Breaking News

ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၂ )


ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၂ )

(မိုးမခ) အောက်တိုဘာ ၁၀  ၊ ၂၀၂၃



ကျနော်တို့အနေနဲ့  ညီညွတ်ရေးလိုချင်ရင် မညီညွတ်ခြင်း ဖြစ်ခဲ့ရတဲ့ အတိတ်သမိုင်းကို အသေအချာ သုံးသပ်နိဂုံးချုပ်နိုင်ဖို့ လိုမှာ ဖြစ်ပါတယ်။ ဒါမှသာ ကနေ့လက်တွေ့ ညီညွတ်ရေးကို ဆောင်ရွက်ဖို့ လုံလောက်တဲ့ လုပ်ငန်းဆိုင်ရာ လမ်းညွှန်တွေကို  အခိုင်အမာ  ပြဋ္ဌာန်းပေးနိုင်ပါလိမ့်မယ်။  စစ်အနိုင်တိုက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု  ထူထောင်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့  အဓိပ္ပာယ်သတ်မှတ်ချက်က ဖက်ဆစ်စစ်တပ်ကို အပြီးအပိုင် တိုက်ဖျက် ဖယ်ရှားပစ်ဖို့ကလွဲပြီး အခြားမရှိဘူး ဆိုတာပဲ ဖြစ်ပါတယ်။

အပိုင်း ၁ မှာ ညီညွတ်ခြင်းနဲ့ မညီညွတ်ခြင်းကြား တည်ရှိနေတဲ့ ပဋိပက္ခတချို့ကို တင်ပြခဲ့ပါတယ်။  ညီညွတ်ရေးနဲ့ပတ်သက်တဲ့ ကျနော်တို့ အမျိုးသားခေါင်းဆောင်ရဲ့ နောက်ဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်း ကိုလည်း ရေးသားခဲ့ပါတယ်။ ကိုလိုနီခေတ် မြန်မာနိုင်ငံ လွတ်မြောက်ရေးတိုက်ပွဲသမိုင်းဟာ ညီညွတ်မှုတွေ၊ မညီညွတ်မှုတွေနဲ့ ရောပြွမ်းနေတာ သဘာဝကျစွာ တွေ့ရမှာဖြစ်ပေမဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဖြစ်တာကြောင့် ညီညွတ်ရေးစိတ်ဓာတ်နဲ့ ညီညွတ်ရေးအတွေးအခေါ်ဟာ အမြင့်မားဆုံး အနေအထားမှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ခေတ်မှာ ဂျပန်အလိုတော်ရိတွေ ရှိခဲ့သလို အင်္ဂလိပ်ခေတ်မှာလည်း အင်္ဂလိပ်အလိုတော်ရိတွေရှိခဲ့ကြတာ အမှန်တကယ်ပဲ ဖြစ်တယ်။ ဒါ မညီညွတ်ခြင်း သဘောကို ဆိုလိုတာပါ။ ဒါပေမဲ့ မညီညွတ်မှုတွေ အင်အားတစုံတရာရှိလာပြီဆိုရင်တော့ တိုင်းပြည်အန္တရာယ်ရှိတာ အသေအချာပဲ ဖြစ်ခဲ့ပါတယ်။

ကနေ့ ညီညွတ်ရေးကို ကျနော်တို့ ဘယ်က အစချီကြမလဲဆိုတဲ့ မေးခွန်းက သိပ်အရေးကြီးပါတယ်။ ကျနော်တို့ မူအရ ညီညွတ်ရေးကို တည်ဆောက်တာဟာ ခိုင်မာတဲ့ ညီညွတ်ရေးကို အာမခံနိုင်ပါလိမ့်မယ်။ ကနေ့ ကျနော်တို့အများစုက လူပေါ်က ညီညွတ်ရေးကို သမိုင်းတလျှောက်လုံး  မှားယွင်းစွာ တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ လူပေါ် တည်ဆောက်တဲ့ ညီညွတ်ရေးက များသောအားဖြင့် အုပ်စုဖွဲ့ခြင်းတွေမှာ အဆုံးသတ်ပြီး စစ်မှန်တဲ့ ညီညွတ်ရေးနဲ့ ကွဲလွဲသွားလေ့ရှိပါတယ်။ ဒီကနေ့ အာဏာရှင်တွေ  အာဏာရှင်စနစ်တွေကို  မွေးဖွားပေးလိုက်သလို ဖြစ်လေ့ရှိပါတယ်။ ဒီမိုကရေစီ သဘောတရား Democratic principle တွေနဲ့လည်း ဆန့်ကျင်လေ့ရှိပါတယ်။ ဒါဟာ ပဒေသရာဇ်ယဥ်ကျေးမှုရဲ့  ဆိုးမွေဖြစ်သလို ဒီဆိုးမွေကို အာဏာရှင်တွေက သဘောကျလေ့ရှိပါတယ်။ အာဏာရှင် အများစုဟာ ပဒေသရာဇ်စနစ် ပဒေသရာဇ်ယဥ်ကျေးမှုကို အခြေပြုလေ့ရှိသလို အာဏာအများစုရဲ့ ပိုင်ရှင်ဖြစ်အောင် ကြိုးစားကြလေ့ရှိပါတယ်။ ကျနော်တို့ ခွင့်ပြုလို့ မရပါဘူး။ အဖိနှိပ်ခံ တိုင်ရင်းသား လူမျိုးပေါင်းစုံ စုပေါင်းပြီး အာဏာရှင်စနစ်ကို တားဆီးရပါလိမ့်မယ်။ ဒီနေရာမှာ မိမိအကျိုးစီးပွားကြောင့် ဂုဏ်သိက္ခာကင်းမဲ့စွာ စစ်အာဏာရှင်တွေ စစ်ဖိနပ်ကို ကုန်းနမ်းကြမယ့်လူတွေလည်း ရှိလာမှာ အသေအချာ ဖြစ်ပါတယ်။ ဒါတွေက အနည်းစုပဲ ဖြစ်ပါတယ်။ ဂျပန်အလိုတော်ရိတို့ အင်္ဂလိပ်အလို တော်ရိတို့နဲ့ အတွေးအခေါ်အရ တထပ်တည်းလို့ ပြောရမှာ ဖြစ်ပါတယ်။

မူ ပေါ် အခြေပြုတဲ့ ညီညွတ်ရေးဆိုတာကို သဲသဲကွဲကွဲ ရှိဖို့လိုပါတယ်။ မူ ပေါ်အခြေပြုတဲ့ ညီညွတ်ရေးဆိုတာ တိတိကျကျ ပြောရမယ်ဆိုရင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ်ထားတဲ့ မူ ဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းရှင်းလင်းလင်းရှိဖို့က လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ နိုင်ငံရေးပါတီဖြစ်စေ၊ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ ပြည်သူလူထု အကျိုးစီးပွားနဲ့ မိမိအကျိုးစီးပွား ထိပ်တိုက်ဖြစ်လာမယ်ဆိုရင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု အကျိုးစီးပွားကို မျက်နှာမူရမယ်ဆိုတဲ့ တိကျသေချာတဲ့ မူကို ကိုင်စွဲခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကျိုးစီးပွား၊ ကိုယ့်အဖွဲ့အစည်း အကျိုးစီးပွား၊ ကိုယ့်ပါတီ အကျိုးစီးပွား၊ ကိုယ့်လက်နက်ကိုင်အဖွဲ့အစည်း အကျိုးစီးပွားကို ရှေ့တန်းတင်နေသ၍ ခိုင်မာတဲ့ ညီညွတ်ရေး တည်ဆောက်နိုင်မှာ မဟုတ်တာ သေချာပါတယ်။ ပြည်သူလူထု အကျိုးစီးပွားကိုလည်း အနည်းနဲ့ အများ ထိခိုက်မှာ သေချာပါတယ်။

ဒီနေရာမှာ ဗမာပြည်စစ်အုပ်စုနဲ့ ညီညွတ်ရေး တည်ဆောက်ခဲ့တဲ့ သမိုင်းကို အသေအချာ ပြန်လည် သုံးသပ်ဖို့လိုမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုဟာ ဘယ်တုန်းကမှ ပေးထားတဲ့ ကတိကို မတည်မြဲခဲ့လို့ဘဲ ဖြစ်ပါတယ်။ တကယ်တော့ စစ်အုပ်စုဟာ လူလိမ်တွေဖြစ်တာ သမိုင်းတလျှောက်ပါဘဲ။ ဗမာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး မလိုချင်ဆုံးက စစ်တပ်ပဲ ဖြစ်ပါတယ်။ ဒီလိုပဲ ပြည်တွင်း ငြိမ်းချမ်းရေးစကား အပြောဆုံးကလဲ စစ်တပ်ပဲ ဖြစ်ပါတယ်။ သူ့အကျိုးစီးပွား တစုံတရာရမယ် ဆိုရင် မျက်နှာပြောင်တိုက်ရမှာ ဝန်မလေးသလို ဘယ်တိုင်းရင်းသားခေါင်းဆောင်ကိုမဆို သတ်ရဖြတ်ရမှာလည်း ဝန်လေးခြင်းမရှိပါခဲ့ဘူး။ ဒီလိုပဲ ဘယ်ပြည်သူလူထုကိုမဆို လူသတ် မုဒိမ်းကျင့် ဓားပြတိုက် လုယက် အကြမ်းဖက်ရမှာကိုလည်း ဝန်လေးခြင်း မရှိခဲ့ပါဘူး။ 

နွေဦးတော်လှန်ရေးမှာတော့ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ ရွာတွေ၊ မြို့တွေကို မီးရှို့တာတွေအပြင် သာမန်အရပ်သား အိမ်တွေ၊  ရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲတာတွေဟာ သာမန် ရာဇဝတ်မှုတွေထက် ပိုမိုးဆိုးဝါး ရက်စက်လာတဲ့ စစ်ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။ အဓိက အကြောင်းရင်းတခုက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justic ) ကို လူထုက ဘယ်တုန်းကမှ မရရှိ မခံစားခဲ့ရတာဟာ အစိုးရအဆက်ဆက်  စစ်အုပ်စုနဲ့ လက်ဝါးချင်းရိုက်ပြီး တိုင်းပြည် အုပ်ချုပ်ခဲ့ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီစနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုပါတယ်။ ဒီစနစ်ဟာ ဘယ်တိုင်းရင်းသားလူမျိုးပေါင်းစုံကိုမှ အကျိုးပြုမှာ မဟုတ်သလို စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးနဲ့လည်း ဒီစစ်အုပ်စု ရှိနေသမျှ အလှမ်းဝေးနေဦးမှာပဲ ဖြစ်ပါတယ်။ အလေးအနက် တင်ပြချင်တာက ဘယ်တုန်းကမှ ကတိမတည်တဲ့ စစ်တပ်နဲ့ ဆွေးနွေးနေတာတွေအားလုံးဟာ စစ်အုပ်စု အကျိုးစီးပွား သက်ဆိုးရှည်စေဖို့ စစ်ဖိနပ်ကို တံတွေး ဆွတ်တိုက်ပေးနေခြင်းကလွဲပြီး အခြားမရှိဘူးလို့ဘဲ ဗြောင်ပြောရပါတော့မယ်။

ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်နေဝင်းဟာ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြီးကို အသက်ပေး ကာကွယ်သွားပါမယ်” လို့ လူသိရှင်ကြား ကတိပြုခဲ့ပြီး သူ့လေသံကောင်းကောင်းတောင် မပျောက် သေးခင် ၃ နှစ်ကျော်ကျော် ကာလအတွင်းမှာပဲ သူ အသက်ပေး ကာကွယ်မယ်ဆိုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို စက္ကူစုတ် လုပ်ပစ်ခဲ့ပါတယ်။ ဒီလိုပဲ  ကာကွယ်ရေးဦးစီးချုပ် နောက်တယောက်ဖြစ်တဲ့ ဗိုလ်စောမောင်ဟာ ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား ပြန်မယ်လို့ ကမ္ဘာသိ အကြိမ်ကြိမ်ကတိပေးခဲ့ပေမယ့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲမပေးခဲ့ပါဘူး။ 

ကနေ့ စစ်အုပ်စုဟာ သူတို့အလိုကျ ရေးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို သူတို့ကိုယ်တိုင် ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တယ်။ ဒီကိစ္စကို တရားမျှတမှုမရှိဘူး၊ လိမ်ညာမှုသက်သက်သာဖြစ်ကြောင်း သန်းချီတဲ့ လူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ပက်ပက်စက်စက် သတ်ဖြတ် ဖမ်းဆီး နှိပ်စက်ခဲ့တာကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေဟာ ခုခံတော်လှန်စစ်ကို ဆင်နွဲနေကြတာ ဖြစ်ပါတယ်။ သေချာတာက ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်း ဘယ်ပါတီမဆို လူထုအသံ လူထုမာန်ကို လျစ်လျူရှုရင်တော့ လူထုဆန့်ကျင်တာခံရမှာ အသေအချာပဲ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် ဗမာစစ်ဗိုလ်ချူပ်တွေဟာ မြန်မာ့သမိုင်းမှာ ကတိမတည်သူတွေ  အကြိမ်ကြိမ် ကတိဖောက်ဖျက်ခဲ့သူတွေအဖြစ်  ကမ္ဘာမှာ ထင်ရှားပါတယ်။ ကျနော် အလေးအနက် ပြောချင်တာက  ဒီလောက် ကတိမတည်တဲ့ စစ်ဗိုလ်ချုပ်တွေပေးတဲ့ ကတိစကားပေါ် အခြေပြုပြီး နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို  ချမှတ်ဆောင်ရွက်မယ် ဆိုရင်တော့ လူထုလမ်းစဥ်နဲ့ ကွဲလွဲနေပါလိမ့်မယ်။ 

ကျနော့်ကို မေးခွန်းတခု မေးထားတာ ရှိပါတယ်။ 

အဲဒါက— ကျနော်တို့ စစ်နိုင်မလား၊ သရေ ဖြစ်မလားဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကျနော် ဖြေချင်တာက ကျနော်တို့နိုင်မှာ သေချာပါတယ်။ စစ်ပွဲကြီးတွေမှာ သရေ ဆိုတာ မရှိပါဘူး။ နိုင်ရင် နိုင်၊ မနိုင်ရင် ရှုံးတာပဲ ရှိပါတယ်။ စစ်ခဏရပ်ကြတာကို သရေလို့  ဆိုလိုတာ ဖြစ်မယ် ထင်ပါတယ်။ တချို့ စစ်အခြေအနေတွေမှာ ကာလတိုကြပေမဲ့  တချို့ စစ်အခြေအနေတွေမှာတော့ ကာလအတော်အတန် ကြာတတ်ကြပါတယ်။

ဗမာပြည် လက်တွေ့နိုင်ငံရေးအရ စစ်အုပ်စုနဲ့ ညှိနှိုင်းပြီး ရွေးကောက်ပွဲ ပြန်ဝင်မယ်လို့ စဥ်းစားရင်တော့ စစ်ရှုံးတဲ့ဘက်ကို ရောက်သွားပါလိမ့်မယ်။ စစ်အုပ်စုရဲ့ ဘယ်ကတိစကားကိုမှ ယုံကြည်လို့မရပါဘူး။ ဒီဖက်ဆစ်စစ်အုပ်စုရှိနေသမျှ စစ်အာဏာသိမ်းမှုဆိုတာ စစ်တပ်က ဘယ်လောက်ပဲ ကတိတွေပေးပေး ဆက်ဖြစ်နေဥိးမှာ သေချာပါတယ်။ နောက်တချက်က အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု Transitional Justic ကို ကျနော်တို့ အခိုင်အမာ မဆောင်ရွက်နိုင်ရင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုလည်း ရနိုင်မှာမဟုတ်ပါဘူး။ ဒီအချက်ကို စစ်အုပ်စုက ပေးမှာ မဟုတ်ပါဘူး။ ဒါကိုကျော်ပြီး အပေးအယူလုပ်မှုတိုင်းဟာလည်း တိုင်းပြည်ကို သစ္စာဖောက်မှုသာ ဖြစ်ပါလိမ့်မယ်။

ကနေ့ ခုခံစစ် တနည်းပြောရရင် ညီညွတ်ရေး တည်ဆောက်ပြီး စစ်အနိုင်တိုက်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးကသာ အနာဂတ် ကျနော်တို့နိုင်ငံ တလုံးတစည်းတည်း ဖြစ်ရေးကို အာမခံမယ့် တခုတည်းသောလမ်းစဥ် ဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။


 ကျမ်းကိုး

၁။ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း ဗန်းမော်တင်အောင်

၂။ကိုလိုနီခေတ်မြန်မာနိုင်ငံအဘိဓါန် မြဟန်

၃။အမှောင်ကြားကဗမာပြည် ဝင်းတင့်ထွန်း

၄။ဗိုလ်ချူပ်အောင်ဆန်းမိန့်ခွန်းများ ၁၇.၃.၄၅ မှ ၁၉.၇.၄၇ အထိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း ( ၁ ) — https://www.moemaka.com/2023/09/blog-post_266.html
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar