Breaking News

လိုင်ဇာမြို့က ရပ်ကွက်တခု လက်နက်ကြီးကျရောက်ပြီး အရပ်သား ၃၀ နီးပါးသေဆုံး၊ နှစ်ပေါင်းများစွာအတွင်းအဆိုးဆုံးရေကြီးမှု ပဲခူးမြို့ ကြုံတွေ့နေ

မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၉ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၃


လိုင်ဇာမြို့က ရပ်ကွက်တခု လက်နက်ကြီးကျရောက်ပြီး အရပ်သား ၃၀ နီးပါးသေဆုံး၊ နှစ်ပေါင်းများစွာအတွင်းအဆိုးဆုံးရေကြီးမှု ပဲခူးမြို့ ကြုံတွေ့နေ

အောက်တိုဘာလ ၉ ရက်နေ့ ည သန်းခေါင်ယံမတိုင်မီ နာရီဝက်အလို ဖြစ်တဲ့ ည ၁၁ နာရီခွဲဝန်းကျင်မှာ ကချင်လွတ်မြောက်ရေး အစည်းအရုံးရဲ့ ဌာနချုပ် ရှိရာလိုင်ဇာမြို့နဲ့ဆက်စပ်နေတဲ့ ရပ်ကွက်တခုမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင် မိသားစုတွေ အများစုသေဆုံးခဲ့ကြရပြီး လက်ရှိအချိန်ထိ ထုတ်ပြန်မှုအရ ၂၉ ဦး သေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ ကျည်တွေ ကျရောက်ပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားကာ နေအိမ်၊ အဆောက်အဦတွေ ပျက်စီးပြီး လူအများအပြားထိမှန်သေဆုံးခဲ့ကြတယ်လို့ သတင်းတွေအရ ခန့်မှန်းရပေမယ့် ဘယ်လိုလက်နက်နဲ့ ဘယ်လိုနည်းလမ်းနဲ့ ပစ်ခတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိကြရသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ ဗုံးလိုအရာတွေ ပေါက်ကွဲတာဖြစ်ပေမယ့် လေယာဥ်သံလည်း ကြားရခြင်း မရှိခဲ့တာကြောင့် ဒရုန်းနဲ့ တိုက်ခိုက်မှုလို့လည်း ယူဆမှုတွေ ရှိနေတာဖြစ်ပါတယ်။ သတင်းတွေမှာ တွေ့မြင်ရတဲ့ ဓါတ်ပုံတွေမှာတော့ ပြိုကျပျက်စီးနေတဲ့ နေအိမ်တွေ၊ ရွှံ့တွေနဲ့ ပေရေနေတဲ့ အသက်သေဆုံးနေတဲ့ ကလေးသူငယ်တယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့မြင်ရပါတယ်။ အသက်ဆုံးရှုံးရသူ ၂၉ ဦးအနက် ကလေးသူငယ် ၁၁ဦးပါဝင်တယ်လို့လည်း ဆိုပါတယ်။

 ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ကေအိုင်အေ လိုင်ဇာဌာနချုပ်မှာရှိတဲ့ စစ်အရာရှိသင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုနောက်ပိုင်း လိုင်ဇာမြို့မှာ အခု ပစ်ခတ်ခံရပြီး သေဆုံးမှုက သေဆုံးမှုအများဆုံး ဖြစ်ရပ်တခုဖြစ်ပါတယ်။  အခု လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ မုန်လိုင်ခက် ရပ်ကွက်ဟာ လိုင်ဇာမြို့နဲ့ ၂ မိုင်ခန့်အကွာအဝေးမှာရှိပြီး စစ်ဘေးရှောင်ဒုက္ခသည်အများစု နေထိုင်ကြတဲ့ နေရာဖြစ်တယ်လို့ သတင်းဖေါ်ပြမှုတွေမှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ ယမန်နှစ် အောက်တိုဘာလက ကေအိုင်အေ တပ်မဟာ ၉ နယ်မြေထဲက ဖားကန့်မြို့နယ် အနန့်ပါ စခန်းမှာ ကေအိုင်အို အဖွဲ့ ၆၂ နှစ်ပြည့် အထိမ်းအမှတ် ဂီတဖြေဖျော်ပွဲကို လေကြောင်းက ဗုံးကြဲခဲ့တဲ့ ဖြစ်ရပ်မှာလည်း ကေအိုင်အေ အဖွဲ့ဝင်တွေ အပါအဝင် စုစုပေါင်း ၆၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။ 

အဲဒီဖြစ်ရပ်နောက် ၁ နှစ်ဝန်းကျင်အကြာမှာ အခုလို လိုင်ဇာမြို့ရဲ့ ရပ်ကွက်တခုကို လက်နက်ကြီးလို့ ယူဆရတဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ လက်နက်တွေနဲ့ စစ်ကောင်စီဘက်က တိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင် အရပ်သား ၃၀ နီးပါး အသက်ဆုံးရှုံးရတာလည်း ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်မဖြစ်ပွားခင် ရက်ပိုင်းအလိုမှာ စစ်ကောင်စီက လာမယ့် ၁၅ ရက်နေ့မှာ ကျင်းပမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ၅နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ဖို့ ကေအိုင်အိုကို ဖိတ်ကြားခဲ့တဲ့အကြောင်း သတင်းတွေမှာ ဖေါ်ပြထားကြပြီး အခုလို တိုက်ခိုက်မှုကိုလည်း တဖက်မှာ စစ်ကောင်စီက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဟာ မီးစတဖက် ရေမှုတ်တဖက် ကမ်းလှမ်းမှု လုပ်ဆောင်မှုတခုဖြစ်တယ်ဆိုတာ အခုတိုက်ခိုက်မှုက သက်သေပြခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ပဲခူးမြို့မှာ နှစ်ပေါင်း ၆၀ လောက်အတွင်း အဆိုးဆုံးရေကြီးမှု ဖြစ်ပွားနေတဲ့ သတင်းဖြစ်ပါတယ်။ ပဲခူးမြို့ကို ဖြတ်သန်းစီးဆင်းသွားတဲ့ ပဲခူးမြစ်ရေကြီးရင် ပဲခူးမြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေမြုပ်လေ့ရှိတာက ၂ / ၃ နှစ်အတွင်းအနည်းဆုံး တကြိမ်ဖြစ်ပွားလေ့ရှိတာ ဖြစ်ပေမယ့် အခုတကြိမ် ပဲခူးမြို့ရေကြီးရာမှာတော့ ယခင် ရေမြုပ်နေကျ ရပ်ကွက်တွေတင်မကပဲ ပဲခူးမြို့ရဲ့ နေရာအများအပြား ရေမြုပ်လောက်အောင် ရေကြီးနေတာဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့အထိ ရေက ပြန်မကျသေးပဲ စိုးရိမ်ရေမှတ်အထက် ၄ ပေလောက်ရှိနေတာ ဖြစ်ပါတယ်။ ပဲခူးမြို့ရေကြီးတာ မထူးဆန်းဘူးလို့ ဆိုရအောင် ပဲခူးရေကြီးတဲ့အခါ ခွေးတွေကအစ ခေါင်မိုးပေါ် ရောက်နေတယ် ဆိုတဲ့ သရော်တဲ့ ဆိုရိုးစကား ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ 

အခုနှစ် ရေကြီးတဲ့ အခြေအနေက မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ရေကြီးမှုထက် များစွာဆိုးရွားတဲ့အခြေအနေမျိုး ဖြစ်ပြီး မုတ်သုန်ရာသီ ကုန်ဆုံးလုနီး အောက်တိုဘာလ ပထမပတ် လိုကာလမှာ ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်ပွားနေချိန်၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေ နိုင်ငံရဲ့ နေရာအနှံ့ဖြစ်ပွားနေချိန်၊ နိုင်ငံရဲ့ စီးပွားရေး သိသာစွာ ကျဆင်းနေချိန်နဲ့ လွတ်လပ်စွာ ဆက်သွယ်ပြောဆိုခွင့်တွေ ကျဆုံးနေချိန်လိုမျိုးကာလမှာ ရေဘေးအန္တရာယ် ကျရောက်ခြင်းကြောင့် လူမှုအသင်းအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ လူမှုကူညီရေး အသင်းအဖွဲ့တွေ လှုပ်ရှားမှု ကြီးကြီးမားမား မတွေ့ရပါဘူး။ ငွေကြေးဖောင်းပွမှုတွေ၊ တနေရာနဲ့ တနေရာ တမြိုနဲ့ တမြို့ ကူးသန်းသွားလာရာမှာ အကန့်အသတ်၊ စစ်ဆေးမှုတွေ များပြားလွန်းတဲ့ အခြေအနေမျိုးမှာ ပဲခူးရေဘေးကို ယခင် စစ်အာဏာမသိမ်းမီကာလကလို ကူညီမှု ယိုင်းပင်းမှုတွေ သိပ်ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ပဲခူးရေကြီးမှုကြောင့် အသက်သေဆုံးမှုတွေ မရှိပေမယ့် စီးပွားရေးအရ ဆုံးရှုံးမှုတွေ နဲ့ ကျန်းမာရေး၊ လူမှုရေး အရထိခိုက်မှုတွေ ကြီးကြီးမားမား ရှိမယ့်အနေအထားမျိုးလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။ 

ပဲခူးတိုင်း ထဲက အချို့သော စပါးစိုက်ပျိုးရာဒေသတွေမှာ ရိတ်သိမ်းဖို့ သီတင်းပတ် အနည်းငယ်သာလိုတော့တဲ့ စပါးခင်းတွေ ရေမြုပ်ကုန်ပြီး ဆုံးရှုံးမှုတွေလည်း ရှိလာနေတာ သတင်းတွေအရ ကြားသိနေရတာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်ခြင်းတွေ၊ တလွဲစီမံခန့်ခွဲမှုတွေ၊ အုပ်ချုပ်သူလို့ဆိုတဲ့ စစ်ကောင်စီကို လူအများက မယုံကြည်ကြတဲ့ အနေအထားမျိုးအောက်မှာ ရေဘေးအန္တရာယ်ကို ခါးစည်း ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar