Breaking News

ကိုသန်းလွင် - အခြားကမ္ဘာတွင်သက်ရှိများ ရှိ၊ မရှိ


ကိုသန်းလွင် - အခြားကမ္ဘာတွင်သက်ရှိများ ရှိ၊ မရှိ

(မိုးမခ) နိုဝင်ဘာ ၂၁ ၊ ၂၀၂၃


( ၁ )  

လူတို့၏ များစွာသောအခြား တွေ့ရှိချက်များနည်းတူ ယခု တွေ့ရှိချက်မှာလည်း လူတစ်ဦး တစ်ယောက်၏ ဦးနှောက်ထဲဝယ် နှိုးဆွသိလိုရာမှ စတင်လာခဲ့ပါသည်။ ထိုပုဂ္ဂိုလ်မှာ စကြဝဠာအကြောင်း လူတို့အား ရှင်းပြနေသူ ကားလ်စေဂန် (Carl Sagan) ဖြစ်ပါသည်။ 

သူ တွေးခေါ်ခဲ့သည်မှာ နာဆာ၏ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလတွင် လွှတ်တင်ခဲ့သော ဂျူပီတာဂြိုဟ်ကို ပတ်မည့် ဂယ်လီလီအို (Galileo spacecratt) နှင့် ပတ်သက်ပါသည်။ ထိုယာဉ်သည် ကမ္ဘာကြီးကို ၉၆၀ ကီလိုမီတာ အကွာအဝေး၌ ဖြတ်သွားမည်ဖြစ်ရာ ၎င်းသည် လူအများစု နေထိုင်ရာ ကမ္ဘာကြီးကို ထိုနေရာမှ ကြည့်ရှုရန် ဖြစ်ပါသည်။ 

အဖြေမှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ က ယခုလတွင် ဖြန့်ဝေခဲ့သော နေးချား (Nature)  မဂ္ဂဇင်းပါ ဆောင်းပါးတစ်စောင် ဖြစ်ခဲ့ပါသည်။

ထိုဆောင်းပါး ပါလာမည့် အခွင့်အရေးမှာ လူသားတို့အဖို့ ကြေကွဲစရာ မတော်တဆ ထိခိုက်မှုတစ်ခုကြောင့် သုံးနှစ်မျှ နောက်ကျခဲ့ရပါသည်။ ဂယ်လီလီအိုကို မပစ်လွှတ်မီ လေးနှစ်အလိုက ၁၉၈၆ ခုနှစ် ဇန်နဝါရီလတွင် (Space shuttle Challenger) ချယ်လင်ဂျာယာဉ်မှာ လွှတ်တင်အပြီးတွင် ပေါက်ကွဲပျက်စီးခဲ့ပါသည်။ အာကာသယာဉ်မှုး ၇ ဦး အသက်ဆုံးရှုံးခဲ့ပါသည်။ ထိုမှ ဂယ်လီလီအိုကို လွှတ်တင်ရန် သုံးနှစ်မျှ နောက်ဆုတ်သွားခဲ့ပြီး လောင်စာဆီသုံးသော (liquid fuel) ဒုံးပျံနှင့် လွှတ်တင်ခဲ့ပါသည်။ 

ဂြိုဟ်တုကို ချယ်လင်ဂျာယာဉ်ပေါ် မှ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာတို့အကြား မြေဆွဲအားကို အသုံးပြုပြီး ညင်သာစွာ လွှတ်တင်ခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် တိုင်းတာမည့်နေရာသို့ရောက်၍ ဆက်သွယ်ရေး ကိရိယာများကို ကမ္ဘာမြေသို့ ချိန်ကာ တိုင်းထွာခဲ့ပါသည်။ ကိရိယာများဆိုရာ၌ ဓာတ်ပုံရိုက်ကိရိယာများ (Imaging equipment)၊ စပက်ထရိုမီတာများ၊  သံလိုက်အားတိုင်း ကိရိယာများ ပါဝင်ပါသည်။ ကမ္ဘာမြေပြင်တွင် လူသားများ နေထိုင်ကြရာ လူ၏ နှောင့်ယှက်မှုကြောင့် လေထုတွင် အပြောင်းအလဲများဖြစ်ခဲ့ရာ ထိုထူးခြားမှုများကို အာကာသမှ လေ့လာရန် ဖြစ်ပါသည်။

( ၂ )

ကမ္ဘာပေါ်တွင် လူသားတို့ နေထိုင်ကြခြင်းမှာ ကျွန်တော်တို့အဖို့ အရေးပါသော နေရာကို ယူထားရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးတွင် အဝေးမှနေ၍ လူသားများ ရှိ၊ မရှိ စူးစမ်းရန်အရေးမှာ အခြား နေရာများတွင် သက်ရှိများ ရှိ၊ မရှိ စုံစမ်းရေးအတွက် အရေးကြီးလှပါသည်။ ဝေးကွာသောအရပ်မှ ကမ္ဘာကြီးကို ပထမဆုံး ကြည့်ရှုခြင်း ဖြစ်ပါသည်။ 

ထိုအချိန်သည် ကမ္ဘာမြေပေါ်မှ လွဲ၍ အခြားနေရာများ၌ သက်ရှိများ နေထိုင်မှု ရှိ၊ မရှိ ရှာဖွေ၍ ခြေကုန်လက်ပန်းကျနေချိန် ဖြစ်သည်။ ၁၉၆၀ နှင့် ၁၉၇၀ နှစ်များတွင် ပြုလုပ်ခဲ့ကြသော အမေရိကန်နှင့် ဆိုဗီယက်တို့ ၏ စက်ရုပ်များနှင့် လူသား ရှာဖွေရေးမှာ သောကြာဂြိုဟ်ပေါ်တွင် ထူထဲသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ များ ရှိနေပုံ၊ နေရသည်မှာလည်း အလွန်ပူပြင်းနေပုံ၊ အင်္ဂါဂြိုဟ်ပေါ်တွင် တူးမြောင်းများနှင့် သဏ္ဌာန်တူသော အရာများဟု ထင်ခဲ့ရသော်လည်း အမှန်မှာ အသုံးမကျသည့်နေရာ (waste land) များဖြစ်ပုံ စသည်တို့ကိုတွေ့ ကြရပါသည်။ ၁၉၆၀ ပြည့်နှစ်က ဂျူပီတာ၏လ Europa တွင် သမုဒ္ဒရာကဲ့သို့ရေပြင်ကျယ်ရှိမည်ဟု ဂယ်လီလီအိုမှပင် တွေ့ရှိခဲ့ပါသည်။ စနေဂြိုဟ်၏ လတစ်စင်းဖြစ်သော Eucdadus တွင် သက်ရှိများ နေထိုင်ရန် အခွင့်အရေး ရှိပုံတို့ကို တွေ့ခဲ့ရပါသည်။

ဂယ်လီလီအိုမှ သြစတေးလျနှင့် အန္တာတိကတိုက်ပေါ်တွင် ရှာဖွေကြည့်သောအခါ သက်ရှိများ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပါ။ ဂယ်လီလီအိုမှ ကမ္ဘာ့လေထုတွင် အောက်စီဂျင်နှင့် မီသိန်းဓာတ်ငွေ့တို့၏ ပါဝင်နှုန်းကို တိုင်းတာခဲ့ကြပါသည်။ ထိုဓာတ်ငွေ့တို့၏ ပါဝင်နှုန်း အချိုးအဆ မတည်ငြိမ် ပြောင်းလဲနေပုံကို တွေ့ရှိခဲ့ကြပါသည်။ အနီအောက်ရောင်ခြည်၏ ဖြာကွက်မှု (spectrum)ကို ကြည့်သောအခါ ကြီးစွာသောပြောင်းလဲမှုကြီးကို တွေ့ရှိခဲ့ကြပါသည်။ နေရောင်ခြည်ကို ကမ္ဘာ့မျက်နှာပြင်မှ ရောင်ပြန်ဟပ်သောကြောင့် ထိုကဲ့သို့ ကြီးမားသော ပြောင်းလဲမှုကြီးကို တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။ လူတို့၏ အသိဉာဏ်က ဖန်တီးသော ရေဒီယိုလှိုင်းကို (Amplitude Modulation signal) အဖြစ် တွေ့ရှိကြပါသည်။  တို့နောက် မြေပြင်မှ ၁၀၀ ကီလိုမီတာနှင့် ကီလို မီတာ တစ်သိန်းတို့အကြားရှိ ဂြိုဟ်များ၊ နေးချားစာတမ်း ရေးသည့်အချိန်အထိ အရာဝတ္ထု ၆၀ ကျော်တို့ကို ဤနည်းဖြင့် စမ်းသပ်ကြည့်ခဲ့ပါသည်။ သက်ရှိများ တည်ရှိနိုင်သော အခြအနေ အနည်းငယ်မျှကိုမှ မတွေ့ခဲ့ကြရပါ။ လ၊ အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ်ကဲ့သို့သော အထင်ကရနေရာများ၌ သက်ရှိများ မရှိနိုင်ကြပါ။

ဤတွေ့ရှိချက်များကို နေးချားအယ်ဒီတာများထံ တင်ပြကြသောအခါ အယ်ဒီတာအဖွဲ့က ဤတွေ့ရှိချက်များမှာ သိပ္ပံနည်းမကျဟု ယူဆပြီး ၎င်းတို့စာစောင်၌ ထည့်သွင်းတင်ပြရန် အစ၌ ငြင်းဆန်ခဲ့ကြသည်ဟု သိရပါသည်။ အဖြေ သိပြီးဖြစ်သော စမ်းသပ်မှုတစ်ခုတွင် ရလာသောအဖြေကို တင်ပြကြသောအခါ အခက်အခဲများ ရှိနေပါသည်။ အဖြေသိပြီးဖြစ်၍ တန်ဖိုးမထားခြင်းလည်း ဖြစ်နိုင်ပါသည်။ နောက်သို့ တစ်လှမ်းဆုတ်၍ ကမ္ဘာကြီး ပေါ်တွင် အသက်ရှိသည်ဆိုခြင်းကို ထည့်မစဉ်းစားဘဲ အခြားကမ္ဘာများထဲမှ တစ်ခုကဲ့သို့ စဉ်းစားမှသာ အဖြေမှန်နှင့် နီးစပ်မည် ဖြစ်ပါသည်။ 

၁၉၉၀ ပြည့်နှစ် ဂယ်လီလီအို မပျံသန်းမီ အချိန်အထိ နားလည်ထားကြသည်မှာ ဂြိုဟ်များ ဝိုင်းပတ်နေသည့် နေစကြဝဠာမျိုးသည် တစ်ခုတည်းသာ ရှိပါသည်။ နောင်နှစ်နှစ်ခန့်ကြာမှ (Pulsar) ခေါ်ကြယ်သေကို ဝိုင်းပတ်နေသော စနစ်များကို တွေ့ရှိကြရပါသည်။ နောက်ထပ်သုံးနှစ်ခန့်ကြာမှ 51 Pegasi ခေါ် ကြယ်ကို ဂြိုဟ်များ ဝိုင်းပတ်နေသော စနစ်ကို စတင်တွေ့မြင်ခဲ့ကြပါသည်။ ယနေ့အခြေအနေတွင်မူ ဂြိုဟ်များ ဝိုင်းရံပတ်နေသော နေကဲ့သို့သော ကြယ်များရှိသည့် စနစ်ပေါင်း ၅၅၀၀ ကျော်ကို တွေ့ရှိခဲ့ပြီးပါပြီ။ ၎င်းတို့အထဲမှ အနည်းငယ်သာ နေစကြဝဠာနှင့် ဆင်ဆင်တူသည့် စနစ်များကို တွေ့ခဲ့ကြပါသည်။ 

ကားလ်ဆေဂန်နှင့် သူ၏မိတ်ဆွေများက ဂယ်လီလိအို၏ တိုင်းတာရေးကိရိယာများကို ကမ္ဘာဘက်သို့ လှည့်၍ တိုင်းတာကြသည့်အခါ သတိထားရမည့်ဘောင် (Frame work) တခုကို တီထွင်ခဲ့ကြပါသည်။ ကမ္ဘာ ပေါ်တွင် သက်ရှိများ ရှိသည်ဟု ဆုံးဖြတ်ရာတွင် လိုက်နာရန် ဖြစ်သည်။ အသက်ရှိခြင်းကို ပထမဆုံးမှ မဟုတ်ဘဲ နောက်ဆုံးမှ ဆုံးဖြတ်ရန်နှင့် တွေ့ရှိသမျှလက္ခဏာများကို စုပေါင်းလေ့လာကြရန် ဖြစ်ပါသည်။

ထိုဥပဒေများမှာ နည်းပညာ တိုးတက်လာသောအခါ ယခုကဲ့သို့ (JWST- James Webb space Telescope) ဖြင့် ကြည့်နိုင်လာသောအခါတွင် ပိုမို၍အရေးကြီးလာပါသည်။ အဖြေရလဒ်မှာ ပိုမို၍ ရှင်းလင်း လွယ်ကူရမည့်အစား ပိုမို၍ ရှုပ်ထွေးလာသည်ကို တွေ့ရပါသည်။ တယ်လီစကုပ်က ယခုအခါ နေကို ဂြိုဟ်များ ဝန်းရံပတ်နေသည့် စနစ် တစ်ဒါဇင်ကျော်မျှကို အသက်ရှိ၊ မရှိ ရှာဖွေခဲ့ကြပါသည်။ ယခုအချိန်တွင် အောက်စီဂျင်နှင့် မီသိန်းတို့၏ အချိုးမှာ မတည်မငြိမ်ပြောင်းလဲနေသော လေထုမျိုးကို စတင်တွေ့နေရပြီဟု ဆိုပါသည်။

မီသိန်းသည် ကမ္ဘာမြေပြင်ပေါ်တွင် သက်ရှိများ တည်ရှိခြင်းအတွက် ခိုင်မာသော သက်သေ ဖြစ်နေပါ သည်။ သို့သော် မီးတောင်များမှလည်း မီသိန်းဓာတ်ငွေ့ကို ထုတ်ပေးနိုင်သည်ဖြစ်ရာ ထိုဓာတ်ငွေ့ရှိတိုင်း အသက်ရှိရမည်ဟု မပြောနိုင်သေးချေ။ အောက်ဆီဂျင်ဓာတ်ငွေ့ တွေ့သောအခါ ကမ္ဘာဖြစ်စဉ်မှာက အသက်ရှိသည်ဟု ပြောနိုင်ပါသော်လည်း ရေ သို့မဟုတ် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အလင်းရောင်က ပြိုကွဲစေနိုင်သဖြင့် အောက်စီဂျင်ဖြစ်စရာ နည်းရှိပါသေးသည်။ အသက်ရှိနိုင်ရေးအတွက် ဓာတ်ငွေ့ များ၏ ပါဝင်နှုန်းမှာ မှန်ကန်ရန် အရေးကြီးပါသည်။ အပူချိန်အတွက် နေမှ အကွာအဝေးမှာလည်း သင့်တော်သော အကွာအဝေး ဖြစ်ရန် အရေးကြီးပါသည်။ သို့မှသာ မပူလွန်းသော၊ မအေးလွန်းသော ရာသီဥတုမျိုးကို ရနိုင်မည် ဖြစ်ပါသည်။

အခြား အရေးကြီးသော ဓာတ်ငွေ့အချိုးအစားမှာ မီသိန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်တို့၏ အချိုးအစား ဖြစ်ပါသည်။ ဂျိန်းဝက်မှန်ပြောင်းက တွေ့ရှိခဲ့သော K2-18b ဟု အမည်ပေးထားသော ဂြိုဟ်ပေါ်တွင် မြေပြင်ကို ရေများ ဖုံးလွှမ်းနေပြီး ၎င်းတွင် Dimethyl sulfide ခေါ် ဓာတ်ပေါင်းကို တွေ့ရှိကြရာ ၎င်းသည် သက်ရှိ သတ္တဝါများမှ ထုတ်လွှတ်သော ဓာတ်ပေါင်းဖြစ်၍ ထိုဂြိုဟ်ပေါ်တွင် သက်ရှိများရှိရမည်ဟု သတင်းဖြစ်ခဲ့ဖူးသည်။ ထို့နောက်မှ ထိုကမ္ဘာတွင် ရေမရှိနိုင် ဆိုသော အချက်ကို လူတို့ တွေ့ကြရသာအခါ သက်ရှိ ရှိနိုင်သည်ဟူသော အယူအဆကို စွန့်လွှတ်လိုက်ရသည်။

ထို့ကြောင့် နာဆာမှ သိပ္ပံပညာရှင်ဖြစ်သော ဂျင်ဂရင်း (Jim Green) ဆိုသူက ကမ္ဘာတခုပေါ်တွင် အသက်ရှိ၊ မရှိ ဆုံးဖြတ်ရန် သုည မှ ၇ အထိရှိသော စကေးတခုကို တီထွင်ခဲ့သည်။ အသက်ရှိရန်အတွက် လိုအပ်သောအချက် တစ်ချက်ကို တွေ့ပြီဆိုသည်နှင့် အသက်ရှိသည်ဟု ဆုံးဖြတ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ အချက် တစ်ချက်တည်းသာမကဘဲ အခြား အချက်အလက်များ စုပေါင်းရပြီဆိုပါမှ အသက်ရှိ၊ မရှိကို ဆုံးဖြတ်ကြရန် ဖြစ်ပါသည်။ 

ဥပမာ- ဓာတ်ငွေ့တခုကို တွေ့ပြီဆိုပါစို့၊ ထိုဓာတ်ငွေ့၏ ပျက်စီးနိုင်ခြင်း (Contamination)၊ ထိုဓာတ်ငွေ့ရှိခြင်းအတွက် အခြားလွတ်လပ်သော သက်သေ အထောက်အထား စသည်တို့ကို စဉ်းစားရန် ဖြစ်ပါသည်။

( ၃ )

ခရီးရှည်ကြာပါဦးမည်။ မှန်ပြောင်းတခုက မော်လီကျုးတစ်ခုကို တွေ့ပြီ ဆိုပါစို့။ ၎င်းကို သေချာစေရန် နောက်ထပ်မှန်ပြောင်းတခုကို ထပ်မံ တီထွင်၍ အတည်ပြုရန် လိုအပ်တတ်ပါသည်။ ထိုအုတ်ချပ်များကို စုပေါင်း၍ သီအိုရီတစ်ခုကို မှန်၊ မမှန် တည်ဆောက်နိုင်ပါလိမ့်မည်။ ဤသည်မှာ အခြားကမ္ဘာပေါ်က သက်ရှိသည်လည်း  ကမ္ဘာပေါ်မှ သက်ရှိများကဲ့သို့ အောက်စီဂျင်၊ ရေ အစရှိသည်တို့ကို အသုံးပြုရလိမ့်မည်ဟူသော အယူအဆနှင့် ဖြစ်ပါသည်။ 

ထိုအချက်များကို ၁၉၉၆ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော ကားလ် စေဂန်ကလည်း သဘောတူညီလိမ့်မည်ဟု ထင်ပါသည်။

Ref: Is there life on earth? By Alexandra Witza, Nature October 18, 2023



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar