ပလက်ဝ ဒေသတခုလုံးကို AA သိမ်းယူနိုင်ပြီလို့ ထုတ်ပြန်ကြေညာ၊ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ရခိုင်ပြည်နယ်
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၄ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၄
ပလက်ဝ ဒေသတခုလုံးကို AA သိမ်းယူနိုင်ပြီလို့ ထုတ်ပြန်ကြေညာ၊ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တွေအကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာလက နုတ်အားဖြင့် အပစ်ရပ်ဖို့ သဘောတူခဲ့ကြပြီးနောက် တနှစ်ကြာပြီးနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ပြီး ၂ လခန့်အကြာမှာ ပလက်ဝ ဒေသတခုလုံးကို AA လက်နက်ကိုင် တပ်တွေက ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ AA ဘက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပလက်ဝ ဒေသဟာဆိုရင် အစဥ်အဆက် နေထိုင်ကြတဲ့ လူမျိုးစုတွေအနေနဲ့ ခူမီးလို့ခေါ်တဲ့ ချင်းမျိုးနွယ်စုတွေနေထိုင်ကြတာဖြစ်ပြီး နယ်မြေ အုပ်ချုပ်မှုအရ ချင်းပြည်နယ်ထဲ ပါဝင်တာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအရ၊ လူမျိုးစု ဆက်စပ်မှုအရ ချင်းပြည်နယ်ထဲ ပါဝင်ပေမယ့် ကူးသန်းသွားလာရေး၊ ဆက်သွယ်ရေးအရ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦးကတဆင့် စစ်တွေမြို့ကတဆင့် အခြားသော ဒေသတွေနဲ့ ကူးလူးဆက်သွယ်သွားလာကြတာ ဖြစ်ပြီး ချင်းပြည်နယ် တောင်ဖက်ပိုင်း မတူပီဘက်နဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းတွေက အသုံးမများကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ပလက်ဝ ဒေသဟာ ချင်းပြည်နယ် အထဲပါရှိပြီး နယ်နိမိတ်အားဖြင့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့ ထိစပ်နေပြီး တောင်ကုန်းထူထပ်တဲ့ ဒေသဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး အနေနဲ့ စစ်တွေမြို့နဲ့ ဆက်စပ်နေတဲ့ ကုလားတန်မြစ်ကို စုန်ဆင်းပြီး ကုန်စည်သယ်ဆောင်တာ၊ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေကို သွားလာတာတွေ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ထိတွေ့ဆက်ဆံမှုမှာ ချင်းပြည်နယ်ထက် ရခိုင်ပြည်နယ်နဲ့ ပိုမိုထိတွေ့ ဆက်ဆံကြရတဲ့ ဒေသလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အရှေ့တောင်ပိုင်းက ပြည်နယ်တွေ ရဲ့ ပင်လယ်ထွက်ပေါက် အနေနဲ့ ဆိုရင် ကုလားတန်မြစ်ကြောင်းကတဆင့် စစ်တွေမြို့ကို ရောက်ရှိပြီး ကုန်စည်ရိက္ခာ သယ်ဆောင်နိုင်တာဖြစ်လို့ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကာလအတွင်း ကုလားတန်မြစ်ကြောင်း အတိုင်း သင်္ဘောတွေနဲ့ ကုန်စည်သယ်ဆောင်ဖို့ အိန္ဒိယနဲ့ မြန်မာအကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး စစ်တွေမြို့မှာ ဆိပ်ကမ်းကြီးတခု တည်ဆောက်ကာ ပြီးစီးနေတဲ့ အနေအထားရောက်ရှိနေပြီး သင်္ဘောတွေ စုန်ဆင်း ဆန်တက်နိုင်ဖို့ ကုလားတန် မြစ်ကြောင်းကို ပြုပြင်လုပ်ဆောင်စရာတွေ ဆက်လက်လုပ်ဆောင်ရမယ့် အနေအထားမျိုးရောက်နေတာလည်း ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ် တုန်းက AA နဲ့ စစ်တပ် အကြားတိုက်ပွဲတွေ ဖြစ်ပွားနေခဲ့စဥ် ကုလားတန် စီမံကိန်းမှာ လုပ်ဆောင်နေတဲ့ အိန္ဒိယနိုင်ငံသားအချို့ကို ပလက်ဝက စုန်ဆင်းလာချိန် ဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ထိုစဥ်က အိန္ဒိယနိုင်ငံသားတွေနဲ့ အတူ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းပါ တတွဲထဲ AA ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး နောက်ပိုင်း AA ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်ခံ အချက်အလက်တွေကို ကြည့်ရင် ပလက်ဝ ဒေသဟာ နယ်မြေ အနေအထားအရ စစ် အခြေစိုက်စခန်း အဖြစ်အခြေစိုက်ဖို့ ကောင်းတဲ့ ဒေသဖြစ်သလို နိုင်ငံ ၂ နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသဖြစ်ပြီး စီးပွားရေးအရ မဟာဗျူဟာ ကျတဲ့ နယ်မြေလို့ဆိုမယ်ဆိုရင်လည်း ဆိုနိုင်တဲ့ ဒေသဖြစ်ပါတယ်။
AA အနေနဲ့ ယခင် ၂ ကြိမ် စစ်ဆင်နွှဲခဲ့စဥ် ပလက်ဝ ဒေသမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အခုလို ဗျူဟာကုန်းတွေ၊ မြို့တွေကို သိမ်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ အခုတကြိမ်မှာတော့ လက်နက်၊ လူအင်အား ယခင်ထက် ပိုမိုအသာစီးရလာတာ၊ အရင် တိုက်ခိုက်ခဲ့စဥ်က အတွေအကြုံကို သင်ခန်းစာယူနိုင်တာတွေလည်း ရှိကောင်းရှိနိုင်ပြီး အခုတကြိမ်မှာစစ်ကောင်စီ အနေနဲ့ ရှမ်းမြောက်၊ ကရင်နီ၊ ကချင်နဲ့ စစ်ကိုင်း စတဲ့ ဒေသတွေမှာ တပြိုင်နက်ထည်း တိုက်ခိုက်နေရတဲ့ အနေအထားဖြစ်ကာ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်နေကြရတဲ့ အနေအထားလည်း ဖြစ်ခြင်းက အခုလို AA အနေနဲ့ အခွင့်အလမ်း အဖြစ် အောင်မြင်မှုတွေ ရစေတဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။
နိုဝင်ဘာလဆန်း လက်နက်ကိုင် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီး မကြာခင်မှာပဲ ပလက်ဝဒေသမှာ AA က ဗျူဟာကုန်းတွေ ၊ စခန်းတွေကို တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ နုံးဘူ၊ ထရွန်အိုင် စတဲ့ ဗျူဟာကုန်းတွေကို တခုပြီးတခု သိမ်းယူနိုင်ဲ့ရာက အခုသီတင်းပတ်နဲ့ ရက်ပိုင်းမှာတော့ တင်းမ ဗျူဟာကုန်း၊ မီးဝ ဗျူဟာကုန်းတွေကို ဆက်လက် တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝ မြို့ကိုပါ သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်မှု ဖိအားပေးမှုတွေကြောင့် ယာယီ အပစ်ရပ်သဘောတူညီကြရာမှာ AA အဖွဲ့လည်း ပါဝင်ခဲ့သော်လည်း နယ်မြေ အနေအထားအရ ရခိုင်ပြည်နယ်က တိုက်ပွဲတွေက အကျုံးဝင်ခြင်း မရှိပါဘူး။
တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွာတဲ့ တိုက်ပွဲတွေက ၄င်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသတွေ မဟုတ်တာကြောင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိခိုက်နိုင်တဲ့ အကြောင်းအရာမဟုတ်လို့ ဖိအားပေးခြင်း မရှိဘူးလို့ မှန်းဆကြည့်ရပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေက တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ဖို့ စာချုပ်ချုပ်ဆိုထားတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ လက်ရှိအသုံးပြုနေတဲ့ ကျောက်ဖြူ-ကူမင်း ရေနံ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း အပေါ်မှာ သက်ရောက်မှု ရှိကောင်းရှိနိုင်ပေမယ့် လောလောဆယ်မှာတော့ တရုတ်နိုင်ငံက ရခိုင်တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဖိအားပေးတာ မတွေ့ရပါဘူး။
AA ရဲ့ ပလက်ဝ ဒေသမှာ စစ်ရေးအရ အောင်မြင်မှုတွေ ရရှိနေပေမယ့် မင်းပြား၊ ပေါက်တော တို့လို မြေပြန့်ဒေသက တိုက်ပွဲတွေမှာတော့ အပြင်းအထန် တိုက်ခိုက်နေရဆဲ အနေအထားလည်း ဖြစ်ပါတယ်။ မြောက်ဦးမြို့ ၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ ပေါက်တောမြို့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာမှာ တိုက်ခိုက်မှုတွေ ပြန်လည်စတင်ပြီးနောက် အပြင်းအထန် တိုက်ခိုက်မှု ဖြစ်ပွားနေတဲ့ ဒေသတွေဖြစ်ပါတယ်။ ဒီမြို့တွေက ရေလမ်းနဲ့ ကုန်းလမ်း ဆက်စပ်နေကြတဲ့ မြို့တွေဖြစ်ပြီး စစ်ကောင်စီဘက်က မြေပြင်နဲ့ လေကြောင်းအပြင် ရေတပ်ကိုလည်း အသုံးချကာ ခုခံတိုက်ခိုက်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။ နေ့စဥ် အရပ်သား ထိခိုက်သေဆုံးမှုသတင်းတွေ၊ ကုန်စည်သယ်ဆောင်မှု ဖြတ်တောက်ပိတ်ဆို့မှုကြောင့် ရိက္ခာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ မလုပ်ဆောင်နိုင်ဘဲ ရပ်ဆိုင်းကုန်တဲ့ သတင်းတွေ၊ ကုန်စျေးနှုန်း မတန်တဆ ကြီးမြင့်ပြီး အသက်ရှင် စားသောက်ရေး အခက်အခဲကြုံနေကြရတာတွေ၊ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေ မှာ ကျွေးမွေးနိုင်ဖို့ အခက်အခဲ ကြုံတွေ့နေကြရတဲ့ သတင်းတွေက နေ့စဥ်လိုလို မြင်တွေ့နေရတဲ့ သတင်းတွေ ဖြစ်ပါတယ်။
ရခိုင်လူထု အနေနဲ့ရော AA အနေနဲ့ပါ မျှော်လင့်မထားတဲ့ ကုန်စည်၊ ရိက္ခာတင်သွင်းတာ တင်ပို့တာတွေကို စစ်ကောင်စီက ပိတ်ဆို့လိုက်ခြင်းဟာ ရခိုင်ပြည်နယ်က လူထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို့ ဆိုရမှာဖြစ်ပြီး ရခိုင်လူထုတွေ အနေနဲ့ စစ်ဒဏ် နဲ့ ရိက္ခာရှားပါး ပြတ်တောက်မှုဒဏ်တို့ကို တပြိုင်နက်တည်း ခံစားနေကြရတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar