Breaking News

မြို့တွေပေါ်က အခက်အခဲနဲ့ နယ်မြို့နဲ့ ကျေးရွာတွေက အသက်ဘေးအန္တရာယ်၊ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အလွန်မှာ အနာဂတ် ပြည်ထောင်စုရှိနိုင်မလား

မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၆ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၂၃


မြို့တွေပေါ်က အခက်အခဲနဲ့ နယ်မြို့နဲ့ ကျေးရွာတွေက အသက်ဘေးအန္တရာယ်၊ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အလွန်မှာ အနာဂတ် ပြည်ထောင်စုရှိနိုင်မလား

စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ မြို့ကြီးတွေ၊ ပြည်နယ်/ တိုင်း မြို့တော်တွေက ပြည်သူတွေ အနေနဲ့ လွိုင်ကော်မြို့က လွဲရင် အခြားသောမြို့ကြီးတွေမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးတာကြောင့် စစ်ဘေးတိမ်းရှောင်ရခြင်း မရှိသော်လည်း လုံခြုံရေးအရ စစ်ဆေးတာ၊ မထင်ရင် မထင်သလို ဖမ်းဆီးတာ၊ ရာဇဝတ်မှုခင်းတွေ များပြားလာတာတွေအပြင် အသက်ရှင်နေထိုင်ရေး၊ သွားလာလုပ်ကိုင်နိုင်ဖို့ လောင်စာဆီ စတဲ့ ခက်ခဲမှုတွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ 

လုံခြုံရေး၊ စစ်ပွဲတွေ၊ တနယ်နဲ့ တနယ်အကြား အတားအဆီးတွေ၊ ပိတ်ဆို့မှုတွေ နဲ့ လုံခြုံရေး အဖွဲ့တွေရဲ့ အခွန်အကောက်ကောက်ခံမှုတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေအကြား ပျက်စီးဆုံးရှုံးနိုင်ခြေတွေကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေက တနေရာနဲ့တနေရာ သိသိသာသာ ကွာခြားပြီး ပုံမှန်အခြေအနေမျိုးမှာ ရှိတဲ့ ပြိုင်ဆိုင်ရောင်းချမှုကြောင့် ဝယ်ယူစားသုံးသူက ဈေးနှုန်းသက်သာတဲ့ အခွင့်အလမ်းမျိုးလည်း ပျောက်ဆုံးသွားပြီ ဖြစ်ပါတယ်။ ပိတ်ဆို့ရေးကာလမှာ တင်သွင်းနိုင်တဲ့  ကုန်သွယ်သူ၊ ရောင်းချသူက ၄င်းတို့ သတ်မှတ်တဲ့ ဈေးက ဈေးနှုန်းဖြစ်ပြီး ဝယ်ယူသူအနေနဲ့ များများစားစား ရွေးချယ်ဖို့ အခွင့်အလမ်းမရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အခြေခံ လိုအပ်တဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ စားသောက်ကုန်၊ ဆေးဝါး၊ လောင်စာဆီတို့လို ပစ္စည်းတွေရဲ့ ဈေးနှုန်းက အခုကာလမှာ တနေရာ တမျိုးဖြစ်နေတာ သတင်းတွေထဲ ဖတ်ရှုရင်တွေ့ရမှာြဖစ်ပါတယ်။ ဆန်တအိတ်ကို သိန်းနဲ့ချီပေးနေရသလို ပိတ်ဆို့ခံထားရတဲ့ ဒေသအချို့မှာ လောင်စာဆီတဂါလံကို သိန်းနဲ့ချီပေးဝယ်ရတဲ့ အဖြစ်မျိုးတွေလည်း ရှိနေသလို၊ ဆန်တပြည် သောင်းဂဏန်းနဲ့ ပေးဝယ်ကြရတဲ့ သတင်းတွေလည်း ဖတ်ရှုနေရတာ ဖြစ်ပါတယ်။ မကျန်းမမာဖြစ်ရင် ကုသဖို့ဆေးဝါး ဈေးနှုန်းတွေထက်ကို နေ့စဥ် ရှင်သန်ဖို့ အသက်ရှင်နေထိုင်ဖို့ စားသောက်စရာအတွက်ကို အလျင်မီအောင် ရှာဖွေရ သုံးစွဲနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အခုရက်ပိုင်း ဖြစ်ပွားနေတဲ့ လောင်စာဆီ ဝယ်ရခက်တဲ့ ပြဿနာက အခြားသော စီးပွားရေး၊ လူမှုရေးတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေဖြစ်စေနိုင်သလို စစ်ဘေးတိမ်းရှောင်မယ်ဆိုရင် လိုအပ်တဲ့ လောင်စာဆီ မရှိခဲ့ရင် ခြေလျင် တိမ်းရှောင်ရမယ့် အနေအထားမျိုး ရင်ဆိုင်ရမယ့် သဘောလည်း ဖြစ်ပါတယ်။ မြို့နေသူတွေအဖို့ ရင်ဆိုင်နေရတဲ့ နောက်ထပ် အခက်အခဲ တခုက လျှပ်စစ်မီးမလုံလောက်မှုဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်ရာမှာ သုံးစွဲတဲ့ နိုင်ငံခြားငွေ လျှော့ချတာ၊ လက်နက်ကိုင်တိုက်ပွဲဧရိယာကို ဖြတ်သန်းသွယ်တန်းထားတဲ့ ဓာတ်အားပေးစနစ်ရဲ့ သွယ်တန်းထားတဲ့ တာဝါတိုင်တွေ ဖျက်ဆီးခံရတာတွေက လျှပ်စစ်ဓာတ်အား ပေးဝေနိုင်မှုကို သိသိသာသာ ထိခိုက်စေပြီး အခုလက်ရှိအနေအထားဟာ ဆယ်စုနှစ်တခုကျော်အတွင်း အဆိုးဆုံး အနေအထားအထိ ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ 

ဒါတွေက မြို့နေလူထုရဲ့ ရင်ဆိုင်ရတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ မိမိတို့ အိမ်ပေါ် လက်နက်ကြီးကျည်တွေ မကျသေးပေမယ့် လုံခြုံမှုမရှိတဲ့ အနေအထားနဲ့ မလုံလောက်တဲ့ ရိက္ခာ၊ ဆေးဝါး ပြဿနာမျိုးရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ကျေးလက်တွေက အချို့သော နယ်မြို့တွေကမှာတော့ ပိုင်ဆိုင်မှုတွေ စွန့်ခဲ့ကြရပြီး စစ်ဘေးတိမ်းရှောင်ခဲ့ကြရတဲ့ မိသားစုတွေ၊ မိမိတို့ မိသားစုဝင်တွေ လက်နက်ကိုင် ပဋိပက္ခထဲ သတ်ဖြတ်ခံရသူတွေ၊ ၄င်းတို့ကိုယ်တိုင် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသူတွေ ရဲ့ ဘဝတွေက အဆိုးဆုံးလို့ဆိုနိုင်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဘေးတိမ်းရှောင်ရသူ ၂ သန်း ၃ သိန်း ၅ ထောင်ကျော်ရှိပြီလို့ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ကုလသမဂ္ဂက ကြေညာခဲ့ပါတယ်။ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ နိုင်ငံမှာ စစ်ဘေးရှောင် ၂.၃၅ သန်းဆိုတဲ့ ကိန်းဂဏန်းဟာ မြန်မာနိုင်ငံက လူ ၂၀ ဦးမှာ တဦး စစ်ဘေးရှောင် ဖြစ်နေတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။ လူဦးရေရဲ့  ၅ ရာနှုန်း စစ်ဘေးရှောင်နေကြရတဲ့ သဘောဖြစ်ကာ နောက်ထပ် စာရင်းဇယားတွေ ကိန်းဂဏန်းတွေ ထွက်လာရင် ခုထက် ပိုမိုမြင့်မားလာနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက လူထုတွေ ရင်ဆိုင်နေရတဲ့ ဒီအခြေအနေတွေဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ မြို့တွေ နယ်တွေ၊ ကျေးလက်တွေက လူငယ်တွေ လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းကို ရွေးချယ်ခဲ့ကြပြီး စစ်တပ်ကို နိုင်ငံရေး နယ်ပယ်က အပြီးတိုင်ဖယ်ရှားရေး ဒိထက်တိတိကျကျ ဆိုရရင် စစ်တပ်တခုလုံး ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းရေးဆီ ဦးတည်ထားကြတာ တွေ့ရပါတယ်။ နဂိုက လက်နက်ကိုင်လမ်းစဥ် ကိုင်စွဲထားပြီးသား အန်စီအေညှိနှိုင်းမှု သဘောတူညီမှုဖြစ်စဥ်ထဲ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အချို့ကလည်း လက်နက်ကိုင် တိုက်ခိုက်တဲ့ လမ်းစဥ်ဘက် ပြန်လှည့်သွားကြသလို မြို့ပေါ်က ထွက်လာတဲ့ လူငယ်တွေကို စစ်သင်တန်းပေးတာ၊ ၄င်းတို့ တပ်ဖွဲ့ထဲ လက်ခံဖွဲ့စည်းတာ၊ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ကြတာတွေ ဖြစ်ပေါ်လာပြီး စစ်အာဏာသိမ်းအပြီး ၃ နှစ်နီးပါးကြာတဲ့အချိန်မှာ နယ်မြေအများအပြား ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေကြသလို စစ်စခန်းတွေနဲ့ မြို့အချို့ ကို အဖွဲ့အစည်းအသီးသီးက သိမ်းယူထားတဲ့ အခြေအနေ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခက အမြင့်ဆုံး မရောက်သေးသော်လည်း အခုရောက်နေတဲ့ အမှတ်အသား အခြေအနေကနေ ပဋိက္ခ အလွန်မှာ ဖွဲ့စည်းကြမယ့် တိုင်းရင်းသားတွေ လူမျိုး ဘာသာ မတူကွဲပြားစွာနဲ့ ဖွဲ့စည်းမယ့် မြန်မာနိုင်ငံက ဘယ်လိုဖြစ်လာမလဲလို့ မျှော်ကြည့်မိပါတယ်။ 

ဖက်ဒရယ် ပြည်ထောင်စုလို့ ယေဘုယျ သဘောတူညီထားကြသော်လည်း အချို့သော တိုင်းရင်းသားလူမျိုးစုတွေက ဖက်ဒရယ်ထက် ကွန်ဖယ်ဒရေးရှင်း အဆင့်၊ ပိုမိုလွတ်လပ်တဲ့ စည်းနှောင်မှုအဆင့်ထိ မှန်းဆထားကြတာလည်း ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ကွန်ဖက်ဒရေးရှင်း သဘောမျိုး ဆယ်စုနှစ်တွေချီ ရပ်တည်နေထိုင်နေတဲ့ ဝ ပြည်လိုဒေသမျိုးလည်း ရှိနှင့်ပြီးဖြစ်ပါတယ်။ 

ပြည်ထောင်စုလို ဆိုကြတဲ့ စကားလုံးဟာ စည်းရုံးရေး စကားလုံးသက်သက်သာ မဖြစ်ဖို့၊ ဖက်ဒရယ်ရဲ့ အနှစ်သာရ၊ တန်းတူရည်တူ အခွင့်အရေးရှိခြင်း၊ တန်းတူရည်တူ လေးစားမှုရှိခြင်းတွေအတွက် နိုင်ငံရေးအရ သဘောတူညီမှု နဲ့ စည်းနှောင်ကြရမှာ ဖြစ်ပါတယ်။ အင်အားနဲ့ လက်နက်နဲ့ လူများစုနဲ့ အနိုင်ယူ ရွေးကောက်တင်မြှောက်ထားသူမို့လို့၊ အများစုရဲ့ သဘောထား၊ ဆန္ဒမဲ ဖြစ်လို့ကျန်တဲ့ သူတွေအားလုံး မကျေနပ်သော်လည်း နာခံရမယ်ဆိုတာမျိုး အင်အားနဲ့ အနိုင်ယူတာမျိုး၊ အင်အားကြီး လက်နက်ကိုင်အဖွဲ့က အင်အားနည်းတဲ့ လက်နက်ကိုင် အဖွဲ့ကို လွှမ်းမိုးတာမျိုး မဟုတ်ဖို့ အခုနေအခါမှာကတည်းက စတင်ဆွေးနွေး သဘောတူညီချက်တွေ ရရှိထားဖို့ လိုအပ်နေပြီလို့ ထင်မြင်မိပါတယ်။ 

ရန်သူကို အောင်နိုင်ရေးသည် လတ်တလော အရေးကြီးဆုံး အချက်လို့ ဆိုခဲ့ရင် မမှားပေမယ့်လည်း ရှေ့သွားမယ့် ဦးတည်ရာ ပန်းတိုင်အတွက် လမ်းညွှန်လမ်းပြ ခုကတည်းက မရှိခဲ့ရင် လက်နက်ကိုင် အင်အားစုတွေအကြား အင်အားကသာ အဆုံးအဖြတ်ပေးနိုင်တဲ့ အစဥ်အလာ၊ နည်းလမ်းဟောင်းဆီ ပြန်ဦးတည်မသွားဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar