Breaking News

ဒိုင်က နားခိုင်းတဲ့ လက်ဝှေ့ပွဲ

မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၁ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၃ 


ဒိုင်က နားခိုင်းတဲ့ လက်ဝှေ့ပွဲ 

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ တပြိုင်နက်တည်း စတင်တိုက်ခိုက်ခဲ့တဲ့ ၁၀ လပိုင်း ၂၇ ရက်နေ့က စတင် တွက်ချက်ရင် ၁လနဲ့ ၁၇ ရက်မြောက်တဲ့နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတပုဒ်ကတော့ ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ ၄င်းတို့ရဲ့ စစ်ပြိုင်တဖွဲ့တည်းသော မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပြီး နောက်နာရီအနည်းငယ်အကြာမှာတော့ တရုတ်နိုင်ငံခြားရေး ဌာနက ပြောခွင့်ရှိသူ မော်နင်က သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ဒီလို နိုင်ငံရေး ဖြစ်ရပ်ဟာ သူနိုင် ကိုယ်နိုင် အသေအကျေ ထိုးသတ်နေကြတဲ့ လက်ဝှေ့ပွဲမှာ တဖက်ကို အားပေးနေတဲ့ ပရိသတ်အဖို့ ကိုယ်အားပေးတဲ့ ထိုးသတ်သူ အလဲထိုးတော့မယ်လို့ မျှော်လင့်နေကြတဲ့ အခိုက်အတန့် ဒိုင်လူကြီးက ခေါင်းလောင်းတီးပြီး ခဏနားမယ်ဆိုပြီး ပြောလိုက်ချိန်မှာ အားပေးတဲ့ ပရိသတ်အဖို့တော့ ဒိုင်လူကြီးကို မကျေမနပ်ဖြစ်ကြတဲ့ ဇာတ်လမ်းနဲ့ အလားသဏ္ဌာန်လည်း တူပါတယ်။ ဒါပေမဲ့ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်က လက်ဝှေ့ပွဲလည်း မဟုတ်ပါဘူး။ 

လူ့အသက်တွေ၊ အိုးအိမ်တွေ၊ ကြေကွဲသွားရတဲ့ လူမှုဘဝတွေ၊ မိသားစု သေကွဲကွဲရတဲ့ အဖြစ်တွေ၊ လုယက်ဖောက်ထွင်း ယူဆောင်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ၊ စစ်ရေးပစ်မှတ်ဆိုပြီး ထောက်ခံတယ်လို့ ယူဆသူတွေ နေထိုင်တဲ့ မြို့တွေ ရွာတွေကို မကောင်းသူထိပ် ကောင်းသူထိပ်ထိချင်ရာထိ ပစ်ခတ်မှုတွေ၊ စစ်ပွဲရဲ့ ကုန်ကျစရိတ်တွေ ဖြစ်တဲ့ ငွေကြေးအတွက် လူထုက မိသားစုကို ကျွေးမွေးဖို့ လုပ်အားနဲ့ ရှာဖွေထားတဲ့ ငွေကြေးတွေကို ကောက်ခံတာ၊ အဓမ္မတောင်းခံတာတွေ၊  အရွယ်ရောက်ပြီး အရွယ်ကောင်းသူတွေကို စစ်ထဲ ဝင်တိုက်ဖို့ အဓမ္မစုဆောင်းမှုတွေနဲ့ ယှဥ်ပြိုင်ကြရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ 

အားကစားလည်း မဟုတ်သလို၊ အောင်မြင်မှုအတွက် ဂုဏ်ယူဝင့်ကြွားဖို့ တိုက်ခိုက်နေကြတာလည်း မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားတွေအပေါ် အခြေခံကြတာလို့ တိုတိုရှင်းရှင်းပြောမယ်ဆို ပြောနိုင်ပြီး အသေးစိတ်ထပ်သရုပ်ခွဲရင်တော့ အမျိုးသား အကျိုးစီးပွားလို့ ဆိုကြတဲ့ လူမျိုးစုအပေါ် အခြေခံဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ အာဏာရခဲ့တဲ့ အုပ်စုတွေအပေါ် အခြေခံဖွဲ့စည်းထားကြတဲ့ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားတွေအတွက် တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံကြရာမှာ စစ်ကောင်စီဘက်က အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနိုင်းရေးကော်မတီလို့ အမည်ပေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ရာမှာ ညှိနှိုင်းတဲ့ ကော်မတီ၊ လက်ရှိဥက္ကဋ္ဌ ဖြစ်သူကတော့ မကြာခင်က စစ်ကောင်စီ လူတွေလဲ၊ တာဝန်တွေ လဲကြတဲ့နောက် ပြည်ထဲရေး ဝန်ကြီးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာရော တရုတ်နိုင်ငံခြားရေးဌာနဘက်က သတင်းထုတ်ပြန်ရာမှာပါ ဘယ်သူဘယ်ဝါ ကိုယ်စားပြုတက်ရောက်ကြတယ် ဆိုတာမျိုး အထိ မပါရှိပါဘူး။ ညီနောင် မဟာမိတ် ၃ ဖွဲ့က ကိုယ်စားလှယ်တွေက ဘယ်သူဘယ်ဝါတွေဆိုတာမျိုး ထုတ်ပြန်တာတွေလည်း မတွေ့ရသလို ဒီသတင်း စတင်ထုတ်ပြန်တဲ့ ညပိုင်းအထိ ညီနောင် မဟာမိတ် ၃ဖွဲ့အနေနဲ့ သတင်းမီဒီယာတွေကို ကူမင်းဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အတည်ပြုခြင်းနဲ့ ငြင်းဆိုခြင်း မရှိသေးတာ တွေ့ရပါတယ်။ 

စစ်ကောင်စီဘက်နဲ့ တရုတ်နိုင်ငံဘက်က သတင်းကို စပြီးထုတ်ပြန်လိုက်သလို ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း ပထမတကြိမ် ဆွေးနွေးမှု ပြီးစီးတဲ့နောက်မှာ ထုတ်ပြန်လိုက်တာလို့ ယူဆရပါတယ်။ သတင်းထွက်ရှိလာတဲ့ နေ့ မှာလည်း ကိုးကန့်ဒေသ၊ ရှမ်းမြောက်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်လို့ အချို့ကတော့ ဒီသတင်းထုတ်ပြန်မှုအပေါ် သံသယထားရှိတဲ့ သဘောမျိုးလည်း တွေ့ရပါတယ်။ သို့ပေမယ့် အခုအဆင့်မှာ အခြေအနေမှာ သဘောတူညီမှုက ဘယ်အချိန်ဘယ်နေ့က စလို့ အပစ်ရပ်မယ်ဆိုတာမျိုး သတ်မှတ်ထားသလားဆိုတာ မသိနိုင်လို့ လာမယ့် ၁ ရက် ၂ ရက်အတွင်းတော့ အခြေအနေက ပိုမိုသဲသဲကွဲကွဲ သိရှိလာလိမ့်မယ်လို့ ယူဆရပါတယ်။ 

လက်နက်ကိုင် တိုက်ပွဲနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အကြောင်းအရာတွေက မြန်မာ့ပြည်တွင်းစစ်သမိုင်းတလျှောက်မှာ တလှည့်စီဖြစ်ပေါ်နေတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ သို့ပေမဲ့ အခုနှစ်ပိုင်းမှာတော့ စစ်ပွဲတွေ တိုက်ခိုက်မှုတွေ၊ သေဆုံးပျက်စီးမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပြီး ဆွေးနွေးမှုတွေက ရှားပါးနေတဲ့ အနေအထားဖြစ်ပါတယ်။ တဖက်ဖက်က အင်အားအပြတ်အသတ်သာ နေချိန်မျိုးမှာ တွေ့ဆုံဆွေးနွေးရေးတွေကို ဟန်ပြသဘော၊ နိုင်ငံရေးအရ ဝါဒဖြန့်ဖို့ အတွက်သာ လုပ်ဆောင်ကြတာမျိုး ဖြစ်လေ့ရှိပြီး အင်အား ချိန်ခွင်လျှာမျှလာချိန်နဲ့ အင်အားနည်းတဲ့ တဖက်က အသာစီးရလာချိန်မျိုးမှာ တွေ့ဆုံဆွေးနွေးရေးက တကျော့ပြန်ပေါ်လာတဲ့ သဘောမျိုးဖြစ်ပါတယ်။

အခု ရှမ်းမြောက်မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီအနေနဲ့ ချိန်ခွင်လျှာ ပြောင်းပြန်ဖြစ်ပြီး တချို့နယ်မြေတွေမှာ ဝိုင်းပတ်ပိတ်ဆို့ခံ အနေအထားဖြစ်လာတာက စစ်ကောင်စီကို စားပွဲဝိုင်းပေါ် ပြန်လာဖို့ စေ့ဆော်စေတာလို့ လွယ်လွယ်ကူကူ ကောက်ချက်ချနိုင်ပါတယ်။ 

ဒီဇင်ဘာ ၆ ရက်နေ့ လန်ချန်း-မဲခေါင် ဒေသအစည်းအဝေးမှာကတည်းက စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက တရုတ်နိုင်ငံခြားရေး ဝန်ကြီးကို မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ ကူညီဖို့ ဖိအားပေးဖို့ ပြောဆိုခဲ့တဲ့အကြောင်း သတင်းဌာနတချို့က ဖော်ပြကြတာ ဖြစ်ပါတယ်။ အဆိုပါ အစည်းအဝေးပြီးနောက် ၆ ရက်မျှအကြာမှာ အခုလို မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့နဲ့ မြန်မာစစ်ကောင်စီတို့ ဆွေးနွေးကြတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာကြောင့် တရုတ်နိုင်ငံရဲ့ သြဇာကို အသုံးပြုပြီး ဆွေးနွေးပွဲ ဖြစ်ပေါ်ခဲ့တာလို့ ယေဘုယျ ကောက်ချက်ချနိုင်ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့လည်း ကြားဝင်ကူညီရုံသက်သက် အနေအထားမျိုးမဟုတ်ဘဲ ၄င်းအနေနဲ့ stakeholder  တဦးဖြစ်နေတာ ဖြစ်လို့ အခုလို တွေ့ဆုံဆွေးနွေးရေးကို ၄င်းရဲ့ သြဇာသုံးပြီး ဖြစ်ပေါ်စေခဲ့တာလို့ ယူဆရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံထဲက စစ်ပွဲတွေ ခုထက်ပို အရှိန်မြင့်တက်လာခဲ့ရင်၊ နောက်တဆင့် အာဏာအထိုင်တွေ ပြောင်းလဲသွားပြီး လက်နက်ကိုင်အဖွဲ့အခြေပြုထားတဲ့ အာဏာရှိသူ တဦးထက်ပိုပြီးပေါ်ထွက်လာခဲ့ရင် မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကမ္ဘာလုံးဆိုင်ရာ “ခါးပတ်တကွင်း လမ်းတစင်း”စီမံကိန်းထဲက မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍတွေက ပိုမိုရှုပ်ထွေးစွာ ကိုင်တွယ်ဆက်ဆံရမယ့် အနေအထားမျိုး ဖြစ်လာနိုင်တာကို စိုးရိမ်မှုရှိနိုင်တာလည်း ဖြစ်ပါတယ်။ ဒီအကျိုးစီးပွားတွေကြောင့် တရုတ်နိုင်ငံအနေနဲ့ အခုလို ဆွေးနွေးပွဲတွေ ပေါ်ထွက်လာအောင် ကူညီလုပ်ဆောင်ခဲ့တယ်လို့ ယူဆရပါတယ်။ 

မြန်မာနိုင်ငံ မြောက်ပိုင်း၊ အနောက်ဘက်ပိုင်းနဲ့ တောင်ဘက်ပိုင်းတွေမှာ ဖြစ်ပွားနေတဲ့ လတ်တလော စစ်ရေးတိုက်ပွဲတွေ၊ အင်အားချိန်ခွင်လျှာ အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ တစုံတရာ သဘောထား မှတ်ချက်၊ တိုက်တွန်းမှု လုပ်ဆောင်တာ မတွေ့ရပါဘူး။ အမေရိကန်က သြဇာရှိတဲ့ သတင်းစာကြီး တချို့မှာတော့ စစ်ကောင်စီ ပြိုလဲတော့မယ့် အလားအလာနဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ အသင့်ပြင်ဆင်ထားဖို့ ဆိုတဲ့ သဘောမျိုး အာဘော်အမြင်တွေ တစောင်မက တပုဒ်မက ဖော်ပြလာကြပေမယ့် ဂျိုးဘိုင်ဒင် အစိုးရအနေနဲ့ ပါလစ္စတိုင်းအရေး၊ ယူကရိန်းအရေး နဲ့ လက်ထဲ ကိုင်တွယ်မနိုင်အောင် ဖြစ်နေတာကြောင့် မြန်မာ့အရေး မှတ်ချက်မပေးတာလား၊ သို့တည်းမဟုတ် မြန်မာ့အရေးကို တရုတ်နိုင်ငံရဲ့ လမ်းကြောင်းကိုပဲ သဘောတူမျှထားတာမျိုးလားဆိုတာလည်း စဥ်းစား စောင့်ကြည့်ရမယ့် အချက်တချက်ဖြစ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။ 

အောက်တိုဘာ နောက်ဆုံးပတ်က စတင်ခဲ့တဲ့ စစ်မီး အရှိန်ငြီးငြီး တောက်လောင်လာချိန်၊ တနေရာမှ တနေရာသို့ ကူးစက်လာချိန်မှာ၊ နဂိုက တိမ်းရှောင်စရာမလိုဘူးလို့ ယူဆထားတဲ့ မြို့တွေ နယ်တွေက ပိုင်ဆိုင်မှုတွေ၊ စိုက်ပျိုးထားတဲ့ လယ်တွေယာတွေ ထားပစ်ခဲ့ပြီး အသက်ဘေးလွတ်ဖို့ ရရာနည်းလမ်းနဲ့ ထွက်ပြေး တိမ်းရှောင်ကြရချိန်မှာ  အခုလို “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ” ဆိုတဲ့ စကားလုံးက မျှော်လင့်ချက် ရောင်ခြည်တခုလို့ ယူဆကောင်းယူဆနိုင်ပါတယ်။ သို့ပေမဲ့လည်း ဖြစ်စေချင်တဲ့ ဆန္ဒထက် ဖြစ်နေတာကို စေ့စေ့ဆန်းစစ်ကြည့်ရင် “အကျိုးစီးပွား”သကာဖုံးထားတဲ့ စကားလုံးမျှသာ ဖြစ်သေးတယ်လို့ ကောက်ချက်ချရမှာပါ။ 

တခေတ်တခါ မြန်မာပြည်မှာ ပြည်တွင်းစစ်မီး ငြီးငြီးတောက်လောက်ချိန်က ဂီတစာဆိုကြီး မြို့မငြိမ်းက  တေးတပုဒ်ရေးစပ်ခဲ့ရာမှာ “ငြိမ်းချမ်းရေး”ကို ပျားရည်နဲ့ တင်စားခဲ့ဖူးပြီး စစ်မီးရှောင် မလောင်မီ ကြိုတင်တားဆီးဖို့နဲ့ စစ်မီးကို ငြှိမ်းကြဖို့ရာမှာ အိုးကြီး အိုးငယ်နဲ့ သယ်ဆောင်ယူငင်ကာ ပက်ဖျန်း ငြှိမ်းသတ်ဖို့ လိုသလို လက်ခုပ်နဲ့ပင် ဖြစ်စေ ကိုယ်တိုင်ပါဝင် ငြှိမ်းသတ်ဖို့ နှိုးဆော်ခဲ့ဖူးတာကို ပြန်အမှတ်ရမိပါတယ်။ 

ဒီတေးသီချင်းရဲ့ နောက်ခံကာလက ၁၉၅၀ ပြည့်နှစ် အစောပိုင်းကိုကြုံတွေ့ခဲ့ရတဲ့ ဂီတစာဆိုရဲ့ ဆန္ဒဟာ ၂၀၂၀ ပြည့်နှစ်လွန်ကာလတွေနဲ့လည်း လိုက်ဖက်ထင်ဟပ်နေလိမ့်မယ်လို့ တွေးဆမိပါတယ်။ ငြိမ်းချမ်းရေး အစစ်က ပျားရည်ကဲ့သို့ အစဥ်ချိုမြလိမ့်မှာဖြစ်ပေမယ့် ပျားသကာ ဖုံးရုံဖုံးထားတဲ့ စကားလုံးသက်သက်  “ငြိမ်းချမ်းရေး” ဆိုတာကတော့ ပရိယာယ်၊ အကျိုးစီးပွား၊ အခွင့်အခါကောင်း စောင့်ဆိုင်းမှုနဲ့ ကောက်ကျစ်မှုတွေ ဖြစ်နေလိမ့်မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar