ကိုသန်းလွင် - တိုကျိုမြို့ စစ်တရားရုံး
ကိုသန်းလွင် - တိုကျိုမြို့ စစ်တရားရုံး
(မိုးမခ) ဇန်နဝါရီ ၁၅ ၊ ၂၀၂၄
( ၁ )
လွန်ခဲ့သော ၇၅ နှစ်ဆောင်းရာသီ ၁၉၄၈ ဒီဇင်ဘာလ ၂၂ -၂၃ ည တွင် သေဒဏ်စီရင်ခြင်းခံရသော ဂျပန်စစ်ရာဇဝတ်သား ၇ ဦးကို ကြိုးစင်သို့ ပို့ခဲ့ကြသည်။ စစ်ဖြစ်နေစဉ် ကာလအတွင်းက ဝန်ကြီးချုပ်ဖြစ်သူ ဂျင်နရယ် တိုဂျို (General Hideki Tojo) ကိုပုလဲဆိပ်ကမ်း (Pearl Harbor) တွင် အကြမ်းဖက်မှု၊ ယိုးဒယား -ဗမာ မီးရထားလမ်းဖောက်ရာတွင် အကြမ်းဖက်ခိုင်းစေခဲ့မှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ဂျင်နရယ် မတ်ဆုရီ (General Iwane Matsui) သည် တရုတ်ပြည် နန်ဂျင်းနယ် ၌ ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှုများကို မတားဆီးနိုင်ခဲ့ခြင်း နှင့် တရုတ်အမျိုးသမီးများအပေါ် မုဒိမ်းမှု အပါအဝင် ပြစ်မှုများ ကျူးလွန်ခြင်းတို့ ပါဝင်ခဲ့သည်။
တိုဂျို၊ မက်ဆုရီ နှင့် အခြား အကျဉ်းသားအားလုံးသည် အမေရိကန် အလုပ်သမားစက်ရုံ ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် နောက်ဆုံး တွေ့ခွင့်ပေးခဲ့ပါသည်။ သူတို့သည် “ဘန်ဇိုင်း၊ ဘန်ဇိုင်း” ဟု အော်ဟစ်ကာနောက်ဆုံးအချိန်အထိ သူတို့၏ စိတ်ခံစားချက် ပြင်းပြမှုများကို ပြသခဲ့ကြသည်။ ညဉ့်သန်းခေါင်ကျော်အချိန်တွင် သူတို့ ခြေနင်းထားသော ကြမ်းခင်းမှ တံခါးပွင့်သွားကာ သူတို့ အားလုံးကို ကြိုးပေးခဲ့သည်။
( ၂ )
သူတို့ကို သေဒဏ်ချမှတ်ခြင်းနှင့် သေဒဏ်စီရင်ခြင်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့၏ ရက်စက်ကြမ်းကြုတ်မှုကို တကမ္ဘာလုံးက ရှုတ်ချခြင်းကို ပြသခဲ့ကြသော်လည်း အချို့ကမှု ဤအချက်ကို ယနေ့တိုင် ငြင်းခုံနေကြဆဲ ဖြစ်ပါသည်။
ယနေ့ကမ္ဘာကြီးတွင် အင်အားကြီးနိုင်ငံများအတွင်းမှ ငြင်းခုံမှုများမှာ နားလည်ရန် မဖြစ်နိုင်လောက်အောင် ခက်ခဲ ရှုပ်ထွေးလှသည်။ ကမ္ဘာစစ်ကြီး အပြီးသမိုင်းရေးရာများမှာ အလွန်ကျယ်ဝန်းလှသည်။ ဘယ်သူ မှားသည်၊ ဘယ်သူ မှန်သည်ကို သိနိုင်ရန် ရည်ရွယ်၍ တိုကျိုစစ်တရားရုံးကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် စစ်ပြီး ဂျာမနီတွင် ပြုလုပ်ခဲ့သော နူရင်ဘတ် (Nuremberg) တရားရုံးကဲ့သို့ နာဇီစစ်ခေါင်းဆောင် များကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ရင်သပ်ရှုမောဖွယ်ရာ မှုခင်းအဖြစ် တိုကျိုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူ ၂၇ ဦးကို အမှုရင်ဆိုင်စေခဲ့သည်။ သူတို့သည် တရုတ်၊ အိန္ဒိယ၊ ဖီလစ်ပိုင်နှင့် သြစတြေးလျ တို့မှ တရားသူကြီး ၁၁ ဦးနှင့် ရင်ဆိုင်ခဲ့ကြရသည်။
နူရင်ဘတ်တရားရုံးနှင့် မတူသည်မှာ တိုကျိုတရားရုံးတွင် အမေရိကန်၊ ဆိုဗီယက်ယူနီယံ အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံတို့က ချမှတ်ပေးသည့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ထုံးများကို လိုက်နာရခြင်းပင် ဖြစ်သည်။ တိုကျိုရုံးတွင် ကိုလိုနီစနစ်ကို တော်လှန်တိုက်ခိုက်သည့် အငွေ့အသက်များနှင့် ပြည့်နေပြီး တိုးတက်စ နိုင်ငံများက တရားသူကြီးများ ပါဝင်နေကြသည်။ အထူးသဖြင့် တရုတ်ပြည်မှ မဲရို (Mei Ruao) မှာ ဗြိတိသျှ အင်ပါယာကြီးကို ရွံမုန်းနေသူ ဖြစ်သည်။ ပါးလ်ဟာဘာကို ဗုံးကြဲတိုက်ခိုက်ခြင်းအတွက် မခံမရပ်နိုင် ဖြစ်နေသော အမေရိကန် ကိုယ်စားလှယ် ဂျင်နရယ် မက်အာသာ ကမူ တရားရုံးကို အခြားမိတ်ဆွေနိုင်ငံ (Allied Countries) များက လိုအပ်သလို ဆွဲဆောင်နေကြသည်ကို စိတ်မရှည်နိုင် ဖြစ်နေသည်။ တရုတ်နှင့် ဖိလစ်ပိုင် တို့ကမှု ဂျပန်တို့၏ ရက်စက်ကြမ်းကြုတ်မှုများကို တသီကြီး ဖော်ပြခဲ့ကြပါသည်။
တိုကျိုတရားရုံးသည် စစ်အတွင်းက အနိဋ္ဌာရုံများကို မကျေမနပ်ဖြစ်ရမည့်အစား ယခုအချိန်အထိ အေရှနိုင်ငံများအတွင်း မိမိတို့၏ မျိုးချစ်စိတ်နှင့် အမျိုးသားရေးဝါဒကို ယခုအချိန်အထိ ဖော်ပြနေဆဲ ဖြစ်သည်။ တရုတ်ဝန်ကြီးချုပ် ရှီကျင်ဖျင့် ကဆိုလျှင် ဂျပန်နှင့် နယ်နိမိတ်ချင်းဆက် ပြဿနာများကို ပြောပြရာ၌ ဂျပန်တို့၏ စစ်အတွင်းက ရက်စက်မှုများကို ဖော်ပြနေဆဲပင် ဖြစ်သည်။ အပြောင်းအလဲကို မလိုလားဘဲ ကွန်ဆားဗေး တစ် ဖြစ်သော ဂျပန်ခေါင်းဆောင်များသည် တိုကျိုမြို့လယ်ကောင်ရှိ ရာဆူကုနီ (Yasukuni) ဗိမာန်ကြီး ရှိရာ တိုဂျို အပါအဝင် စစ်ရာဇဝတ်သားများကို မြှုပ်နှံရာ သင်းချိုင်းသို့သွားတိုင်း တရုတ်လူမျိုးတို့ မခံမရပ်နိုင် ဖြစ်နေကြဆဲ ဖြစ်သည်။ တောင်ကိုရီးယားတို့က ဂျပန် ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးအတွက် လုပ်ရပ်တိုင်း ကို နောက်ပြန်ဆွဲသည့်အမြင်ဖြင့် မြင်နေကြဆဲ ဖြစ်သည်။
ဂျပန်လူမျိုးတို့အနေဖြင့် ဤတိုကျိုတရားရုံးကို အနိုင်ရသူတို့၏တရားစီရင်ရေး (Victor’s Justice) ဟူ၍ ရှုတ်ချနေကြဆဲ ဖြစ်သည်။ အိန္ဒိယတရားသူကြီး ပဲလ် (Radhabinod Pal) တစ်ဦးကသာ တလျှောက်လုံး တိုဂျိုနှင့် အဖွဲ့သားများကို တရားစီရင်ခြင်းအား ဆန့်ကျင်၍ ၎င်းတို့ကို လွှတ်ပေးရန် အစဉ်တစိုက် တောင်းဆိုနေခဲ့သည်။
တိုကျိုတရားခွင်သည် အရေးပါအရာရောက်ခဲ့ပါသည်။ သမ္မတဝီလဆင် စိတ်ကူးယဉ်ခဲ့သော အပြည်ပြည်ဆိုင်ရာတွင် တရားဥပဒေစိုးမိုး၍ ငြိမ်းချမ်းသာယာသော ကမ္ဘာကြီး ဖြစ်လာခဲ့သောကြောင့်တော့ မဟုတ်ပါ။ တိုကျို တရားရုံး၏ အကျိုးသက်ရောက်မှုများမှာ အချိန်တိုင်းလိုလို လူတိုင်းသည် မိမိ အပြုအမူအတွက် သတိတရားထားကြရန် လိုသည်။ စစ်အတွင်းမှာဆိုပြီး တရားလက်လွတ် လုပ်၍မရပေ။ ဂျပန်ပြည်၏ ခေါင်းဆောင် အဆက်ဆက်တို့က တောင်းပန်ခဲ့ကြသော်လည်း ဂျပန်တို့တွင် ဂျာမနီကဲ့သို့ နာဇီတို့၏ ပြစ်မှုကို ပြစ်တင်ရှုတ်ချသော အမူအရာမျိုးကို မတွေ့ကြရချေ။ လူ့အခွင့်အရေး တက်ကြွသူ အပြည်ပြည်ဆိုင်ရာ ရှေ့နေများအနေဖြင့် နူရင်ဘတ် တရားစီရင်ရေးကို ချီးကျူးခဲ့ကြသော်လည်း တိုကျိုတရားစီရင်မှုကို စိတ်ပျက်စရာ ကိစ္စရပ်တစ်ခုအနေဖြင့်သာ မြင်ကြသည်။ နူရင်ဘတ်တရားရုံးမှာ သန့်ရှင်းသည်ကို မြင်သာသော်လည်း တိုကျိုတရားစီရင်မှုမှာ မကြည်မလင် ဖြစ်နေသည့် ရေထဲသို့ ဒိုက်ဗင် ထိုးဆင်းရသလို ဖြစ်နေသည်။
တိုကျိုတရားစီရင်ရေးမှာ ရေရာမှုမရှိဟုလည်း ဆိုနိုင်သည်။ နူရင်ဘတ် တရားရုံးနှင့်စာသော် အပြည်ပြည်ဆိုင်ရာဟူသော သဘောမျိုး သက်ရောက်သည်။ နူရင်ဘတ် တရားရုံးမှာ အမေရိကန်တို့က ဦးဆောင်ခဲ့သည်။ တိုကျို တရားစီရင်မှုတွင် တရားသူကြီးအားလုံးမှာ တညီတညွတ်တည်း မရှိ ဖြစ်နေသည်။ ဒတ်ချ၊ ပြင်သစ်နှင့် အိန္ဒိယတရားသူကြီးတို့က တရားခံများတွင် အပြစ်မရှိကြောင်း ပြောကြသလိုပင် သြစတြေးလျနှင့် ဖိလစ်ပိုင်တရားသူကြီးတို့က သံသယဝင်စရာအယူအဆ (Opinion) ကို ရေးကြသည်။ အမိန့်ချမှတ်ပြီးချိန်တွင် အမေရိကန် အမြင့်ဆုံးတရားရုံးက အမေရိကန်ရှေ့နေများအား တရားခံများဘက်မှ လိုက်ပါဆောင်ရွက်ခွင့် လျှောက်လဲခွင့်ပေးခဲ့သည်။ သို့သော် အမေရိကန် တရားရုံးသည် တိုကျိုအပြည်ပြည်ဆိုင်ရာ တရားရုံးအပေါ် သြဇာသက်ရောက်မှုမရှိပါ ဟူသော စကားနှင့် ရပ်တန်းက ရပ်သွားခဲ့သည်။ ဤသို့သော မသေချာမရေရာသော ဆုံးဖြတ်ချက်များကြောင့် ဂျပန်တို့အနေဖြင့် တိုကျိုတရားရုံးမှ တရားစီရင်ခြင်းသည် မျှတမှုရှိပါရဲ့လားဟု မေးခွန်းထုတ်ခဲ့ကြသည်။
ထို့အပြင် တရားစီရင်မှုကို သေးငယ်အောင်လုပ်သော အမေရိကန်စစ်တပ်၏ အပြုအမူနှင့် (Real politic) ခေါ် နိုင်ငံရေးအခြေအနေများက ရိုက်ခတ်လာခဲ့သည်။ ဂျပန်ပြည်ကို မြေပြင်စစ်တပ်များနှင့် ကျူးကျော် ဝင်ရောက်ခဲ့ပါလျှင် သွေးထွက်သံယိုဖြစ်မည်ကို သိသော သမ္မတ ထရူးမင်းက စစ်ပွဲကို တိတ်တိတ်ဆိတ်ဆိတ်သာ အဆုံးသတ်စေခဲ့သည်။ ဘုရင် ဟီရိုဟီတို ကို စစ်ရာဇဝတ်ကောင်များစာရင်းမှ ချန်လှပ်ခဲ့သည်။ ထိုအဖြစ်က ဂျပန်တို့ကို လက်နက်ချစေရန် ဆောင်ရွက်နိုင်ခဲ့ပါသည်။ အမေရိကန် ဦးဆောင်သော နိုင်ငံခြား တပ်ဖွဲ့များ ဝင်ရောက်လာခြင်းကို တရားဝင်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
သို့ရာတွင် ဧကရာဇ်ဘုရင်ကြီးနှင့် နောက်လိုက်နောက်ပါများ၏ အပြုအမူများက ဂျပန်တို့၏ စစ်အတွင်း လုပ်ရပ်များကို အသက်ရှည်အောင် ဂျပန်တို့ စစ်တိုက်ခဲ့ကြခြင်းမှာ တိုင်းပြည်နှင့်လူမျိုးအတွက် ဖြစ်သည် ဟူသော အယူအဆကို ဖြစ်ပေါ်စေခဲ့သည်။
ဂျပန်တို့၏ စစ်ဝါဒကို အနုမြူဗုံးနှစ်လုံးနှင့် မီးလောင်ဗုံး အကြိမ်ကြိမ်ချ၍ နှိမ်နင်းခဲ့ရသော ဂျပန်နိုင်ငံ သည် စစ်အေးကာလအတွင်းကွန်မြူနစ်စနစ် အရှေ့တောင်အာရှတွင် ပြန့်ပွားလာခြင်းကို ကာကွယ်ရန် ခံတပ်သဖွယ် ဖြစ်လာပြန်သည်။ ဆိုလိုသည်မှာ စစ်တပ်မှ အရာရှိအငယ်များကို စစ်ရာဇဝတ်မှုများနှင့် တရားစွဲဆိုခြင်းကို ရပ်ဆိုင်းခဲ့ရသည်။ အမြင့်ဆုံး အပြစ်ရှိသူများကို (Class A Suspect) အဖြစ် လျာထားပြီးမှ နောက်တွင် ပြန်လည်နေရာချထားခြင်း၊ ပြစ်မှုများကို ကျေအေးခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးခဲ့သည်။ သူတို့အထဲတွင် မစ္စတာ တိုဂျို ၏အစိုးရတွင် ကက်ဘိနက်ဝန်ကြီးဖြစ်ခဲ့သူ ကီရှီ (Nobusuke Kishi) သည် ၁၉၄၈ ခုနှစ်၌ဂျပန် အစိုးရ၏ နိုင်ငံခြားဝန်ကြီး ဖြစ်လာခဲ့သည်။ သူသည် ၁၉၅၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ဝန်ကြီးချုပ် ဖြစ်လာခဲ့ ပြန်သည်။ သူသည် တိုကျိုတရားခွင်ကို မှားယွင်းသော လုပ်ရပ်အဖြစ် ယူဆပြီး ဂျပန်တို့သည် မိမိကိုယ်ကို ကာကွယ်ရန် စစ်ပွဲများ တိုက်ခိုက်ခဲ့ရသည်ဟုသာ မှတ်ယူပါသည်။
( ၃ )
ကီရှီ ၏အယူအဆသည်သူ၏မြေးဖြစ်သူ ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) ၏ ခေါင်းထဲသို့ ရိုက်သွင်းခဲ့ သည်။ ရှင်ဇိုအာဘေး သည် ဂျပန်နိုင်ငံ၏ သက်တန်းအရှည်ကြာဆုံးဝန်ကြီးချုပ်အဖြစ် ၂၀၀၆- ၂၀၀၇ နှင့် ၂၀၁၂- ၂၀၂၀ အထိ ဆောင်ရွက်ခဲ့သည်။ သူသည် ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ကိုရီယား အမျိုးသမီးများအပေါ် စစ်အတွင်းက မတရားကျင့်ခဲ့သည်ဟူသော အယူအဆကို လက်မခံခဲ့ပါ။ သူက ပါလီမန် (Diet) တွင် အောင်နိုင်သူတို့၏ တရားစီရင်ရေးကြောင့်သာ တိုကျိုတရားရုံး ပေါ်ပေါက်ခဲ့ရသည်ဟု ပြောခဲ့သည် အိန္ဒိယပြည်သို့ အလည်အပတ်ခရီးစဉ်အတွင်း အိန္ဒိယတရားသူကြီး ပဲလ် ၏ မိသားစုဝင်များနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။ ထိုတရားသူကြီးမှာ တိုကျိုတရားခွင်တွင် ဝန်ကြီးချုပ် တိုဂျိုနှင့် အဖွဲ့သားများအား သေဒဏ်ပေးခြင်းကို ဆန့်ကျင်ခဲ့သူ ဖြစ်ပါသည်။ ကီရှီနှင့် အာဘေးတို့၏ ဂျပန်တို့သည် စစ်အတွင်းက အမှားကို မကျူးလွန်ခဲ့ကြပါဟူသော တိတ်ဆိတ်ငြိမ်သက်စွာ တွေးခေါ်မှုသည် ဂျပန်တို့၏ စိတ်ထဲတွင် ယခုတိုင် ရှိနေဆဲပင် ဖြစ်ပါသည်။
Ref: The Tokyo Warcrimes trials echo to this day By Gary BassDecember 23 2023 Times
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar