ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁
(မိုးမခ) ဇန်နဝါရီ ၁၁ ၊ ၂၀၂၄
လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ တရုတ်ပြည်အကြောင်း သိဖို့ ပိုလိုအပ်လာတယ်လို့ ယူဆမိတယ်။ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ ဘယ်လိုသဘောထားမျိုးရှိရှိ အရေးကြီးတာက တရုတ်ပြည်အကြောင်း သိဖို့ အရင်လုပ်ရပါမယ်။ ဒါမှ မိမိရဲ့ အမြင်သဘောထားကို ပြန်ပြီး သုံးသပ်နိုင်မှာပါ။ လိုအပ်သလို ပြင်ဆင်နိုင်မှာပါ။ မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်မှာပါ။
တရုတ်ပြည်အကြောင်း အတော်အတန် လေ့လာကြည့်ရင် တရုတ်တွေ ကိုင်စွဲထားတဲ့ အချက်တစ်ချက်ကို သတိပြုမိနိုင်တယ်။ အဲဒါကတော့ "တရုတ်ပြည်ရဲ့ လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်းထောင်ချီကြာမြင့်ပြီ" ဆိုတဲ့အချက်ပါပဲ။
တရုတ် လူ့အဖွဲ့အစည်းဟာ အနှစ် ၅၀၀၀ ဝန်းကျင် သက်တမ်းရှိပြီး၊ အဲဒီသက်တမ်းအတွင်း၊ အတွေ့အကြုံ၊ စဉ်းစားတွေးခေါ်မှု တွေ အမြောက်အများ ရရှိခဲ့တယ်၊ အဲဒီတွေထဲကနေ အနှစ်ချုပ် ထုတ်ယူထားတဲ့ သင်ခန်းစာတွေနဲ့ သူတို့ရဲ့ လက်ရှိနဲ့ အနာဂတ် လူ့အဖွဲ့အစည်းကို ပုံဖော်ထုဆစ်နေတယ်လို့ တရုတ်တွေက ယူဆကြတယ်။ ဒါကြောင့် တရုတ်ပြည်အကြောင်း လေ့လာရင် အနှစ် ၅၀၀၀ နီးပါးရှိပြီဖြစ်တဲ့ သမိုင်းကြောင်းကိုလည်း လေ့လာဖို့ လိုအပ်တယ်လို့ မြင်မိတယ်။
တရုတ်သမိုင်းကို စလေ့လာကြည့်တဲ့အခါ အသေးအဖွဲလေး တစ်ခုကစပြီး အခက်အခဲ တွေ့ပါတယ်။ အဲဒါကတော့ တရုတ်ပြည်ရဲ့ ခေတ်ကာလတွေကို မှတ်သားရခက်တဲ့ ပြဿနာပါ။
မြန်မာတို့အတွက်တော့ မြန်မာ့သမိုင်းကို "ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်းဘောင် နှစ်ခေတ်ခွဲ" လို့ မှတ်သားရုံနဲ့ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ရယ်လို့ အစဉ်လိုက် မှတ်သားနိုင်တယ်။ အဲဒီခေတ်တွေအားလုံးဟာ လွန်ခဲ့တဲ့ အနှစ် ၁၀၀၀ စွန်းစွန်းလေးအတွင်းမှာ ပေါ်ပေါက်ခဲ့တာပါ။
တရုတ်သမိုင်းကို အခုမှ စဖတ်မယ့်သူအတွက် သမိုင်းကြောင်းတွေ မဖတ်မှတ်ခင် မြန်မာ့သမိုင်းကို မှတ်သလို "ခေတ်တွေကို အစဉ်လိုက် မှတ်ကြည့်နိုင်ဖို့" လိုတယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် လိုအပ်တဲ့အချက်လေးတွေ ရှာဖွေစုဆောင်းကြည့်ဖြစ်ပါတယ်။
ပထမအဆင့်အနေနဲ့ အနှစ် ၅၀၀၀ သမိုင်းထဲက မှတ်တမ်းတင်နိုင်တဲ့ ပဒေသရာဇ်ခေတ်ကာလ ကို ဆွဲထုတ် မှတ်သားဖြစ်ပါတယ်။ အဲဒီကာလဟာ တရုတ်ပြည်ရဲ့ပထမဆုံး မင်းဆက်လို့ ဆိုတဲ့ ရှခေတ် (Xia Dynasty) ရဲ့ အစဖြစ်တဲ့ ဘီစီ ၂၀၇၀ ကနေ၊ နောက်ဆုံး ပဒေသရာဇ်မင်းဆက် ဖြစ်တဲ့ ချင်ခေတ် (Qing Dynasty) ပျက်သုဉ်းပြီး သမ္မတနိုင်ငံ ထူထောင်တဲ့ အေဒီ ၁၉၁၁ အထိ နှစ်ပေါင်း ၃၉၈၁ နှစ် ကြာမြင့်ပါတယ်။
အဲဒီ မင်းဆက်(ခေတ်) တွေကို အုပ်စု ၃ စု ပြန်ခွဲကြည့်သင့်ပါတယ်။
ပထမတစ်ခုကတော့ unified dynasties တွေပါ။ တရုတ်အင်ပါယာနိုင်ငံတော်ကြီးအဖြစ် ရှိမနေဘဲ လက်နက်နိုင်ငံငယ်တွေအဖြစ် သူတလူ ငါတမင်း အကွဲကွဲအပြားပြား ရှိနေရာကနေ နိုင်ငံကို ပြန်လည်စုစည်းတည်ဆောက်တဲ့ မင်းဆက်တွေ ဖြစ်ပါတယ်။
ဒုတိယတစ်ခုကတော့ Central Plains dynasties တွေ ဖြစ်ပါတယ်။ တိုင်းပြည်ကို စုစည်းတည်ထောင်နိုင်ပြီးတဲ့ ကာလတွေ ဖြစ်ပြီး မြေပြန့်အရပ်ဒေသတွေမှာ မြို့တော် အခိုင်အမာ တည်ဆောက်ပြီး အုပ်ချုပ်တဲ့ ကာလတွေပါ။
တတိယတစ်စုကတော့ Conquest dynasties တွေ ဖြစ်ပါတယ်။ ဟန် လူမျိုးတွေ မဟုတ်ဘဲ၊ ပြည်ပက ကျူးကျော်လာသူတွေ (ဥပမာ မွန်ဂိုမင်းဆက်တွေ) ဒါမှမဟုတ် ဟန် မဟုတ်တဲ့ လူနည်းစု တိုင်းရင်းသား တမျိုးမျိုး (ဥပမာ မန်ချူးခေတ်) က အုပ်ချုပ်တဲ့ ခေတ်ကာလတွေ ဖြစ်ပါတယ်။ တရုတ်ပြည်အနေနဲ့ ဘေးက နိုင်ငံတွေကို ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားမှုတွေကလည်း Conquest dynasties တွေ အများစုဖြစ်တာ တွေ့ရပါလိမ့်မယ်။ အထင်ရှားဆုံး ဥပမာအနေနဲ့ မြန်မာပြည်ကို ပုဂံခေတ်က မွန်ဂိုမင်းဆက်တွေက ကျူးကျော်ခဲ့သလို၊ ကုန်းဘောင်ခေတ်မှာ မန်ချူးမင်းဆက်တွေက ကျူးကျော်ခဲ့ပါတယ်။
ယေဘုယျအားဖြင့် သမိုင်းမှာ ထင်ရှားတဲ့ မင်းဆက်တွေဟာ Central Plains dynasties တွေ ဖြစ်ပါတယ်။
မင်းဆက်တစ်ခုချင်းစီအကြောင်း နည်းနည်းချင်း ဆက် လေ့လာကြည့်ကြရအောင်ပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar