြီးကောက်တွေကို ကျည်တောက်စွပ်ထားကြသလိုပါပဲ၊ ကောင်းမွန်တဲ့ အတွေးဆိုတာက ခေါင်းထဲ စက္ကန့်ပိုင်းလောက်ပဲ ခံကြတာ။ အဲဒီနောက် မျက်နှာမသာမယာ ဖြစ်နေတဲ့ ကြင်စိုးကို မသိမသာအကဲခတ်ရင်း မဲလုံးက ကြင်စိုး စကားအစကိုပဲ စောင့်နေလိုက်တယ်။
‘မင်းမို့လို့ ပြောရဦးမယ်၊ ငါက ကာချုပ်သာ လုပ်နေတာ စစ်ကောင်းကောင်း တိုက်တတ်တာ မဟုတ်ဘူး၊ စစ်ပြိုင်တိုက်မယ့်အစား အိတ်ကပ်ထဲ ငွေဝင်အောင် ဘယ်လိုနည်းမျိုးစုံနဲ့ ရှာရမလဲ ဆိုတာကိုပဲ ပြိုင်လိုက်ချင်တယ်၊ အဲဒါမျိုးဆို ညီနောင်သုံးဆယ်မက သုံးရာပဲဖြစ်ဖြစ် ငါပြိုင်ရဲတယ်။စစ်သာ ပြိုင်မတိုက်ရဲတာ’
ရှမ်းမြောက်တခွင် ပြဲပြဲဖျင် ဖြစ်ခဲ့ရတဲ့ ကြင်စိုးတယောက် ကြိတ်မနိုင် ခဲမရနဲ့ မဲလုံးကို ရင်ဖွင့်ပါတော့တယ်။ ဒီလို လူမျိုးလက်အောက်က စစ်တပ် တိုက်တိုင်ရှုံး၊ တွေ့တိုင်းပြေး သုံးစားမရ ဖြစ်နေကြတာ ဘယ်ဆန်းပါ့မလဲလို့ မဲလုံး စိတ်ထဲက ပြောလိုက်မိတယ်။ ပြီးတော့မှ သူလည်း အဲဒီထဲ ပါနေတာကို သတိရသွားတယ်။
‘ကဲ မဲလုံး၊ ငါ ဘာဆက်လုပ်ရမှာတုံး’
ကြင်စိုး မေးလိုက်ပေမယ့် မဲလုံးလိုလူရဲ့ ခေါင်းထဲ ဘယ်လိုလုပ် အကြံကောင်း ဉာဏ်ကောင်းတွေ ရှိနိုင်ပါ့မလဲ။ ဘာမှ ပြန်မပြောနိုင်ဘဲ ကြင်စိုးကိုပဲ မျက်လုံးကြီးပြူးပြီး ပြန်ကြည့်နေမိတယ်။ အာ့ကျကျ ဆိုတာလေးတောင် ထွက်မလာနိုင်ရှာဘူး။
ဒါကို ရိပ်မိသွားတဲ့ ကြင်စိုးက ‘မင်းလည်း စဉ်းစား ငါလည်း စဉ်းစားမယ်ကွာ’ လို့ ဆိုလိုက်တယ်။ပြောပြောဆိုဆို ထိုင်ခုံက ထရပ်လိုက်ပြီး ကြင်စိုး စားပွဲကို ပတ်လျှောက်ပြီး အဖြေရှာကြည့်နေတယ်။ မဲလုံးလည်း သူ့အဘရဲ့နောက်က အသာလိုက်လျှောက်ပြီး အကြံထုတ်နေတယ်။
တပတ်ပြီးတပတ် လျှောက်ရင်း အတော်လေးကြာတော့ သူတို့နှစ်ယောက် ဘာအကြံမှထွက်မလာပဲ ဝိုင်းကြီးပတ် ပတ် ဒူဝေဝေကစားသလို ဖြစ်နေတာကို သတိထားမိလို့ ခုံမှာ အသာပြန်ထိုင်လိုက်ကြတယ်။
‘ငါတို့နှစ်ယောက်လုံးက အကြံတုံး ဉာဏ်တုံးတွေ ဖြစ်နေပါလား’လို့ မဲလုံး စိတ်မသက်မသာတွေးမိတုန်းမှာပဲ...
‘အကြံရပြီကွ ငါအကြံရပြီ’ဆိုပြီး ကြင်စိုးက ထအော်လိုက်တယ်။ မဲလုံးလည်း မျှော်လင့်တကြီးနဲ့ကြင်စိုးဆီက ဘာအကြံဉာဏ်များ ကြားရလေမလဲပေါ့၊
‘ငါ ပြည်သူ့ရင်ခွင် ဝင်လိုက်မယ်ကွာ၊ ကပစထုတ် သေနတ်တွေလည်း ကားားအစီးလိုက်၊ အစီးလိုက်သယ်သွားမယ်။ ဆုငွေတွေတောင် မနည်းရဦးမှာ မကောင်းဘူးလား။ ဒီလိုအချိန်မျိုးမှာတောင် ငွေရအောင် ရှာကြံစဉ်းစားနေတဲ့ ကြင်စိုးကို မဲလုံး အတော်လေး စိတ်ပျက်သွားပြီး လွှတ်ခနဲ ပါးစပ်က ထွက်သွားတယ်။
‘သေနတ်တွေရော ဆီပီပါလိုက်ပါ သယ်သွားလိုက်’
‘ဘာပြောတယ်ကွ’
‘ဪ... ဘကြင်လက်ထက်မှာ ဆီလည်း စျေးကောင်းရလို့ ပြောတာပါ’ လို့ ပြန်ဖာထေးပြီး ပြောလိုက်ရတယ်။ ပြီးတော့မှ
‘မဟုတ်သေးပါဘူးဗျာ၊ သေချာပြန်စဉ်းစားပါဦး ဘကြင် ကျူးလွန်ထားတဲ့ ပြစ်မှုတွေ တသီတတန်းကြီးနဲ့ ဘယ်သူက ဆုငွေပေးပြီး ကြိုဆိုမှာလဲ၊ ကြိုးတောင် သက်စေ့ အကြိမ်ကြိမ်ပေးခံရဦးမှာ’
မဲလုံး ပြောတာက ဟုတ်နေတာမို့ ကြင်စိုးလည်း ပြန်မပြောသာတော့ဘူး။ ဒီလိုနဲ့ ထိုင်ရာကနေ ဆရာ တပည့် နှစ်ယောက်သား နောက်ထပ် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ထလျှောက်ကြပြန်တယ်။
အချိန်အတန်ကြာတဲ့အထိ ဘာမှ ထပ်စဉ်းစားလို့ မရကြလေတော့ နှစ်ယောက်လုံး သူတို့ခေါင်းထဲမှာ ဦးနှောက်ဆိုတာ မွေးကတည်းက ပါမှပါလာ ပါလေစလို့တောင် သံသယဝင်လာကြတယ်။ စိတ်ဓာတ်တွေလည်း ကျပြီးရင်းကျလာတယ်။ လမ်းလျှောက်ရတာ ညောင်းလာကြတာနဲ့ ပြန်ထိုင်လိုက်ကြပြန်တယ်။
‘ရပြီ ဘကြင် ကျနော် စဉ်းစားလို့ရပြီ’
ရုတ်တရက် ထအော်လိုက်တဲ့ မဲလုံးအသံကြောင့် ကြင်စိုး ဝမ်းသာသွားတယ်။
‘ဒီနေ့ ဘာနေ့လဲ ဘကြင်’
‘အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့ပေါ့’
ကြင်စိုး ပြန်ဖြေအပြီးမှာတော့ မဲလုံးက သူ့အကြံကို ပြောပြလိုက်တယ်။ ပထမကြင်စိုးက အင်တင်တင်နဲ့ သဘောတူဟန်မပြဘူး။ မဲလုံး ဆက်ခါဆက်ခါ နားချတော့မှ-
‘အင်းလေ တခြားလုပ်စရာလည်း စဉ်းစားမရတော့ မင်း ပြောသလိုပဲ လုပ်ရတော့မှာပေါ့’လို့ ကြင်စိုး ပြောလိုက်တယ်။
အဲဒီမှာပဲ မဲလုံးတယောက် စပြီးအလုပ်ရှုပ်ပါလေရော၊ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လှမ်းမှာလိုက်၊ ပက်ကင် လှလှပပ ထုပ်လိုက်နဲ့ပေါ့။ သူ့ဖုန်းလည်း မအားတော့ဘူး၊
လက်ဖက်ခြောက်တို့ဘက်က သူလျှိုလွှတ်ထားတဲ့သူတွေကလည်း မသိမသာ အကဲခတ်နေကြတယ်။
သူတို့ နားစွန်နားဖျား ကြားမိတာက ‘အော် ပရေးရှင်း ၁၀၂၉’ ဆိုလားပဲ။
စီစဉ်တာတွေ ပြီးသွားတော့ မဲလုံးက ကြင်စိုးကို သေချာအောင် ထပ်ပြောတယ်။
‘ဘကြင် ပြောတတ်ဆိုတတ် ရှိပါစေနော်၊ နားထောင်ကောင်းအောင် ကြည့်သာပြော’
‘မင်းကကွာ ငါ့ကိုများ အထင်သေးလို့၊ ငယ်ငယ်ကတည်းက စိတ်ပါပါ မပါပါ ကြုံရာကျပန်း လွှတ်ခနဲ လျှောက်ပြောတတ်လို့ ပေါက်ပန်းရှစ်ဆယ်ကြင်စိုးလို့ ခေါ်ကြတာ၊ ပေါက်ပန်းလေးဆယ် ပြောတဲ့သူတွေထက် နှစ်ဆသာလို့လေ’
‘စိတ်ချပါ၊ အခုလည်း ဒီလိုသီတင်းကျွတ်လပြည့်နေ့မှာ ပြောမှားဆိုမှား လုပ်မှားကိုင်မှားရှိသမျှ
တောင်းပန်ရင်း အမကြီးကို ထိုင်ကန်တော့ချင်လွန်းလို့ မအားတဲ့ကြားက လာခဲ့တာပါ ဘာညာသရကာ
ပြောမှာပေါ့ကွာ၊ ကျနော့် နားထဲမှာလည်း ‘တောင်းပန်လိုက် တောင်းပန်လိုက်’ ဆိုတဲ့ ဟိုအဆိုတော်မလေး ပြောတဲ့ အသံမျိုး နေ့နေ့ညည ကြားနေပြီး အိပ်မပျော် စားမဝင် စိတ်ဓာတ်တွေလည်း ဂျုံးဂျုံးကျနေပါပြီပေါ့’
မဲလုံးတယောက် ကြင်စိုးအပြောကြောင့် နည်းနည်းကျေနပ်သွားတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ မရသေးဘူး ထင်တယ်လို့ ပြောလိုက်တော့-
‘အဲသလိုဆိုလည်း ငါဒီလို ဆက်ပြောမယ်’ဆိုပြီး ကြင်စိုးက-
‘ကျနော့်ကို ခွင့်လွှတ်မယ်ဆိုရင် ထဘီခြုံရရုံမက ထမီမျက်နှာသုတ်ပုဝါပဲ လုပ်ရလုပ်ရ၊ ခေါင်းပဲပေါင်းရပေါင်းရ၊ ဦးထုပ်ပဲ လုပ်ဆောင်းရဆောင်းရ၊ ယူနီဖောင်းပဲ ချုပ်ဝတ်ရဝတ်ရ လုပ်ပါ့မယ်။ကျနော် မိုက်မဲမိတာ ဗွေမယူပါနဲ့ ။ အခု ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့လို့ တိုင်းပြည်ကို အမကြီးလက်ထဲ ပြန်အပ်ပါရစေ’ လို့ ထပ်ပြောလိုက်မယ်။
‘အင်း တိုင်းပြည် အခြေအနေပြန်ကောင်းလာပြီဆိုမှ အာဏာပြန်သိမ်းရင်လည်း သိမ်းမှာပေါ့’ဆိုတာကလည်း ပါသေးတယ်။ သိကြတဲ့အတိုင်း ကြင်စိုး ဆိုတာက စိတ်ယုတ်စိတ်မာတွေနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါဆိုတော့၊ ဘယ်လိုမှ ယုံကြည်လို့ မရပါဘူး။
‘ဟောဒီမှာကြည့် ငါ့သမီးရုပ်ရှင် ကုမ္ပဏီက ဘောမမင်းသား မင်းသမီးတွေ သုံးတဲ့ မျက်ရည်မကျကျအောင် ခပ်တဲ့ ဆေး။ မျက်ရည်ဖြိုင်ဖြိုင်ကျပြ ခြေသလုံးဖက်ရဖက်ရ ငါ လုပ်တတ်ပါတယ်’လို့လည်း ထပ်ပြောလိုက်တယ်။
ထုံးစံအတိုင်း ကြင်စိုးကတော့ တွက်ရေးမှာ စက်သူဌေးပါပဲ။ ဒီလိုနဲ့ မဲလုံးတို့ ဆရာတပည့် နှစ်ယောက် ကန်တော့စရာ ပစ္စည်းအစုံအလင် ကားပေါ်တင်ပြီး ထွက်လာကြတယ်။ သူတို့ရဲ့ ‘အော်ပရေးရှင်း ၁၀၂၉’ အကြောင်းကို ပြန်စဉ်းစားပြီး စိတ်ကူးတွေယဉ်နေကြတယ်။
‘ကြိုးပေးမခံရ ပြီးတာပဲကွာ ၊ တသက်တကျွန်းဆိုရင်လည်း ‘စကိုင်း’ နဲ့တောင် ပြန်တွေ့ဦးမှာ၊ သူ့ကိုလည်း အဲဒီလောက်လုပ်ဖို့ ငါ စိတ်ကူးမရှိပါဘူးကွာ၊ ဒါ ‘ဂူကြီး’က စတာကွ၊ သူက ‘စမိုင်းလင်း စမိုင်းလင်း’ ဆိုတော့ ငါက ‘စကိုင်းဗျင်း စကိုင်းဗျင်း’ လို့ အနက်ကောက်ပြီး ငါ့နေရာလုမှာ စိုးရိမ်လွန်လို့ ဗျင်းထည့်လိုက်တာ မီးခိုးကြွက်လျှောက် မျိုဆို့ထားတာတွေ ပေါ်ကုန်တာပေါ့’
‘တကယ်က လာဘ်စားရတိုင်း ဖမ်းကြရစတမ်းဆို ရှိသမျှ ထောင်တွေ ခါကြ၊ ပြီးတော့ ‘တပ်မတော်ကြီးလည်း ချီ လာပါပြီ’လို့ ဆိုကြပြီး တယောက်မကျန် နီးစပ်ရာ ထောင်ထဲ ဝင်ကြဖို့ပဲ ရှိတယ်လေ။ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး’
ကြင်စိုး ရောက်တတ်ရာရာတွေ စိတ်ကစဉ့်ကလျားနဲ့ ပြောနေတာကို နားထောင်ရင်း မဲလုံးငြိမ်ပြီး လိုက်လာခဲ့တယ်။
ကြာလေလေ ဒီဘဲကြီးက ဘယ်လိုကဘယ်ပုံ ဒီရာထူးကြီး ရလာခဲ့တာလဲလို့ ထင်ရမလောက်အောင် ချာတူးလန်မှန်း ပိုသိသိလာရတယ်။ အင်းလေ သူ့ အောက်မှာက ငါတို့လို သုံးစားမရတဲ့သူတွေချည့် ဆိုတော့လည်း ဒီလိုပဲ ဖြစ်မှာပေါ့လို့ မဲလုံး ဆက်တွေးမိတယ်။
လမ်းခုလတ်မှာ ကြင်စိုး လူယုံတပည့်တွေဆီက မက်ဆေ့ချ် ဝင်လာတယ်။ လက်ဖက်ခြောက်တို့အဖွဲ့ ကြိုရောက်နေပြီး ကြင်စိုးကို စောင့်နေကြတယ်တဲ့။ အဲဒီမှာပဲ ကြင်စိုး တစုံတခုကို တွေးမိပြီး ထိတ်လန့်တကြားနဲ့ ကားကို ကမန်းကတန်း ပြန်လှည့်ခိုင်းတယ်။ ပြီးတော့ မဲလုံးကို ပြန်ရှင်းပြတယ်။
‘တော်ကြာ လက်ဖက်ခြောက်တို့က လူချင်းလဲပြီး ငါ့ကို ထောင်ထဲထားခဲ့ရင် ဘယ်လိုလုပ်မလဲ၊ အခုကြိုရောက်နေတာ အဲဒီအတွက်ဖြစ်မယ်၊ ဒီကောင် ငါ့ကိုရှင်းထုတ်ဖို့ ကြံစည်နေတာ ကြာပြီ’
မဲလုံးခေါင်းက သိပ်လိုက်မတွေးနိုင်ပေမယ့် ဖြစ်နိုင်ခြေရှိတယ်လို့တော့ စဥ်းစားမိတာနဲ့ ဘကြင်ထင်တာ ဟုတ်မှာလို့ပဲ ပြောလိုက်တယ်။ ဒီလိုနဲ့ပဲ ဆရာတပည့်နှစ်ယောက်ရဲ့ ‘အော်ပရေးရှင်း ၁၀၂၉’ ကမဖြစ်မြောက်လိုက်ပဲ အဖျားရှူး အဆုံးသတ်သွားပါတော့တယ်။
ကြင်စိုးအိမ်ပြန်ရောက်တော့ သူ့မိန်းမက သိချင်ဇောကြီးပြီး တွေ့တွေ့ချင်း မေးလိုက်တယ်၊ အဆင်ပြေခဲ့ရဲ့လားပေါ့။ အင်းလေ သူလည်း ကျီးလန့်စာ စားနေရ တပြည်လုံး ရွံရှာမုန်းတီးခံရတဲ့ ဘဝက လွတ်လိုလွတ်ငြား မျှော်လင့်နေမိတာ ဖြစ်မှာပေါ့။
သက်ပြင်းရှည်ကြီး တချက်ချရင်း ကြင်စိုးက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တယ်၊ အချုပ်ကတော့ သူ့ရဲ့ ‘အော်ပရေးရှင်း ၁၀၂၉’ က မအောင်မြင်ခဲ့ဘူးပေါ့။
ကြင်စိုးစကားအဆုံးမှာ မျှော်လင့်ချက်တွေ ပျက်ပြားသွားရလို့ ထွက်လာတဲ့ ဒေါသတွေက ကြင်စိုးအပေါ် စုပြုံကျပါတော့တယ်။
‘အသုံးကို မကျဘူး၊ ဘာမှအဖြစ်မရှိဘူး’ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ကြင်စိုး နားမခံသာတွေ တရစပ်ပြောလိုက်တယ်။
အဆင်မပြေရတဲ့ကြားတည်း ဒီလိုအပြောခံရတော့ တခြား ဖြစ်မြောက်တာလည်း မပြနိုင်တဲ့အတူ ကြင်စိုးက စကားနိုင်လုတဲ့အနေနဲ့ သူ့သားနဲ့ သမီးကို လက်ညှိုးထိုးပြရင်း ‘ငါအဖြစ်ရှိလို့သာ ငါ့လက်ချက်နဲ့ အဲဒီနှစ်ယောက် ထွက်လာတာပေါ့’ လို့ ပြန်အော်ပြောလိုက်တယ်။
သူ ပြန်ကြားလိုက်ရတဲ့ စကားအဆုံးမှာတော့ မျက်လုံးကြီးပြူး၊ ပါးစပ်ကြီး အဟောင်းသားဖြစ်ရင်းကြင်စိုး ခွေခနဲ ပစ်လဲကျသွားပါတော့တယ်။
လှောင်ပြုံးပြုံးရင်း သူ့မိန်းမ ပြောလိုက်တာက ‘အဲဒီနှစ်ယောက်က ရှင်အဖြစ်ရှိလို့ ရှင့်လက်ချက်နဲ့ ထွက်လာတာ ဟုတ်၊ မဟုတ် ကျမထက် ဘယ်သူကများ ပိုသိနိုင်ဦးမှာလဲ’တဲ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar