Breaking News

၂၀၂၃ ခုနှစ် တနှစ်တာရဲ့ သင်ခန်းစာ


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၃၀ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၂၃


၂၀၂၃ ခုနှစ် တနှစ်တာရဲ့ သင်ခန်းစာ

၂၀၂၃ ခုနှစ် ကုန်ဆုံးဖို့ တရက်သာသာ ကျန်ရှိတဲ့အချိန်ကာလမှာ တွေးတောမိတဲ့ အချက်တွေကတော့ ၂၀၂၃ ခုနှစ်တနှစ်တာအတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။ ဘာတွေ သင်ခန်းစာယူရမလဲ။ လူထုရဲ့ ခံနိုင်ရည် အားတင်းထားမှု၊ ဆုံးရှုံးသွားတဲ့ လူ့အသက်တွေ၊ စစ်ပွဲအတွင်းကို နက်ရှိုင်းစွာ သက်ဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်၊ မဝေးတဲ့ အနာဂတ်အတွက် ကောင်းတဲ့မျှော်လင့်ချက် သို့မဟုတ် အဆိုးတွေ ထပ်ကျရောက်နိုင်သေးတာမို့လို့ စိတ်ပြင်ဆင်မှု စတဲ့အတွေးတွေ ခေါင်းထဲတွေးတောမိစေတာ ဖြစ်ပါတယ်။ 

ပြက္ခဒိန် နှစ်တနှစ်ဟာ တလချင်းစီစိပ်ကြည့်ရင် ၁၂ လသာရှိတာဖြစ်ပါတယ်။ ၁၂ လတာအတွင်း တလစီထပ်စိပ်မယ်ဆိုရင် ဖြစ်ရပ်ကြီးကြီးမားမားတခုကို တလနဲ့ သဲသဲကွဲကွဲ ပေါ်လွင်အောင် မသိနိုင်၊ အကဲမဖြတ်နိုင်တာမို့ ဖြစ်ရပ်ကြီးတခုရဲ့ အစ၊ အလယ် အဆုံးရလဒ်တွေ သဲကွဲဖို့ ၂ လ ၃ လ သို့မဟုတ် ၅/၆ လအထိ စောင့်ကြည့် အကဲဖြတ်ကြရတာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီဘက်ကတော့ ၂၀၀၈ အခြေခံဥပဒေ အောက်ကလို့ ခေါင်းစဥ်တပ်ပြီး စစ်အာဏာသိမ်းမှုကို ၂ ကြိမ် သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ တကြိမ် ၆ လ သက်တမ်းတိုးခဲ့ပါတယ်။ သက်တမ်း ၆ လတိုးတာနဲ့ အတူ နောက်တရက်မှာပဲ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးအဆိုပါ မြို့နယ်တွေမှာ စစ်ဆင်ရေးပိုမိုလုပ်မယ့် သဘောမျိုး ဟန်ပြခဲ့ပေမယ့် တနိုင်ငံလုံးမှာ တိုက်ပွဲတွေအနှံ့အပြားဖြစ်ပွားနေတဲ့ အနေအထားမှာ သိသိသာသာ စစ်ဆင်ရေး လုပ်နိုင်တာမျိုး မတွေ့ရဘဲ စစ်ကောင်စီအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ တရားစီရင်ရေးကို စစ်ဘက်တရားရုံးနဲ့ စီရင်ပိုင်ခွင့်ရှိလာတဲ့ အခြေအနေမျိုးသာ ဖြစ်လာတာပါ။  တဖန် နောက်ထပ် ၆ လအကြာ သြဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပဖို့ လုံခြုံရေးအခြေအနေ မရှိသေးဘူးဆိုတဲ့ အကြောင်းပြပြီး နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပြန်ပါတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲကို လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ ကျင်းပဖို့ထက် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ ရည်ရွယ်ထားတာ ထင်ရှားတဲ့ သဘောဖြစ်ပြီး တဖက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှု၊ PDF အဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာတာသာ ကြုံရတဲ့ အနေအထားမျိုး တွေ့ရမှာ ဖြစ်ပါတယ်။ 

စစ်ရေးလှုပ်ရှားမှုတွေ အရကြည့်ရင် ၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီအဖို့ သိသာထင်ရှားတဲ့ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့ နှစ်ဖြစ်တယ်ဆိုတာ အောက်တိုဘာ ၂၇ မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအရ ထင်ရှားနေတာ ဖြစ်ပါတယ်။ စစ်စခန်းငယ်တွေက အစပြုလို့ ဒကစလို စစ်စခန်းကြီးတွေ၊ ဗျူဟာကုန်းတွေအထိ ဆုံးရှုံးလက်လွှတ်လိုက်ရသလို မြို့တွေ တဒါဇင်ကျော် နှစ်ဒါဇင်နီးပါး လက်လွှတ်ဆုံးရှုံးရတဲ့ အနေအထားဖြစ်လို့ စစ်ကောင်စီရဲ့ နိဂုံးက နီးကပ်လာပြီလားဆိုတဲ့ မှန်းဆမှုတွေ ပေါ်ထွက်လာတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ တဖက်မှာတော့ စစ်ပွဲတွေ ကျယ်ပြန့်လာတာ၊ မြို့သိမ်းတိုက်ပွဲတွေ များပြားလာတာနဲ့အမျှ စစ်ဘေးဒုက္ခသည်အရေအတွက်ကလည်း သိန်းဂဏန်းနဲ့ချီ တိုးပွားလာပြီး ၂၀၂၂ ခုနှစ်တုန်းက ၂ သန်းအောက်မှာ ရှိခဲ့တဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ၂၀၂၃ ခုနှစ်မှာတော့ ၂ သန်း ၆ သိန်းအထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလူထု အနေနဲ့ ဆယ်စုနှစ်များစွာအတွင်း အမြင့်ဆုံးသော စစ်မက်ဖြစ်ပွားမှုကို ရင်ဆိုင်ကျော်ဖြတ်နေရတာဖြစ်ပါတယ်။ စစ်ဘေးရှောင် အရေအတွက်ဟာ ပြည်တွင်းမှာ  ၂ သန်း ၆ သိန်း ကျော်ရှိပြီး အိမ်နီးချင်းနိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက်နဲ့ ပေါင်းရင် ၃ သန်း ခွဲကျော်ရှိတဲ့ အနေအထားလည်း ရောက်ရှိလာတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ စစ်ဘေးရှောင်တွေကို အကူအညီအထောက်အပံ့ပေးအပ်ဖို့ ကုလသမဂ္ဂ၊ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး စင်တာ အစရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လုံလောက်တဲ့ နိုင်ငံတကာ ရံပုံငွေလည်း ရှိကြပုံမပေါ်သလို စစ်ကောင်စီဘက်ကလည်း ၄င်းထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကနေ အကူအညီပေးအပ်ခွင့် ပြည့်ပြည့်ဝဝ မရှိတာကြောင့် ကြီးကြီးမားမား အကူအညီပေးတာမျိုးမတွေ့ရဘဲ ပြည်တွင်း လူမှုကူညီပေးရေး အဖွဲ့အစည်းတွေ၊ မိမိလူမှုအသိုက်အဝိုင်း အချင်းချင်းက ကူညီမှုမျိုးတွေနဲ့ သာ အသက်ရှင်သန်ဖို့ ကြိုးစားနေကြရတဲ့ အနေအထားဖြစ်ပါတယ်။ ကမ္ဘာမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာရုံစိုက်မှု ထူးခြားစွာတိုးတက်ရရှိလာတာ မတွေ့ရပဲ၊ ၂၀၂၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ယူကရိန်း-ရုရှားစစ်ပွဲနောက်ပိုင်း အရှေ့အလယ်ပိုင်း အစ္စရေးလ်-ပါလစ္စတိုင်း စစ်ပွဲက နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ဆွဲယူသွားတာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF လို့ခေါ်ဆိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား၊ ကာကွယ်ရေး တပ်ဖွဲ့အချင်းချင်းအကြား ဆက်ဆံရေး မဟာမိတ် အဖြစ်ပူးပေါင်း တိုက်ခိုက်မှုတွေ အနေအထားကို သုံးသပ်ကြည့်တဲ့အခါ ၁၀၂၇ စစ်ဆင်ရေးက မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့အကြား တပြိုင်နက်ထဲ စစ်ကောင်စီ စခန်း မြို့ နေရာအများအပြားကို တိုက်ခိုက်မှုအဖြစ် ထင်ရှားတဲ့ တိုးတက်မှု တခုဖြစ်ပြီး BPLA လို မြန်မာနိုင်ငံတောင်ပိုင်းက ဗမာလူမျိုး လက်နက်ကိုင် အဖွဲ့က ၄င်းရဲ့ တပ်ရင်းအချို့ ပူးပေါင်းပါဝင်ခဲ့တဲ့ အဖြစ်အပျက်ကလည်း ထင်ရှားတဲ့ တိုးတက်မှု အဖြစ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။ 

တဖက်မှာလည်း လူမျိုးစု အမျိုးမျိုး အခြေစိုက်နေထိုင်ကြတဲ့ ရှမ်းမြောက်လို ဒေသမျိုးမှာ TNLA နဲ့ MNDAA က နယ်မြေတိုးချဲ့မှု အဖြစ်စိုးရိမ်မှုတွေ ရှိနေကြတာလည်း လက်ရှိမြေပြင်က အနေအထားတချို့ ဖြစ်ပါတယ်။ ကချင်လူမျိုး၊ ရှမ်းလူမျိုးတွေ ရောနှောနေထိုင်ကြတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ နိုင်ငံရေး စစ်ရေးအနေအထားက စစ်ကောင်စီကို ဖယ်ရှားလိုက်တဲ့နောက် အခြားသော လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း အကြား ပွတ်တိုက်မှုတွေ ပေါ်ထွက်မလာအောင် သတိကြီးကြီးထား လုပ်ဆောင်ကြရမယ့် အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် အတွင်း စီးပွားရေးအခြေအနေ၊ လူထုရဲ့ လူမှုဘဝတွေ၊ လုံခြုံတဲ့ လူမှုဘဝ စတဲ့ အချက်တွေကို ကြည့်ရင် မကြုံဖူးတဲ့ ငွေကြေးဖောင်းပွမှု၊ စစ်ပွဲတွေနဲ့အတူ မြို့ရွာတွေကို ပိတ်ဆို့ဖြတ်တောက်မှုရဲ့ အကျိုးဆက် အနေနဲ့ စားသောက်ကုန် မတန်တဆစျေးတက်ခြင်း၊ လူသုံးကုန်ပစ္စည်းတွေ ရှားပါးတာတွေက ၂၀၂၃ ခုနှစ်ရဲ့ ဖြစ်စဥ်တွေထဲ သိသာထင်ရှားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ စစ်ပွဲတွေပိုမိုပြင်းထန်လာလေလေ ကြီးမြင့်လာတဲ့ စစ်စရိတ်အတွက် စစ်ကောင်စီက ဒေါ်လာချွေတာဖို့ လုပ်ဆောင်မှုတွေကြောင့် လောင်စာဆီ ရှားပါးတဲ့ ပြဿနာကလည်း သယ်ယူပို့ဆောင်ရေးတင်မကပဲ၊ ကုန်ထုတ်လုပ်မှုတွေကို ပါ ထိခိုက်စေပြီး အဆိုးသံသရာကို စတင်စေတာ ဖြစ်ပါတယ်။ လောင်စာဆီ ဈေးကြီးမြင့်တာ၊ ဝယ်ရခက်ခဲတာက ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုဇုန်တွေအထိ ဆိုးရွားစွာ ထိခိုက်စေပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ သက်ရောက်နေတဲ့ အနေအထားဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် နှစ်လယ်မှာ မြန်မာကျပ်ငွေ တန်ဖိုးက တကျော့မြင့်တက်ခဲ့ပြီး ယမန်နှစ်က တဒေါ်လာ ကျပ် ၂၈၀၀၊ ၂၉၀၀ ဝန်းကျင်ရှိတဲ့ ကျပ်ငွေလဲနှုန်းက နှစ်ကုန်ခါနီးမှာ ၃၅၀၀၊ ၃၆၀၀ ကျပ်ထိရောက်ရှိနေပြီ ဖြစ်ပါတယ်။ 

စစ်ဘေးကျရောက်နေတဲ့ ဒေသတွေတင်မက စစ်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့တွေမှာလည်း ရာဇဝတ်မှုတွေက ပိုမိုမြင့်တက်လာနေပြီး ပြည်သူလူထုအနေနဲ့ မိမိတို့ လုံခြုံရေးကို မိမိတို့ဘာသာ စောင့်ရှောက် ကာကွယ်ရမယ့် အနေအထားဖြစ်လာနေတာ ဖြစ်ပါတယ်။ ဓားပြတိုက်မှုတွေ၊ ပစ္စည်းယူဖို့ လူသတ်မှုတွေ မြို့အတော်များများမှာ ဖြစ်ပွားနေပြီး ဘယ်လုယက်မှု၊ ဓားပြတိုက်မှုတွေကိုမှ စစ်ကောင်စီ ရဲ့ တရားဥပဒေစိုးမိုးရေးယန္တရားက ဖော်ထုတ်နိုင်ခြင်း မရှိတာလည်း တွေ့ရမှာဖြစ်ပါတယ်။ 

လူထုအနေနဲ့ ၂၀၂၃ ခုနှစ် ကုန်လွန်ပြီး ၂၀၂၄ ခုနှစ်မှာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ဖို့ ဖက်ဒရယ်နိုင်ငံသစ်ကို တည်ဆောက်နိုင်ဖို့ ငြိမ်းချမ်းရေး ရဖို့မျှော်လင့်ထားကြမှာ ဖြစ်ပြီး အဲဒီအခြေအနေကို ရောက်ရှိဖို့ ညီညွတ်ရေး၊ ဘုံနိုင်ငံရေး သဘောတူညီမှုနဲ့ အဖွဲ့အစည်းတခုအကျိုးစီးပွားထက် အများအကျိုးစီးပွားကို ဦးစားပေးမှုတွေ ရှိဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar