အောင်သစ် - နွေဦးတော်လှန်ရေး နှင့် လက်တွေ့အကျပ်အတည်းများ (အပိုင်း - ၁)
အောင်သစ် - နွေဦးတော်လှန်ရေး နှင့် လက်တွေ့အကျပ်အတည်းများ (အပိုင်း - ၁)
(မိုးမခ) အောက်တိုဘာ ၁၀ ၊ ၂၀၂၃
နိဒါန်း
နိုင်ငံရေးသိပ္ပံပညာရပ်ရှုထောင့်မှ သဘောတရားပေတံများဖြင့် ကြည့်မြင်ပြီး မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် (Civil War) ရှိ မရှိ ငြင်းခုံခဲ့သည်မျိုး ရှိခဲ့ဖူးသည်။ လက်တွေ့ သည် သဘောတရားထက် အရင်လာသည့်အတိုင်း မြန်မာပြည်သူတို့၏ လက်တွေ့ ဘဝက ငြင်းခုံနေစရာ အကြောင်းမရှိ၊ စဉ်းစားနေစရာ မလို၊ ပြည်တွင်းစစ်ကို အနှစ် (၇၀) ကျော် ခံစားလာခဲ့ပြီ၊ ပြည်တွင်းစစ်အနှစ် (၇၀) ကျော်ဆိုသည်မှာပင် လက်နက်ကိုင်တော်လှန်ရေး အနှစ် (၇၀) ကျော် ဖြစ်သည်။ လူမျိုးစုံ ပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေး အနှစ် (၇၀) အတွင်း ပစ်ခတ်လိုက်၊ အပစ်ရပ်လိုက်၊ တိုက်ပွဲအရှိန် မြင့်လိုက် နိမ့်လိုက် စသည်ဖြင့် ကာလအပိုင်းအခြား အမျိုးမျိုး ရှိခဲ့သည်။ နွေဦးတော်လှန်ရေးသည် အနှစ် (၇၀) ကျော် လက်နက်ကိုင်တော်လှန်ရေးကာလ အပိုင်းအခြားများထဲမှ လက်ရှိရောက်နေသော တိုက်ပွဲအရှိန်မြင့်၊ တော်လှန်ရေးဒီရေမြင့် ကာလအပိုင်းအခြားတခုဖြစ်သည်။
နွေဦးတော်လှန်ရေးသည် တော်လှန်ရေးတရပ် ဖြစ်၏။ တော်လှန်ရေး ဖြစ်သောကြောင့် တော်လှန်ရေးဆန်ရန် လို၏။ နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးမဆန်သည်များ ရှိနေ၏။ တော်လှန်ရေးမဆန်မှု များသထက်များလာလျှင် တော်လှန်ရေး အောင်ပွဲ ကြာသထက်ကြာမည်။
တော်လှန်ရေး အောင်ပွဲရရန် မြန်မာနိုင်ငံ၏ သမိုင်းဖြတ်သန်းမှု ပကတိ အကြောင်းတရားများအရ ဖြစ်ပေါ်နေသော အချိုးအကွေ့ ၊ အကန့်အသတ်၊ အကျပ်အတည်းများကို မှန်မှန်ကန်ကန် အဖြေရှာကျော်လွှားနိုင်ရန် လိုအပ်သည်။
နွေဦးတော်လှန်ရေးတွင် ရှိနေသော အချိုးအကွေ့၊ အကန့်အသတ်၊ အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် ဤစာတမ်းဖြင့် ဆန်းစစ်ကြည့်ပါသည်။
အပိုင်း ( ၁ )
နွေဦးတော်လှန်ရေး၏ ဖြစ်ပေါ်ပြောင်းလဲမှုများ
အကြောင်းအကျိုး(cause and effect)ဖြစ်စဉ်သည် သဘာဝနိယာမတရားတစ်ခု ဖြစ်သည်နှင့်အညီ၊ ထိုဖြစ်စဉ်တွင် ထင်ထင်ရှားရှား ရှိနေသည့် အချက်တစ်ခုမှာ အသစ်ဖြစ်ပေါ် ပြောင်းလဲမှု (development) သဘောပင် ဖြစ်ပါသည်။
အကြောင်းအကျိုးဖြစ်စဉ်ကို လက်ခံလျှင်၊ အကြောင်းအကျိုးဖြစ်စဉ်တွင် ပါဝင်နေသော အသစ်ဖြစ်ပေါ်ပြောင်းလဲမှ သဘောကို အလိုအလျောက် လက်ခံပြီး ဖြစ်ပေသည်။ အသစ်ဖြစ်ပေါ်ပြောင်းလဲမှုသဘောကို သတိမထားမိလျှင် အကြောင်း အကျိုးဖြစ်စဉ်ကို လက်မခံရာရောက်ပြီး၊ နောက်ထပ် ပေါ်ပေါက်လာသည့် အလိုအလျောက်သဘောတခုမှာ တရားသေသဘော (dogma)ပင် ဖြစ်သည်၊ အခြေအနေတရပ်ကို တရားသေသဘော ကြည့်မြင်လျှင် တရားသေဝါဒ (dogmatism) ကို ကျင့်သုံးသည်ဟု ဆိုရပါသည်။
တရားသေဝါဒ ဖြစ်ပေါ်စေသည့် အကြောင်းရင်းများကို လေ့လာကြည့်လျှင် အုပ်စုသဘောဆန်လွန်းမှု၊ ဘက်လိုက်မှု၊ စုံလင်ကွဲပြားသည့် အမြင်များကို သိမြင်မှုအားနည်းခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုး ရှိနိုင်ပါသည်။ ထိုအကြောင်းအချက်များထဲမှ သုတေသနပညာရှင်တချို့က တရားသေဝါဒသည် သတင်းအချက်အလက် အားနည်းမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု တွေးဆခဲ့ကြပါသည်။ ထိုတွေးဆချက်နှင့်အတူ သိပ္ပံနည်းကျ သုတေသန ပြုလုပ်ခဲ့ကြရာ ၎င်းတို့၏တွေးဆချက်အတိုင်း မှန်ကန်ကြောင်း ရေးသားထားသည့် သုတေသနစာတမ်းတစောင် ထုတ်ပြန်ခဲ့ပါသည်။
ထိုစာတမ်းခေါင်းစဉ်မှာ “Dogmatism manifests in lowered information search under uncertainty” ဖြစ်ပြီး၊ PNASP ၁ က ထုတ်ဝေသည့် အတွဲ ၁၁၇၊ အမှတ် ၄၉ တွင် ထိုစာတမ်းကို ဖော်ပြထားပါသည်။ စာတမ်း၏အဆိုအရ မသေချာ မရေ ရာမှ နှင့် သတင်းအချက်အလက်ရယူမှု အားနည်းသောအခြေအနေမျိုးတွင် တရားသေဝါဒကို ဖြစ်ပေါ်စေကြောင်း တွေ့ ရှိရသည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံအခြေအနေကို ပြန်ကြည့်လျှင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးသတ်ဖြတ်ခံရမှုများ၊ သတင်းမှားများ ပျံ့နှံ့မှု၊ ဆက်သွယ်ရေးအခက်အခဲ စသည့် အခြေအနေတို့သည် တရားသေဝါဒကို ကျူးလွန်မိစေနိုင်သည့် မသေချာ မရေရာမှု နှင့် သတင်းအချက်အလက်အမှန်များ ရရှိရန် အားနည်းသည့် ရေခံမြေခံများ ဖြစ်နေသည်ကို သတိထားစရာ တွေ့ ရှိရပါသည်။
မည်သည့်အကြောင်းကြောင့်ဆိုစေ တရားသေဝါဒဖြင့် ကြည့်မြင်မှုကို မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ ကျူးလွန်မိလျှင် ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေတရပ်ကို အမှန်အတိုင်း မမြင်နိုင်၊ မသိရှိနိုင်၊ လက်ရှိ ဖြတ်သန်းနေရသည့် အခြေအနေတရပ်၏ အသစ် ဖြစ်ပေါ်ပြောင်းလဲမှုများကို နားမလည်နိုင်တော့ပါ။
နိုင်ငံရေးတွင် တရားသေဝါဒကို ကျူးလွန်မိသောကြောင့် မှားယွင်းဆုံးဖြတ်မိကြသည့်၊ လုပ်ဆောင်မိကြသည့် သမိုင်းအမှားများ အများအပြားရှိခဲ့ပါသည်။ တရားသေဝါဒကို မကျူးလွန်မိရန်မှာ အခြေအနေတရပ်၏ အဓိကကျသော အသစ် ဖြစ်ပေါ်ပြောင်းလဲမှုများကို သေသေချာချာ အကဲဖြတ် သုံးသပ်ထားရန် အလွန် အရေးကြီးပါသည်။
နွေဦးတော်လှန်ရေး ပေါ်ပေါက်လာသည့်အခါ နွေဦးတော်လှန်ရေး၏အရှိန်အဟုန်သည် နယ်ပယ်အသီးသီးကို ရိုက်ခတ်သည်နှင့်အညီ မြန်မာ့လူ့အဖွဲ့အစည်း၏ နယ်ပယ် (၃) ခုတွင် အဓိကကျသော အသစ်ဖြစ်ပေါ် ပြောင်းလဲမှုများ ဖြစ်ပေါ် လာကြောင်း တွေ့ ရှိရပါသည်။
ထိုနယ်ပယ်(၃)ခုမှာ— ၁) အတွေးအမြင်အယူအဆဆိုင်ရာနယ်ပယ်၊ (၂) နိုင်ငံရေးဆိုင်ရာနယ်ပယ်၊ နှင့် (၃) အဆောက်အအုံဆိုင်ရာနယ်ပယ် တို့ဖြစ်ပါသည်။
၁.၁။ အတွေးအမြင်အယူအဆဆိုင်ရာနယ်ပယ်
နွေဦးတော်လှန်ရေးကြောင့် ဖြစ်ပေါ်ပြောင်းလဲမှုဟု ပြောလျှင် အများအပြား ပြောစရာရှိသော်လည်း အတွေး အမြင်အယူအဆဆိုင်ရာနယ်ပယ်တွင်၊ အထူးသဖြင့် ပြည်သူလူထု၏သိမှုဆိုင်ရာနယ်ပယ်တွင် အဓိက ပြောင်းလဲသွားသည့်အရာမှာ တော်လှန်ရေးအတွေးအမြင် သို့မဟုတ် တော်လှန်ရေးသဘောတရားနှင့် သက်ဆိုင်ပါသည်။
တော်လှန်ရေးသဘောတရားကို မပြောခင် ကြားခဲ့ဖူးသည့် အဖြစ်အပျက်အကြောင်းအရာတခုကို ခြေဆင်းတင်ပြပါမည်။
ပုဂံမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း စသည့် ရှေးမြန်မာဘုရင် မင်းသုံးဆက်အထိ ရဟန်းပညာရှိအဖြစ် ထင်ရှားကျော် ကြားသည့် ဆရာတော်ကြီးတပါး ရှိခဲ့ပါသည်။ တစ်နေ့တွင် ဆရာတော်ကြီးသည် အသက်ဘေးနှင့် နီးသည့် အဖြစ်အပျက်တခုနှင့် ကြုံခဲ့ရသည်။ ကျွဲရိုင်းတစ်ကောင်က ဆရာတော်ကြီးကို ဝှေ့ခတ် ရန်ပြုရန် ပြေးလာပါသည်၊ ထိုအခါ ဆရာတော်ကြီးသည် မည် သို့မျှ ရှောင်၍မရတော့သဖြင့် အနီးရှိ ထွန်တုံးဖြင့် ကျွဲရိုင်း၏ ဦးခေါင်းကို ဆော်ထည့်လိုက်ပြီး အသက်ဘေးအန္တရာယ်ကို ရှောင်ခဲ့ရပါသည်။ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ ဆရာတော်ကြီးက ပြန်ပြောသည်မှာ “တခါတလေလည်း ထွန်တုံးမေတ္တာနဲ့မှ ရတယ်ကွ” ဟု ဆိုပါသည်။
ဆရာတော်ကြီး ပြောကြားခဲ့သည့် “ထွန်တုံးမေတ္တာ” အတွေးအမြင်သည် နွေဦးတော်လှန်ရေး အတွေးအမြင်နှင့် လာရောက်ဆက်နွှယ်နေပါသည်။ ကျွဲရိုင်း ပြေးဝှေ့ ရန်ပြုလာသကဲ့သို့ ဖက်ဆစ်အသွင် အကြမ်းဖက် စစ်အုပ်စု၏ ရက်ရက်စက် စက် လူသတ်၊ မုဒိမ်းကျင့်၊ ရွာများကိုမီးရှို့ ဖျက်ဆီးခံနေရသည့် ပြည်သူလူထုအနေဖြင့် ထွန်တုံးနှင့်တူသည့် ရရာလက်နက်ဖြင့် ပြန်ခုခံရန်မှလွဲ၍ တခြားရွေးချယ်စရာမရှိတော့သည့်အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။
ထိုသို့ လက်တွေ့ အခြေအနေအပြောင်းအလဲများက လူတို့၏အသိအမြင်ကို ပြောင်းလဲသွားစေပုံနှင့် ပတ်သက်၍ တရုတ်ပြည်တော်လှန်ရေးခေါင်းဆောင် ရဲဘော်မော်စီတုန်း၏ “လက်တွေ့ ကျမ်း” တွင်လည်း ယခုကဲ့သို့ ဖော်ပြထားပါသည်။
“လူမှုရေးလက်တွေ့ ဆက်လက်ဖြစ်ပွားယင်း လက်တွေ့ထဲက လူတို့ရဲ့ အာရုံခံစားမှုနဲ့ အာရုံထင်မှုတွေ အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် ဖြစ်ပေါ်လာတာနဲ့အမျှ၊ သိမြင်မှုဖြစ်စဉ်ထဲမှာ ရုတ်ခြည်း ပြောင်းလဲမှု (ခုန်လွှားတိုးတက်မှုကို ဆိုလိုတယ်) တရပ်ဟာ လူတို့ရဲ့ဦးနှောက်ထဲမှာ ဖြစ်ပွားလာပြီး အမြင် ယူဆချက် ပေါ်ပေါက်လာတော့တယ်။”၂
(လက်တွေ့ ကျမ်း ဘာသာပြန်၏ မူရင်းသတ်ပုံများအတိုင်း ဖော်ပြပါသည်။)
နွေဦးတော်လှန်ရေးတွင် ပြည်သူလူထုသည် အချိန်ကာလတိုလေးတခုအတွင်း သိမှုဖြစ်စဉ် ပြောင်းလဲသွား လောက်အောင် မည်သည့်အကြောင်းအရာများကို ကြိမ်ဖန်များစွာ ကြုံတွေ့ ခဲ့ရပါသလဲ။
၂၀၂၃ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက် ၃ တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လ (၁၃) ရက်နေ့အတွင်း လူ (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အကြိမ်ပေါင်း (၆၄) ကြိမ်၊ သတ်ဖြတ်ခံရသူစုစုပေါင်း (၇၆၆) ဦးရှိကြောင်း အထောက်အထားများနှင့် အခိုင်အမာ ဖော်ပြထားပါသည်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသူများထဲတွင် အသက် (၁၈) နှစ်မပြည့်သေးသူ ကလေးသူငယ်များ အပါအဝင် သက်ကြီးရွယ်အို အထိ ကျား၊ မ၊ အရွယ်စုံ သတ်ဖြတ်ခံရကြောင်း တွေ့ ရှိရပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ၂၀၂၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့အထိ ကောက်ယူရရှိထားသည့် စာရင်းဇယားများတွင် အကြမ်းဖက် ဖက်ဆစ်စစ်အုပ်စု၏ နည်း မျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် မြန်မာတစ်နိုင်ငံလုံး သေဆုံးရသူ စုစုပေါင်း (၃၁၂၄) ဦး ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်၊ စစ်အာဏာသိမ်းသည့်နေ့မှတွက်လျှင် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့အထိ ရက်ပေါင်း (၇၇၄) ရက် ရှိပါသည်။ ရက်ပေါင်း (၇၇၄) ရက်အတွင်း ပြည်သူပေါင်း (၃၁၂၄) ဦး မတရား သတ်ဖြတ်ခံခဲ့ရသည့်အတွက် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးကတည်းက တရက်လျှင် လူ (၄) ယောက်နှုန်း အသတ်ဖြတ်ခံနေရသည်မှာ ၂ နှစ်ကျော်လာပြီဖြစ်ကြောင်း တွေ့ ရှိရပါသည်။ ဆက်လက်၍လည်း နေ့စဉ် သတ်ဖြတ်နေဆဲ ဖြစ်ပါ သည်။
အကြမ်းဖက်စစ်အုပ်စု၏ရက်စက်ကြမ်းကြုတ်မှုကို ပြည်သူများနေ့စဉ်ခံစားနေရသည်မှာ သတ်ဖြတ်ခံရမှုတစ်မျိုး တည်းမကပါ။ သတ်ဖြတ်ခံရမှုအပါအဝင် မြန်မာပြည်သူများနေ့စဉ်နှင့်အမျှ ခံစားနေရသည့်၊ အာဏာသိမ်း အကြမ်းဖက်စစ်အုပ် စုက ကျူးလွန်ခဲ့သော၊ ကျူးလွန်နေသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)ကပင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် စာမျက်နှာ (၈၇) မျက်နှာပါ “အကြမ်းဖက်စစ်အုပ်စု တာဝန်ခံရမည့် ရာဇဝတ်မှုခင်းများ”၄ စာအုပ်တွင် အပြည့်အစုံဖော်ပြထားပါသည်။
ထိုစာအုပ်တွင် ဖော်ပြထားသည့် ရောမစာချုပ် ပုဒ်မ ၇(၁)၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြင့် ချိန်ထိုးဆန်းစစ်ထားသည့် အကြမ်းဖက်စစ်အုပ်စုကျူးလွန်နေသော ရာဇဝတ်မှုများမှာ—
- လူသတ်မှု၊ အစုလိုက်အပြုံလိုက် သုတ်သင် သတ်ဖြတ်မှု၊
- နိုင်ငံတွင်းမှ နှင်ထုတ်မှု(ဝါ)လူအများအပြားအား အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှု၊
- ဖမ်းဆီး အကျဉ်းချမှု (ဝါ) ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ကို အခြားဆိုးရွားစွာ ကန့်သတ် ပိတ်ပင်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊
- မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊
- သီးခြားဝိသေသရှိသောအစုအဖွဲ့ (ဝါ) အားလုံးအပေါ် နိုင်ငံရေး၊ လူမျိုးရေး၊ နိုင်ငံသား၊ တိုင်းရင်းသား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ လိင်(သို့မဟုတ်)တခြားသော အကြောင်းအရာများကို အခြေခံ၍ ဖိနှိပ် ရက်စက်မှု၊
- အတင်းအဓမ္မပျောက်ဆုံးစေမှု၊
- ရည်ရွယ်ချက်ရှိရှိ ပြင်းထန်စွာ နာကျင်စေ မှု(ဝါ)ခန္ဓာကိုယ်၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အပြင်းအထန် ထိခိုက်ဒဏ်ရာ ရစေမှုနှင့် အလားတူအခြား လူမဆန်သည့် ဖိနှိပ်ရက်စက်မှုများ၊
ဟူ၍ ဖြစ်ပါသည်။
အကြမ်းဖက်စစ်အုပ်စု၏ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည့် ထိုစစ်ရာဇဝတ်မှုများဒဏ်ကို ခံစားနေရသော မြန်မာ ပြည်သူတို့သည် ရဲဘော်မော်စီတုန်း၏ လက်တွေ့ ကျမ်းတွင် ဖော်ပြထားသကဲ့သို့ လက်တွေ့ ဘဝအခြေအနေတွင် ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို အကြိမ်ပေါင်းများစွာ ဆိုးရွားသည့်အာရုံခံစားမှုအဖြစ် ခံစားလာရသည့်အခါ မြန် မာပြည်သူတို့၏ သိမှုဖြစ်စဉ်တွင် ပြောင်းလဲဖြစ်ပေါ်သွားသည့် အသိအမြင်မှာ အကြမ်းဖက် စစ်အုပ်စုကို လက်နက်စွဲကိုင် ခုခံကြရုံမှတပါး တခြားမရှိ ... ဆိုသည့် အတွေးအမြင်ပင် ဖြစ်ပါသည်။
ထိုအတွေးအမြင်သည် ပြည်သူလူထုအနေဖြင့် မည်သည့်တော်လှန်ရေးသဘောတရားနှင့်မျှ ဆင်ခြင်သုံးသပ်ပြီး ဆုံးဖြတ်ခဲ့သည် မဟုတ်၊ မည်သည့်နိုင်ငံရေးသမား၊ မည်သည့်နိုင်ငံရေးအဖွဲ့အစည်း၏ စည်းရုံးမှုကြောင့်လည်း ဆုံးဖြတ်ခဲ့ကြသည် မဟုတ်ပါ၊ ပြည်သူတို့၏ လက်တွေ့ ဘဝထဲမှ ပေါ်ထွက်လာသော လက်နက်ကိုင်တော်လှန်ရေး အတွေးအမြင်သာ ဖြစ်ပါသည်။
ဤသည်ကို ကြည့်လျှင်ပင် နွေဦးတော်လှန်ရေးကြောင့် အတွေးအမြင်အယူဆိုင်ရာနယ်ပယ်တွင် ပြောင်းလဲသွားသော ပြောင်းလဲမှုမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် အကြမ်းမဖက်နည်း၊ ပါလီမန်ဒီမိုကရေစီနည်း၊ တွေ့ ဆုံ ဆွေးနွေးရေးနည်းများသက်သက်ဖြင့် မရ၊ လက်နက်ကိုင်တော်လှန်ရေးနည်းသည်သာ အဓိက နှင့် အဆုံးအဖြတ်ဖြစ်သည်ဆိုသော အတွေးအမြင် အယူအဆ ခိုင်ခိုင်မာမာ ဖြစ်တည်သွားကြောင်း တွေ့ ရှိရပါသည်။
ပြည်သူတို့၏လက်တွေ့ ဘဝမှ အကြောင်းအကျိုးဖြစ်စဉ်ဖြင့် ပေါ်ထွက်လာသော၊ အသက်၊ သွေး၊ ချွေး ဖြင့် ရင်းနှီး ပြီး ရရှိလာသော လက်နက်ကိုင် တော်လှန်ရေး အသိအမြင်ကို မည်သည့်အယူအဆ၊ သဘောတရားနှင့်မျှ စည်းရုံး ပြောင်းလဲယူ၍ ရနိုင်သည့်အခြေအနေ မမြင်ပါ။
၁.၂။ နိုင်ငံရေးဆိုင်ရာနယ်ပယ်
မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် အချိုးအကွေ့များစွာရှိသည့်အနက် အနီးဆုံး သမိုင်းကာလကို ပိုင်းဖြတ်ဖော်ပြရလျှင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံတွင် တပါတီနိုင်ငံရေးစနစ်ကို တခန်းရပ် ဖျက်သိမ်းပြီး၊ ပါတီစုံနိုင်ငံရေးစနစ် ကျင့်သုံးရန် အဆုံးအဖြတ်ပေးနိုင်ခဲ့သည့် အချိုးအကွေ့တစ်ခု ဖြစ်ပါသည်။
ထို့ကြောင့်လည်း စစ်အာဏာရှင်တို့သည် ဆိုရှယ်လစ်အတုအယောင် တစ်ပါတီနိုင်ငံရေးစနစ်ကို ဖျက်သိမ်းပြီး၊ စစ်တပိုင်းလွှတ်တော် ပါတီစုံအတုအယောင်နိုင်ငံရေးစနစ်ကို ကျင့်သုံးလာကြရသည်။ ထိုသို့ ကျင့်သုံးနိုင်ရန် အတွက် စစ်အာဏာရှင်စနစ်ကို နိုင်ငံရေးအရ အရေခြုံအကာအကွယ်ယူရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၃ မှ ၂၀၀၈ ခုနှစ်အထိ (၁၄)နှစ် ကျော် ပြင်ဆင်ပြီး ရေးဆွဲပြဋ္ဌာန်းခဲ့သည်၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်တပိုင်းလွှတ်တော်ကို ပုံဖော်သယ်ဆောင်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတို့သည် ဒီမို ကရေစီပန်းတိုင်ရောက်ရှိရေးအတွက် အသုံးပြုမည့်နည်းနာတခုအဖြစ် စစ်တပိုင်းလွှတ်တော်နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်ခဲ့ကြသည်။ ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်အမြုတေရှိသော ပြည်သူလူထုသည် နိုင်ငံရေးဦးဆောင်မှုအပိုင်းမှ ရွေးချယ်ခဲ့သည့် ထိုလမ်းကြောင်းအတိုင်းလိုက်၍ ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ပါတီစုံရွေး ကောက်ပွဲ၊ ၂၀၂၀ ပါတီစုံရွေးကောက်ပွဲတို့တွင် စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကို အစဉ်တစိုက် အပြင်းအထန် ဆန့်ကျင်ကြောင်း ဖော်ပြသည့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အပြတ်အသတ် အနိုင်ရရှိအောင် မဲပေးခဲ့ကြသည်။ ဒီမိုကရေစီအင်အားစုများ၊ ဖက်ဒရယ်ဒီမိုက ရေစီအရေးဘက်က ရပ်တည်ကြသည့် တိုင်းရင်းသားအင်အားစု ပါတီများကိုလည်း ထောက်ခံမဲပေးခြင်းဖြင့် ထိုလမ်းကြောင်းအတိုင်း လိုက်ပါပေးခဲ့ကြသည်။
ထိုသို့ မြန်မာပြည်သူလူထု၏ ရှစ်လေးလုံးစိတ်ဓာတ်အခံဖြင့် ထောက်ခံမဲပေးခဲ့ကြသောကြောင့် စစ်တပိုင်းလွတ် တော်ထဲတွင် ၂၀၁၅ ခုနှစ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရ ဖွဲ့စည်းနိုင်သည်အထိ အမတ်အင်အား ရရှိခဲ့သည်။
လူတန်းစားအလွှာအသီးသီးဖြင့် ဖွဲ့တည်နေသော ပြည်သူလူထုသည် ရှစ်လေးလုံးအခြေခံစိတ်ဓာတ်နှင့်ပင် အလုပ်သမားတိုက်ပွဲ၊ လယ်သမားတိုက်ပွဲ၊ ကျောင်းသားတိုက်ပွဲများဖြင့် လွှတ်တော်ပြင်ပနေ၍ စစ်တပိုင်းလွှတ်တော်ကို ဖိအားမျိုး စုံ ဆက်လက်ပေးခဲ့ကြသည်။
၂၀၁၅ မှ ၂၀၂၀ ခုနှစ်အထိ လွှတ်တော်နိုင်ငံရေးခေတ် ဖြတ်သန်းမှု ၅ နှစ်အတွင်း စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ စစ်ဗိုလ် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားသော လွှတ်တော်အသီးသီး နှင့်၊ အရပ်ဝတ် အသွင်ပြောင်း စစ်ဗိုလ် စစ်သားအုပ်ချုပ်ရေးယန္တရားတို့ဖြင့် စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းလာခဲ့ကြသည်။
သို့သော် ပြည်သူလူထု၏ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံစိတ်ဓာတ်နောက်ခံတွန်းအားရှိသည့် စစ်တပိုင်း လွှတ်တော်နိုင်ငံရေးအခြေအနေသည် စစ်အာဏာရှင်စနစ်နှင့်အတူ ၎င်းတို့၏အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရန်နှင့် ရလေလို လေ အိုတစ္ဆေ အလိုရမ္မက်ကြီးသော၊ တိုင်းပြည်ဘဏ္ဍာများကို ဆက်လက်မတရားရယူလိုသော စစ်အုပ်စုအတွက် လက်တွေ့ တွင် အကန့်အသတ်တချို့ ဖြစ်ပေါ်လာသည်။
စစ်အုပ်စု၏ အလိုရမ္မက်သည် လက်စမသတ်နိုင်ပါ။ စစ်အုပ်စုသည် စစ်အာဏာရှင် နွေဦးတော်လှန်ရေး နှင် လက်တွေ့အကျပ်အတည်းများစနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်တပိုင်းလွှတ်တော် နိုင်ငံရေးဖြင့် ထိန်းသိမ်းထားမှုလောက်ဖြင့် ၎င်းတို့၏အလိုရမ္မက်သည် မတင်းတိမ် မရောင့်ရဲနိုင်တော့ပါ။
ထိုအကြောင်းတို့ကြောင့် စစ်တပိုင်းလွှတ်တော်နိုင်ငံရေး ပြန်လည်စတင်မည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်နေ့ မနက်ခင်းတွင် မတရားအာဏာသိမ်းယူပြီး၊ ၎င်းတို့ မူလခင်းထားသည့် ၂၀၀၈ အခြေခံဥပဒေအောက်က စစ်တပိုင်းလွှတ်တော် နိုင်ငံရေးလမ်းကြောင်းကို ဗြောင်ကျကျ ဖျက်သိမ်းပစ်လိုက်ပြီး ဖြစ်သည်။
ထို့ကြောင့် ယနေ့ ရောက်ရှိနေသော မြန်မာ့နိုင်ငံရေးလမ်းကြောင်းသည် ရွေးကောက်ပွဲ၊ ပါတီစုံလွှတ်တော် စသဖြင့် မည်သို့ပင် နိုင်ငံရေးဝေါဟာရတွေ အသုံးပြု လိမ်ညာနေပါစေ၊ လက်တွေ့ တွင် ၂၀၁၀ ခုနှစ်မှစ၍ ၎င်းတို့ ခင်းကျင်းထားခဲ့သော ၂၀၀၈ အခြေခံဥပဒေအတိုင်း သွားသည့် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကို ရုပ်ပျက် ဆင်းပျက် ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။ ရှေ့ဆက်သွားမည့် လမ်းကြောင်းမှာ စစ်အုပ်စုအကျိုးစီးပွားအတွက် အသစ် ပြင်ဆင် ဖော်ဆောင်မည့် စစ်အပြည့်လွှတ်တော် ပါတီစုံ အတုအယောင်နိုင်ငံရေးလမ်းကြောင်းသာ ဖြစ်သည်။
အချုပ်ဖော်ပြရလျှင် ယခုစစ်အုပ်စု ဖော်ဆောင်မည့် နိုင်ငံရေး အခင်းအကျင်းသည် ယခင်စစ်တပိုင်း လွှတ်တော် နိုင်ငံရေးမှ စစ်အပြည့် လွှတ်တော်နိုင်ငံရေး အခင်းအကျင်းပင် ဖြစ်ကြောင်း သိသာထင်ရှားနေပါသည်။
တိုက်ပွဲပုံသဏ္ဌာန်ကို ရန်သူက ရွေးချယ်ပြဋ္ဌာန်းလေ့ရှိသည့်အတိုင်း ယခုလက်ရှိ နွေဦးတော်လှန်ရေးကာလ နိုင်ငံရေးအခင်းအကျင်းမှာလည်း စစ်တပိုင်းလွှတ်တော်နိုင်ငံရေး ပျက်စီးသွားပြီး၊ စစ်အုပ်စုက စစ်အုပ်ချုပ်ရေးဖြင့် ဗြောင်ကျကျ အုပ်ချုပ်သည့် နိုင်ငံရေးအခင်းအကျင်းဖြစ်နေပါသည်။
စစ်အုပ်စုက နိုင်ငံတကာအလယ်တွင် ပြန်လည်လိမ်ညာပြီး၊ စစ်အာဏာရှင် အနှစ်သာရကို ပြန်လည် ဖုံးကွယ်မည့် အတုအယောင် နိုင်ငံရေးစနစ် ပုံသဏ္ဌာန်တခုကို မည်သို့ပင် ပြောင်းလဲရန် ကြိုးစားနေစေကာမူ နွေဦးတော်လှန်ရေး၏ နက်ရှိုင်းသည့် နိုင်ငံရေး စူးရောက်မှုကြောင့် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်ချုပ်ရေးယန္တရား ဆိုသည်ကို မည်သို့မျှ ဖုံးကွယ်လိမ် ညာ၍ မရသည့်အပြင် ၎င်းတို့ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံဖြင့်ပင် လုံအောင် မကာနိုင်တော့ဘဲ ဗြောင်ကျကျ စစ်အာဏာရှင်စနစ် နိုင်ငံရေးဖြင့်သာ ရှေ့ဆက်သွားရမည့် အခြေအနေဖြစ်နေ ပါသည်။
ထို့ကြောင့် နိုင်ငံရေးနယ်ပယ်ထဲတွင် နွေဦးတော်လှန်ရေးကြောင့် ပြောင်းလဲသွားသော အပြောင်းအလဲမှာ (မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မည်သည့်ရွေးကောက်ပွဲ၊ မည်သည့်လွှတ်တော်တို့ကို အတုအယောင် လုပ်သည်ဖြစ်စေ) စစ်တပိုင်း လွှတ်တော်နိုင်ငံရေးလမ်းကြောင်းပျက်စီးသွားပြီး၊ စစ်အာဏာရှင်စနစ်ဖြင့် ဗြောင်ကျကျအုပ်ချုပ်ရေးနှင့် စစ်အာဏာရှင်စနစ် တစမကျန် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လူထုတော်လှန်ရေးတို့ အပြင်းအထန် ထိပ်တိုက် ရင်ဆိုင်နေကြသည့် နိုင်ငံရေးလမ်းကြောင်းပင် ဖြစ်ပါသည်။
၁.၃။ အဆောက်အအုံဆိုင်ရာနယ်ပယ်
အဆောက်အအုံဆိုင်ရာနယ်ပယ်မှာ နိုင်ငံ၏နိုင်ငံရေးစနစ်နှင့်အညီ တည်ဆောက်ထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအဆောက်အအုံ(Constitutional Structure) နှင့် နိုင်ငံရေးအဆောက်အအုံ (Political Structure) တို့ ဖြစ်ပါသည်။
၂၀၁၀ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းချိန်အထိ မြန်မာနိုင်ငံတွင် တည်ဆောက်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအဆောက်အအုံကို နာဂစ်ဖွဲ့စည်းပုံဟု ခေါ်ဆိုကြသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)၅ ဖြင့် တည်ဆောက်ထားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)တွင် အခန်း(၁၅)ခန်းပါရှိပြီး၊ နိုင်ငံတွင်း နယ်နိမိတ်များ ပိုင်းခြားဖော်ပြမှု၊ အာဏာသုံးရပ် ခွဲဝေမှု အပိုင်းအခြားများ၊ နိုင်ငံတော်အကြီးအကဲမှစ၍ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့၏ ဖွဲ့စည်းမှု၊ လုပ်ပိုင်ခွင့် တာဝန်များ၊ သက်တမ်းများ စသည်ဖြင့် ရေးသားပြဌာန်းထားသည်။
၂၀၁၀ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းချိန်အထိ မြန်မာနိုင်ငံတွင် တည်ဆောက်ထားသည့် နိုင်ငံရေးအဆောက်အအုံ (Political Structure) မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(Constitutional Structure) ပါ ပြဋ္ဌာန်းချက်များဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံသာ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး စစ်တပ်က ဗြောင်ကျကျ တိုက်ရိုက်အုပ်ချုပ်သည့် ဖြစ်စဉ် (၄) ကြိမ်ဖြစ်ခဲ့ပါသည်။ ပထမ အကြိမ်မှာ ၁၉၅၈ ခုနှစ်၊ ဒုတိယအကြိမ်မှာ ၁၉၆၂ ခုနှစ်၊ တတိယအကြိမ်မှာ ၁၉၈၈ ခုနှစ် နှင့် ယခု နောက်ဆုံး စတုတ္ထအကြိမ်မှာ ၂၀၂၁ ခုနှစ် ဖြစ်ပါသည်။ ဒုတိယအကြိမ်နှင့် တတိယအကြိမ် စစ်အာဏာသိမ်းမှု နှစ်ခုမှာ အာဏာသိမ်းခဲ့သည့်အချိန်များတွင် ရှိနေသည့် တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေများဖြစ်သော ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ပစ်ပယ်ပြီး အာဏာသိမ်းခဲ့ကြခြင်း ဖြစ်သည်။ ၁၉၅၈ ခုနှစ် နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုများသည် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ရည်ညွှန်းကိုးကားပြီး အာဏာသိမ်းခဲ့ကြခြင်း ဖြစ်သည်။
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေများကို ရည်ညွန်းပြီး .. အာဏာသိမ်းခဲ့ကြသည့် ဖြစ်စဉ်များတွင် ၁၉၅၈ ခုနှစ် စစ်အာဏာသိမ်းမှုသည် နောက်ခံအကြောင်းများ မည်သို့ပင်ရှိစေကာမူ ၁၉၅၆ ခုနှစ် ပါလီမန် ရွေးကောက်ပွဲဖြင့် တက်လာသော ဝန်ကြီးချုပ် ဦးနုက ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဗိုလ်နေဝင်းကို အာဏာလွှဲပေးခဲ့ခြင်း ဖြစ်သည်၊ အာဏာရ အိမ်စောင့်အစိုးရကလည်း ၂ နှစ်ကြာသည့်အခါ ရွေးကောက်ပွဲ ပြန်လုပ်ပေးပြီး ဦးနုအစိုးရကို အာဏာပြန်အပ်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ် ရောက်မှသာ ဗိုလ်နေဝင်းစစ်အုပ်စုကပင် မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေမျှ ဂရုမစိုက်တော့ဘဲ ဗြောင်ကျကျ အာဏာပြန်သိမ်းခဲ့ ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၁၉၅၈ ခုနှစ် ပထမအကြိမ် စစ်အာဏာသိမ်းမှုတွင် မြန်မာ့နိုင်ငံရေးကတ်ခုံ၌ အာဏာသိမ်းမှုကို တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေတခုဖြင့် ရည်ညွန်း ကိုးကား ဖော်ပြ၍ စီစဉ်ဆောင်ရွက်ခဲ့ကြသည်။
ယခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုကမူ သန်းရွှေ-မင်းအောင်လှိုင် စစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုသည်နှင့်ပင် လုံးဝ မကိုက်ညီဘဲ အတင်းအဓမ္မ ကိုးကားပြီး ကိုယ်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံကို အရှက်မဲ့စွာ ကိုယ်တိုင် ချိုးဖောက် အာဏာသိမ်းခဲ့ကြခြင်း ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့ကြောင်း သိသာထင်ရှားသည့်အချက်များကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကပင် ပြန်လည်သက်သေခံနေသည်ကို ဤသို့ တွေ့ ရှိရပါသည်။
အရေးပေါ်ကာလနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၊ အခန်း(၁၁)၊ ပုဒ်မ (၄၁၀) တွင် - “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ
၄၁၀။ တိုင်းဒေသကြီးတစ်ခုတွင် ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေ တစ်ခုတွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင် ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်း မရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။”
ဟု ဖော်ပြထားပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ်အခြေအနေ ကြေညာနိုင်သူမှာ နိုင်ငံတော် သမ္မတတစ်ဦးတည်းသာ ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ မရှိလျှင် ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံတွင် ယာယီသမ္မတ၊ ဒုသမ္မတများ အပါအဝင် မည်သူမျှ အရေးပေါ်အခြေအနေ ကြေညာခွင့် မရှိပါ၊ စစ်တပ်ကို အာဏာလွှဲပြောင်းခွင့်မရှိပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၃) နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်သမ္မတ နှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ (၇၁) တွင် ဖော်ပြထားသည့် အကြောင်းတခုခုကြောင့် သမ္မတ မရှိတော့လျှင်၊ သမ္မတ လစ်လပ်သွားလျှင် ထိုအခန်းတွင် ဖော်ပြထားသည့် ပုဒ်မ (၇၃) နှင့်အညီ သမ္မတတစ်ဦးကို ပြန်လည် ရွေးချယ်ရမည် ဖြစ်သည်။ ထိုသို့ ရွေးချယ်ပြီးမှသာ အသစ်တက်လာသည့် သမ္မတက ဖွဲ့စည်းပုံနှင့်အညီ အရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ်ကို အာဏာလွှဲပေးခွင့်ရှိပါသည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုကို စစ်အုပ်စုကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ပြန်လည်ဆန်းစစ်သည့်အခါ၊ ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို ၎င်းတို့ ကိုယ်တိုင် ချိုးဖောက်ထားကြောင်း ဤသို့ တွေ့ရှိရပါသည်။
၁) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို သမ္မတတာဝန်မှ ဖယ်ရှားလိုလျှင် ပုဒ်မ (၇၁) နှင့်အညီ ဖယ်ရှားရမည် ဖြစ်သော်လည်း သန်းရွှေ-မင်းအောင်လှိုင် စစ်အုပ်စုသည် ဖမ်းချင်သလို ဖမ်းချုပ်လိုက်သည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)၊ ပုဒ်မ (၇၁) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပစ်လိုက်သည်။
၂) အရေးပေါ်အခြေအနေ ကြေညာရာတွင် သမ္မတတစ်ဦးတည်းကသာ ကြေညာခွင့်ရှိသော်လည်း ဒုသမ္မတ၊ စစ်ခေါင်းဆောင်ဟောင်း မြင့်ဆွေကို ၎င်းတို့ ဖွဲ့စည်းပုံနှင့်မကိုက်ညီဘဲ ယာယီသမ္မတဟု သတ်မှတ်ပြီး အရေးပေါ် အခြေအနေ ကြေညာခိုင်းခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ ပုဒ်မ (၄၁၀) ကိုလည်း မျက်နှာပြောင်တိုက် ချိုးဖောက်လိုက်ပြန်သည်။
ထိုအကြောင်းအချက်များကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို စစ်အုပ်စုကိုယ်တိုင် ချိုးဖောက်လိုက်ပြီး၊ ဖွဲ့ စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ တည်ဆောက်ထားသည့် နိုင်ငံရေး အဆောက်အအုံ(Political Structure) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအဆောက်အအုံ (Constitutional Structure) တို့ကိုလည်း တပါတည်း ဖျက်ဆီးလိုက်ပြီး ဖြစ်သွားပါသည်။
အကြောင်းအကျိုးဖြစ်စဉ် သဘောတရားအတိုင်းပင် စစ်အုပ်စု စိတ်တိုင်းကျ တည်ဆောက်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအဆောက်အအုံ ပျက်စီးသွားသည့် အကျိုးဆက်အဖြစ်လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တော်လှန်ရေးအင်အားစုများက ဖျက်သိမ်းကြောင်း ကြေညာလိုက်သည့် အကျိုးဆက်အဖြစ် လည်းကောင်း မြန်မာ့နိုင်ငံရေးဖြစ်စဉ် တွင် အဆောက်အအုံသစ် ဖြစ်ထွန်းလာသည်။ အဆောက်အအုံသစ်တွင် နိုင်ငံရေးအဆောက်အအုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အဆောက်အအုံ တို့ကိုပါ တပါတည်း တည်ဆောက်ခဲ့ကြပါသည်။
ထိုအဆောက်အအုံတို့မှာ နိုင်ငံရေးအဆောက်အအုံအဖြစ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council NUCC) နှင် ဖွဲ့စည်းပုံအခြေခံဥပဒေအဆောက်အအုံအဖြစ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter - FDC)၆ တို့ပင် ဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် အသစ်ဖြစ်ပေါ်ပြောင်းလဲမှု (New development) အဖြစ် ပေါ်ပေါက်လာသော နိုင်ငံရေး အဆောက်အအုံတခုဖြစ်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consult-ative Council NUCC)၏ ဖွဲ့စည်းမှုကို ကြည့်သည့်အခါ ဤသို့ ဖွဲ့စည်းထားသည်ကို တွေ့ ရှိရပါသည်။
၁။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ
၂။ နိုင်ငံရေးပါတီများ
၃။ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်လူထု အဖွဲ့ အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့ အစည်းများ၊ လူထုသပိတ် လှုပ်ရှားမှ ဆိုင်ရာအဖွဲ့ အစည်းများ
၄။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများ (Ethnic Resistance Organization)
၅။ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုးအခြေပြု အဖွဲ့အစည်းများကောင်စီများ ထိုနိုင်ငံရေးအဆောက်အအုံ သက်ဝင်လှုပ်ရှားနိုင်စေရန်၊ လက်တွေ့အလုပ်များကို အကောင်အထည်ဖော်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter - FDC) ဆိုသည့် နွေဦးတော်လှန်ရေးကာလ ဖွဲ့စည်းပုံ အဆောက်အအုံ၊ (ပဋိညာဉ်ပါ အသုံးအနှုန်းအရ ကြားကာလ)၊ ကြားကာလ ဖွဲ့စည်းပုံအဆောက်အအုံကို တည်ဆောက်လိုက်ပါ သည်။
ထိုသို့ တည်ဆောက်မှုသည် နွေဦးတော်လှန်ရေးကာလတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitutional Sturcture) နှင့် ၎င်း၏ စစ်တပိုင်း လွှတ်တော်နိုင်ငံရေး အဆောက်အအုံ (Political Structure) တို့ ပျက်စီးသွားပြီးနောက် နွေဦး တော်လှန်ရေး၏ ဖွဲ့စည်းပုံအခြေခံဥပဒေအဆောက်အအုံ(Constitutional Sucture) နှင့် နွေဦးတော်လှန်ရေး နိုင်ငံရေး အဆောက်အအုံ (Political Structure) များအဖြစ် ပြောင်းလဲသွားခြင်းပင် ဖြစ်ပါသည်။
ထို့ကြောင့် ... နွေဦးတော်လှန်ရေးကာလတွင် အဓိကပြောင်းလဲသွားသော အပြောင်းအလဲများကို ပြန်ချုပ် ဖော်ပြရလျှင်—
- အတွေးအမြင် အယူအဆ ဆိုင်ရာနယ်ပယ်တွင် စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးအတွက် အကြမ်းမဖကနည်း၊ ပါလီမန်ဒီမိုကရေစီနည်း၊ တွေ့ ဆုံဆွေးနွေးရေးနည်းများသက်သက်ဖြင့် မရ၊ လက်နက်ကိုင်တော်လှန်ရေး နည်းသည်သာ အဓိက နှင့် အဆုံးအဖြတ် ဖြစ်သည်ဆိုသော အတွေးအမြင် အယူအဆ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ သည်။
- နိုင်ငံရေးဆိုင်ရာနယ်ပယ်တွင် စစ်အာဏာရှင်စနစ်ဖြင့် ဗြောင်ကျကျ အုပ်ချုပ်ရေးနှင့် စစ်အာဏာရှင်စနစ် တစမကျန် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လူထုတော်လှန်ရေး နိုင်ငံရေးလမ်းကြောင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။
- အဆောက်အအုံဆိုင်ရာ နယ်ပယ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဆောက်အအုံများ နေရာတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ဖြစ်သည့် နွေဦးတော်လှန်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ အဆောက်အအုံ (Constitutional Structure) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ဖြစ်သည့် နွေဦးတော်လှန်ရေး နိုင်ငံရေးအဆောက်အအုံ(Political Structure) အပြောင်းအလဲတို့ ဖြစ်ပေါ်ခဲ့သည်။
ထိုအပြောင်းအလဲတို့သည် မြန်မာနိုင်ငံရေး အခင်းအကျင်းနှင့် နိုင်ငံရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များ (mandate) အပေါ် တိုက်ရိုက်သက်ရောက်မှု ဖြစ်ပေါ်လာစေပါသည်။ ထိုသက်ရောက်မှုများကို လေးလေးနက်နက် သေသေချာချာ ကြည့်မြင် သုံးသပ်ပြီး တော်လှန်သော ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးသည် နွေဦးတော်လှန်ရေး၏ အနာဂတ်ကို ကြီးမားသည့် အကျိုးသက်ရောက်မှု ဖြစ်စေပါမည်။
~~~~~~~~~~~~~~~~~~~~~
ရည်ညွှန်းကိုးကားများ
၁။ OI PNAS - "Proceedings of the National Academy of Sciences of the United States of America", Vol.117, No.49.
၂။ “လက်တွေ့ ကျမ်း”၊ မော်စီတုန်း လက်ရွေးစင်ကျမ်း၊ အတွဲ-၁၊ ဒုတိယအုပ်။
၃။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အမျိုးသားညီ ညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်။ ၄။ “အကြမ်းဖက်စစ်အုပ်စု တာဝန်ခံရမည့် ရာဇဝတ်မှုခင်းများ”၊ စာမျက်နှာ (၈၇)၊ ဇူလိုင်လ ၂၀၂၂ ခုနှစ်၊ နိုင်ငံရေးအကျဉ်းသား
များ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)။
၅။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)
၆။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter - FDC)
~~~~~~~~~~~~~~~~~~~~~
အပိုင်း ( ၂ ) ဆက်ရန်—
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar