Breaking News

အမေရိကန်စီးပွားရေးက ရှောခ့်မျိုးစုံကို ခံနိုင်ရည်ရှိသလား

အမေရိကန်စီးပွားရေးက ရှောခ့်မျိုးစုံကို ခံနိုင်ရည်ရှိသလား

အမေရိကန်သာဂိ (မိုးမခ) မတ် ၄၊ ၂၀၂၆

Economic Shock တွေလို့အသုံးရှိပါတယ်။ တုန်လှုပ်မှုလို့ ခေါ် ကြမလား။ လှုပ်ခတ်မှုလို့ သုံးမလား။ ရှော့ခ် ဖြစ်သွားတယ် ဆိုတာ ထိတ်လန့်မှု၊ သွေးလန့်မှု လို့လည်း ပြောလို့ရမယ် ထင်ပါတယ်။

ထရန့်လက်ထက်မှာ အခု အီရန်ကို တရားမ၀င်စစ်ကြေငြာခြင်း မပြုဘဲ ကျူးကျော်တိုက်ခိုက်မှုဟာ စီးပွားရေးသွေးလန့်မှု၊ ထိတ်လန့်မှု၊ Economic Shock ကြီး အကြီးကြီးဖြစ်ပါတယ်။ တကယ်ကော ရှော့ခ် ဖြစ်သွားလား၊ ရှော့ခ်ကို ဘယ်လိုတုန့်ပြန်ကြသလဲ၊ စီးပွားပျက်ကပ် ဆိုက်တော့မလောက် ထိတ်လန့် တုန်လှုပ် သွားကြသလား။ ခုထိတော့ ထင်ထင်ရှားရှား မတွေ့ကြသေးဘူး။ ရေနံစျေး တက်မယ်လို့ ပြောကြပေမယ့် ခုထိ ခုန်မတက်သေးဘူး တဲ့။

ထရန့်လက်ထက်မှာ အမေရိကန်စီးပွားရေးကို ရှော့ခ် အကြိမ်ကြိမ် ရိုက်ခံရတယ်။ Tafiff shock သွင်းကုန်ခွန်တွေ အဆမတန် တိုးကောက်တယ်။ ဘာမှ သိပ်မဖြစ်ဘူး။ Federal Layoff and Budget Cut -shock ပြည်ထောင်စုအစိုးရတခုလုံး အလုပ်လျော့ချခြင်း၊ ပြည်ထောင်စုဘတ်ဂျက်တစုံလုံး ဖြတ်တောက်ခြင်း လုပ်တယ်၊ ဘာမှ မထူးဘူး။ Immigration Crakdown Shock - လူဝင်မှုကြီးကြပ်ရေးကို အမြင့်ဆုံး ပိတ်ဆို့ ဖမ်းဆီး နှိမ်နင်း အရေးယူတယ်။ အမေရိကန်စီးပွားရေးက သွေးလန့်မှု အများကြီး မဖြစ်ဘူး။ တောင်အမေရိကားက ဗင်နီဇွဲလားကို ဝင်တိုက်ပြီး တရားဝင်သမ္မတကို ပြန်ပေးဆွဲတယ်။ အေးဆေးပဲ။ အခုနောက်ဆုံး အီရန်ကို ဝင်တိုက်တယ်။ သူတို့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင်ကို အကြမ်းဖက် သတ်ဖြတ်တယ်။ အခု ၃ ရက် ရှိပြီ၊ ဘာဖြစ်လဲ၊ ကမ္ဘာကြီး တုန်သွားလား။ သိပ်မတုန်သွားဘူး။ အမေရိကန်ဟာ မည်သည့် Economic Shock မဆို ခံနိုင်ရည်ရှိနေပြီလား။ ဒါးပြီး ဒုတ်ပြီး နေသလား။

အကဲခတ်တွေကတော့ အမေရိကန်စီးပွားရေးက အတော်ကို ခံနိုင်ရည် ရှိနေသလိုပဲ တဲ့။ သမ္မတ ထရန့်လက်ထက်မှာ သူလုပ်ချင်တိုင်း လုပ်လို့ တင့်တယ် တယ် ဖြစ်နေတယ်။ အခြားသမ္မတတွေ လုပ်ကြည့်ပါလား၊ အကုန်လုံး ဝိုင်းပွက်လို့ ဂျွန်းထိုး မှောက်ခုန် ဖြစ်နေပြီပေါ့လို့ ဆိုကြတယ်။ အမေရိကန်စီးပွားရေးက တကယ်ကို ကောင်းနေလို့လား။

အဲသလိုလည်း မဟုတ်သေးဘူး။ သို့သော် မျက်မှောက်အခင်းအကျင်းက အရင်တုန်းကလို မဟုတ်တဲ့ အပြောင်းအလဲကို ရောက်နေတယ်လို့ ဆိုကြတယ်။ Ground Shifting Moment - ကိုယ်ရပ်တည်နေတဲ့ မြေကြီးက ရွေ့သွားပြီ။ အရင်နေရာမှာ မဟုတ်တော့ဘူးလို့ ဆိုကြတယ်။ ဘယ်ကို ရွေ့သွားပြီလဲ ဆိုတာတော့ အခုပတ်ဝန်းကျင်ကို ပြန်လေ့လာကြည့်ကြမှ သိမှာပဲ။ လူတွေက ဘယ်လို စိတ်ထားတွေ ဖြစနေလို့လဲ။ ဖြစ်သွားလဲ။

ပထမအချက်ကတော့ လူတွေက ဘာက အရေးကြီးလဲ ဆိုတာ မသဲကွဲတော့ဘူး။ Lost focus ဖြစ်သွားတယ်။ အာရုံတွေ များလွန်းလို့ ဘယ်လို တုန့်ပြန်ရမယ်၊ ဘယ်လို စဉ်းစားရမယ် မသိတော့ဘူး။ တချက်က ဆင်းရဲ ချမ်းသာ ကွာြခားချက်က အရမ်းကြီးသွားပြီ။ အများစုက အခု အခင်းအကျင်းတွေ အေအိုင်၊ စတော့မားကက်၊ အလုပ်အကိုင်အသစ် အခွင့်အလမ်းအသစ်၊ ဉစ္စာဓန ရှာဖွေနည်းသစ်တွေ၊ ဒီဂျစ်တယ်ငွေကြေးစနစ် ဆိုတာတွေ မသိတော့ဘူး။ လိုက်မမီတော့ဘူး။ သည်တော့ အခုလို Economic Shock ဖြစ်လာတိုင်း ဘယ်လို တုန့်ပြန်ရမှန်းမသိဘဲ ရပ်ကြည့်နေကြလို့ အမေရိကန်ကြီးက ဘာမှ သိပ်ဖြစ်မသွားဘူး ထင်နေကြတာ တဲ့။ သူတို့သိတာက စျေးတွေ အရမ်းကြီးတယ်။ မတတ်နိုင်တော့ဘူး။ သူများတွေကြောင့်လို့ အပြစ် တင်လိုက်တယ်။ နိုင်ငံရပ်ခြားက ဝင်လာသူတွေကို တိုက်ထုတ်လိုက်ရင် ကောင်းမယ်လို့ ထင်လိုက်တယ်။ ရှေးရိုးစွဲတာတွေနဲ့ ရင်ဆိုင်မယ်ဘဲ စဉ်းစားတတ်တော့တယ်။ ဒါမျိုး။

နောက်တချက်ကတော့ အမေရိကန်ပြည်သူတွေက government bailout ကို အကျင့်ပါနေကြတယ်လို့ သုံးသပ်သူတချို့က ဆိုကြပါတယ်။ ကိုဗစ်တုန်းကလည်း အစိုးရက လူထုကို ထောက်ပံ့တယ်၊ ငွေကူတယ်၊ ငွေချေးတယ်။ ၂၀၀၈ စီးပွားပျက်ကပ်တုန်းကလည်း အစိုးရက အကုန်လုံး bailout လုပ်တယ်၊ အမ်းပေးတယ်ပေါ့။ မီးလောင် ရေကြီး ကပ်သင့်ရင်လည်း အစိုးရက ထောက်ကူပေးနေကြမို့ ဘယ်အစိုးရတက်တက် ထောက်ပံ့မှုတွေ ခံစားရမယ်လို့ သဘောထားကြတာလည်း လူတွေကို အရေထူစေတယ်လို့ ဆိုကြပါတယ်။

အခု အီရန်စစ်ကတော့ တကမ္ဘာလုံးကို လောင်ကျွမ်းမှာမို့လို့ အမေရိကန်ကြီးက မထိတ်မလန့်ဘဲ ဆက်နေမလား၊ အမေရိကန်တွေ တုန်ဆင်းလာမလားကို သည်ရက်ပိုင်းအတွင်း အဖြေပေါ်လာမယ်လို့တော့ ဟောနေ ပြောနေကြပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar