Breaking News

ပြည်တွင်းစစ်မီး တောက်လောင်ဆုံးကာလနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အနာဂတ်အလားအလာ


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၈ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၄


ပြည်တွင်းစစ်မီး တောက်လောင်ဆုံးကာလနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အနာဂတ်အလားအလာ 

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က ပယ်ချလိုက်ပြီး ၄င်းတို့ စိတ်ကြိုက် အနေအထားမျိုးနဲ့ ရွေးကောက်ပွဲ ကျင်းပပြီး ၂၀၁၀ လို အခင်းအကျင်းမျိုး ပြန်သွားဖို့ ကြိုးစားလာချိန်မှာ ရွေးကောက်ပွဲ လမ်းကြောင်းက ရေပန်းမစားဆုံး နိုင်ငံရေး ရွေးချယ်မှုတခုဖြစ်သွားပြီး လက်နက်ကိုင်လမ်းစဥ်နဲ့ အာဏာသိမ်း စစ်တပ်ကို ဖြုတ်ချဖို့ ကြိုးပမ်းမှုစတင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေက ပြန်ပြီး နောက်ခံအဖြစ် ပြောရလောက်အောင် မဟောင်းနွမ်းသေး ပါဘူး။ သို့ပေမယ့်လည်း ကျောရိုးခံတဲ့ ပင်မ အကြောင်းအချက်ဖြစ်တာမို့လို့ ပြန် ပလ္လင်ခံရတဲ့ သဘောဖြစ်ပါတယ်။ ၂၀၁၀ အခြေအနေနဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် နောက်ပိုင်းအခြေအနေက လုံးလုံးလျားလျား ကွဲပြားတာကို အာဏာသိမ်းစစ်တပ်က သဘောမပေါက်တဲ့ အချက်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားအကြီးဆုံးနဲ့ လူကြိုက်အများဆုံး ပါတီဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အကြား စည်းလုံးမှု အနိမ့်ဆုံးအနေအထား၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အန်အယ်လ်ဒီအကြား ဆက်ဆံရေး အားအနည်းဆုံး အနေအထားလို့ စစ်တပ်ဘက်က အကဲဖြတ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပျက်ပြယ်စေမယ့် အာဏာသိမ်းတဲ့ လုပ်ရပ်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယခုတကြိမ် စစ်တပ်က အာဏာသိမ်းယူရာမှာ အာဏာသိမ်းမယ့် အရိပ်အယောင်တွေ တလကျော် ၂ လနီးပါး ပြသပြီးနောက်မှ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ဘယ်သူမှ မျှော်လင့်မထားတဲ့အချိန် ရုတ်တရက် သိမ်းယူတာမျိုးတော့ မဟုတ်ပါဘူး။ ဒီလို အရိပ်အယောင်ပြသနေခြင်းက တဖက်မှာ ရွေးကောက်ပွဲ နိုင်ထားတဲ့ NLD နဲ့ အပေးအယူ ညှိနှိုင်းလိုတဲ့ သဘောလား သို့မဟုတ် ၄င်းတို့ဘက်က အလွန်မဟုတ်ကြောင်း သက်သေပြဖို့ မဲစာရင်းမှားယွင်းခြင်းလိုမျိုး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ချွတ်ယွင်းမှုတွေလို့ အကြိမ်ကြိမ် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး သက်သေထူနေတာလား တခုခု ဖြစ်နိုင်ပါတယ်။ 

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပအပြီး ရက် ၉၀ အတွင်း ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ခဲ့ပါစေ၊ အခုချိန်မှာတော့ ဘယ်အရာမျှ နောက်ပြန်ဆုတ်လို့မရတော့တဲ့ အနေအထားမျိုးရောက်ရှိနေပြီ ဖြစ်ပါတယ်။ စစ်တပ်အနေနဲ့လည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် သိက္ခာရော၊ အင်အားပါ အနိမ့်ကျဆုံး အနေအထားရောက်ရှိနေပြီး မကြာခင်မှာ ၄င်းရဲ့ အနာဂတ်ကို လက်ရှိအခြေအနေတွေက ဆုံးဖြတ်ပေးတာကို ခံယူရမယ့် အနေအထားမျိုးတောင် ရောက်လုနီးနီး အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ ပြည်တွင်းစစ် အကျယ်ပြန့်ဆုံးအချိန် ပြည်မက အစိုးရရဲ့ အာဏာက ရန်ကုန်မြို့ မှာပဲ ရှိတယ်လို ခေါ်စမှတ်ပြုကြတဲ့ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ကာလထက်ကို နိုင်ငံရေးရှုထောင့်က ကြည့်ရင် အခုစစ်တပ်ရောက်နေတဲ့ အခြေအနေက ပိုဆိုးတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။ ရန်ကုန် အစိုးရလို့ ခေါ်ဆိုကြတဲ့ အဲဒီအချိန်က မြန်မာ့တပ်မတော်က ဂုဏ်သိက္ခာအားဖြင့် ကျဆင်းခြင်း မရှိသေးတဲ့အနေအထား ၊ နှစ်အနည်းငယ်အတွင်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်နဲ့အတူ အင်္ဂလိပ်တွေကို တိုက်ခိုက်ခဲ့သလို တဖန် ဖက်ဆစ်ဆန့်ကျင်ရေး မှာလည်း အင်္ဂလိပ်နဲ့အတူ ဂျပန်တွေကို ပြန်လည်တိုက်ထုတ်ခဲ့ပြီး လူထုက တပ်မတော်ကို နိုင်ငံရေးအရ ထောက်ခံမှု မြင့်မြင့်မားမား ရရှိထားတဲ့ အချိန်ကာလဖြစ်ပါတယ်။ တပ်မတော်ထဲ မှာ နိုင်ငံရေး အယူဝါဒ အားဖြင့်ကွဲပြားမှုကြောင့် တောခိုကြတဲ့ အဖြစ်အပျက်တွေကြောင့် စစ်အင်အား အရ အားနည်းသွားတဲ့ အနေအထား၊ ရခါစ လွတ်လပ်ရေးက တကယ်စစ်မှန်တယ် မစစ်မှန်ဘူးဆိုတဲ့ နိုင်ငံရေး အမြင်အယူအဆ ကွဲပြားမှုပေါ် အခြေခံတဲ့ နိုင်ငံရေး လမ်းစဥ်၊ အယူဝါဒမတူညီမှုတွေ ပေါ် အခြေခံတဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့တာပါ။  အခု ၂၀၂၁ ဖေဖေါ်ဝါရီ နောက်ပိုင်း  အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင် လမ်းစဥ်နဲ့ တိုက်ခိုက်ဖြုတ်ချမှရမယ်ဆိုတဲ့ ယူဆချက်၊ နိုင်ငံရေး စစ်ရေးရေစီးကြောင်းက အင်အားကြီးမားသလို အစိုးရအဆက်ဆက်ကို တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆယ်စုနှစ်များစွာ လက်နက်ကိုင်တိုက်ခိုက်နေခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ရှိနှင့်ပြီး လွတ်မြောက်နယ်မြေ၊ ဖွဲ့စည်းထားပြီး လက်နက်ကိုင် တပ်အင်အားနဲ့ တိုက်ခိုက်မှု အတွေ့အကြုံတွေက ၁၉၄၉-၅၁ ခုနှစ် ပြည်တွင်းစစ်ကာလ နောက်ခံအခြေအနေတွေနဲ့ သဘောသဘာဝခြင်း ကွဲပြားသလို ထွက်ပေါ်လာနိုင်တဲ့ ရလဒ်ခြင်းလည်း မတူညီကြမယ့် သဘောမျိုးဖြစ်ပါတယ်။ 

အာဏာသိမ်းယူထားတဲ့ စစ်တပ်အနေနဲ့ကတော့ ၁၉၄၉ ခုနှစ် ရန်ကုန်အစိုးရလို့ ခေါ်ခံရတဲ့ အခြေအနေကနေတောင် ပြန်လည်သိမ်းယူနိုင်ခဲ့သေးတာပဲ ဆိုတဲ့ နှိုင်းယှဥ်တဲ့ ယုတ္တိကို အခုအခြေအနေနဲ့ ချိန်ထိုးပြီး ယူဆကာ မျှော်လင့်ချက်ထားကောင်း ထားနေမှာ ဖြစ်ပေမယ့် ၁၉၄၉-၅၁ ခုနှစ် အခြေအနေ ပေးထားချက်တွေ မဟုတ်တော့တဲ့ အခု ၂၀၂၁ ခုနှစ် နောက်ပိုင်း အခြေအနေက မြန်မာ့သမိုင်းမှာ လွတ်လပ်ရေးကိုရယူပေးခဲ့တယ်ဆိုတဲ့ စစ်တပ်ရဲ့ နိဂုံးအစ သို့မဟုတ်အကျအလယ်ပိုင်းလောက် ရောက်နေတာ ဖြစ်ပါတယ်။ လူထုထောက်ခံမှု အကျဆင်းဆုံးအခြေအနေ တိုင်းရင်းသား လူမျိုးစု အားလုံးနဲ့ ဗမာလူမျိုးစုတွေထဲမှာပါ စစ်တပ်ကို ဘုံရန်သူအနေနဲ့ထားပြီး လက်နက်ကိုင်အဖွဲ့ပေါင်း အမြောက်အမြားပေါ်ထွက်လာခဲ့တဲ့ အချိန်၊ အခု တကြိမ်ပြည်တွင်းစစ်ရဲ့ သဘောသဘာဝက သတင်းအချက်အလက်နည်းပညာ ခေတ်ဖြစ်တာနဲ့အညီ ဒိုမီနိုအကျိုးသက်ရောက်မှု အရ စစ်ကောင်စီတပ်တွေရဲ့ ရှုံးနိမ့်မှု၊ စိတ်ဓါတ်ရေးအရ ကျဆင်းမှုတွေက အခြားဒေသက စစ်ကောင်စီတပ်တွေဆီ မြန်မြန်ဆန်ဆန်ကူးစက်ပျံ့နှံ့ သွားတဲ့ ခေတ်မျိုးရောက်ရှိနေတာ ဖြစ်ပါတယ်။ ရှမ်းမြောက်မှာ တပ်မအလိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အလိုက် လက်နက်ချတဲ့ သတင်းဟာ ညတွင်းချင်း နေ့တွင်းချင်း မြန်မာနိုင်ငံရဲ့ အခြားသော ဒေသက စစ်ကောင်စီတပ်တွေဆီကူးစက်သွားတဲ့ ခေတ်မျိုးဖြစ်တာမို့လို့ သတင်းအချက်အလက် နည်းပညာတိုးတက်မှုက ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်လည်း အကျိုးပြုသလို စိတ်ဓါတ်ပြိုကျမှု ၊ အရှုံးရလဒ်တွေကလည်း မိုင်ရာချီကွာဝေးတဲ့ အခြားနေရာတွေအထိ မြန်မြန်ဆန်ဆန် ကူးစက်စေနိုင်တဲ့ ခေတ်ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက ဒီနေ့ ဖြစ်ပျက်နေတဲ့ စစ်ရေးအခြေအနေတွေဖြစ်ပြီး စစ်ရေး အရ အောင်မြင်မှုရရှိလာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်မအခြေပြုအဖွဲ့အစည်းလို့ ဆိုရမယ့် အမျိုးသားညီညွတ်ရေး အစိုးရလို နိုင်ငံရေးအင်အားစု အကြား နိုင်ငံရေးအခင်းအကျင်း တခုကို ဘယ်လိုပုံဖေါ်တည်ဆောက်ကြမလဲဆိုတာက အမြန်ဆုံးတွေးဆပုံဖေါ်ကြရမယ့်၊ ဆွေးနွေးညှိနှိုင်းကြရမယ့် အနေအထားဖြစ်လာနေပြီလို့ ထင်မြင်မိပါတယ်။ ဖက်ဒရယ် စနစ်နဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကို တည်ဆောက်ကြမယ်လို့ ယေဘုယျ နားလည်ထားကြပေမယ့် သဘောတူချည်နှောင်ထားတဲ့ ကတိကဝတ်တွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံးအကြား၊ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးအကြား မရှိသေးဘူးလို့ ဆိုရမှာပါ။ အချို့အဖွဲ့တွေနဲ့ ရှိထားပြီး ဖြစ်သော်လည်း အချို့အဖွဲ့တွေက မတူညီတဲ့ မျှော်မှန်းချက်တွေ ရည်မှန်းချက်တွေ ရှိနှင့်နေပြီးဖြစ်ပါတယ်။ 

ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံဆိုတဲ့ အနေအထားမျိုး ပြန်လည်ဖွဲ့စည်းနိုင်မလား သို့မဟုတ် လျော့လျည်းတဲ့ ချည်နှောင်မှုမျိုးနဲ့ ပြည်နယ်တခုချင်းစီက စီးပွားရေး၊ နိုင်ငံရေး စနစ်ကို လွတ်လပ်စွာဆုံးဖြတ်နိုင်တဲ့ ဖက်ဒရေးရှင်း စနစ်မျိုး တည်ဆောက်ကြမှာလား ဆိုတာမကြာခင် ဆွေးနွေး ဆုံးဖြတ်ကြရမယ့် အနေအထားလို့ ထင်မြင်မိပါတယ်။ ဖြစ်နိုင်ခြေနည်းပေမယ့်  အဆိုးဆုံး အခြေအနေတရပ်အတွက်လည်း ကြိုတင်စဥ်းစားကာကွယ် ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ အဲဒီအခြေအနေကတော့ နယ်မြေပိုင်ဆိုင်မှုတွေအတွက် တိုင်းရင်းသား၊ ပြည်မ အစရှိတဲ့ ဒေသအသီးသီးက လက်နက်ကိုင် တပ်ဖွဲ့တွေအကြား စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြမယ့် ဖြစ်နိုင်ခြေ ဖြစ်ပါတယ်။ အဲလို အခြေအနေမျိုးဆီ လမ်းလွဲပြီး ဦးတည်မသွားဖို့ရာအတွက် နိုင်ငံရေး အမြင်၊ အယူဝါဒ၊ နိုင်ငံရေးကို စစ်ရေးထက် ဦးစားပေးမှု သဘာဝတွေ ရှိကြဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar