အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၅ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၅ )
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၂၄
8/1/24
Diary in the darkness
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် က စစ်ကောင်စီတပ်သား တစ်ရာကျော် အလံဖြူထောင်ပြီး လက်နက်ချတဲ့သတင်းတက်လာတယ်။ စစ်ကောင်စီလေတပ်က ကိုယ့်စခန်းကိုယ် ဗုံးမှားကြဲမိလို့တဲ့။ ဗျူဟာမှူး ပွဲချင်းပြီးသေတယ်။ အဲဒီနောက် စခန်းကုန်းပေါ်ရှိတပ်သားအားလုံး
အလံဖြူထောင်ကာ လက်နက်ချဖို့ ဆင်းလာကြတာတဲ့။ အတည်မပြုရသေးတဲ့သတင်းပါ။ လောက်ကိုင်မြို့ လက်နက်ချပြီးနောက် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတာပါ။ စစ်ကောင်စီတပ်တွေဟာ "နှစ်သစ်ကူးလက်နက်ချပွဲ" တွေ အပြိုင်အဆိုင် ကျင်းပနေသလို "လက်နက်အလှူတော်မင်္ဂလာပွဲ" တွေ လည်း ခြိမ့်ခြိမ့်သဲ ကျင်းပနေပုံရတယ်။
လက်နက်ချပွဲတွေမှာ ဟောင်ဝှက်ဇာ အမြှောက်တွေ၊ တင့်ကားတွေ၊ လေယာဉ်ပစ်အမြောက်တွေ ၊ လက်နက်ကြီး လက်နက်ငယ် တွေ အပုံလိုက် အပုံလိုက်ပါပဲ။ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်ပေါ်မှာ။
လူတွေက ပြောနေကြတယ်။ လောက်ကိုင် သိမ်းပြီးရင် မူဆယ်၊ လားရှိုး၊ မေမြို့၊ မန္တလေး ဆက် တိုက်သိမ်းတော့မှာတဲ့။ တော်လှန်ရေး ထောက်ခံသူတွေ အားတက်နေကြတယ်။ နိုင်ငံရေး မျက်စိကြီး နားကြီး အဝန်းအဝိုင်းကတော့ လာရှိုးသိမ်းဖို့ ဆိုရင် တရုတ်ထောက်ခံမှုလိုတယ်။ တရုတ်ထောက်ခံမှုရဖို့ ဆိုရင် အမေရိကန်ရဲ့ မျက်ရိပ် မျက်ကဲ ကြည့်ဖို့လိုတယ်။ လူထုထောက်ခံမှု၊ PDF ကြိုးပမ်းမှု၊ တိုင်းသားလက်နက်ကိုင်တွေရဲ့ကြိုးပမ်းမှု၊ NUG ရဲ့ပါးနပ်မှု၊ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းပါဝင်မှု တွေအားလုံး ဟန်ချက်ညီရင်တော့ မကြာခင် စစ်ကောင်စီဇတ်သိမ်းတော့မှာ သေချာတယ် လို့ဆိုတယ်။ လက်ရှိအနေအထားကလည်း စစ်ကောင်စီ သွက်ချာပါဒ လိုက်နေတာ မြင်သာနေတယ်တဲ့။
ကျွန်တော့်ဖောက်သည် ပဲပြုတ်သည်ကတော့ ပဲဝယ်ရတာ ဈေးကြီးနေလို့ ပဲပြုတ်ရောင်းတာ နားတော့မယ်တဲ့။ ပဲထွက်တဲ့ ဒေသမှာ ပဲဝယ်သူမရှိလို့ ဈေးကျနေပေမယ့် ရန်ကုန်မှာ တော့ ဈေးကြီးပြီး ဝယ်မရ ဖြစ်နေတာ တဲ့။
ခုချိန်မှာ စစ်ကောင်စီသာမက ကျွန်တော့်ပဲပြုတ်သည်လေးရဲ့ စီးပွားရေးလည်း သွက်ချာပါဒ လိုက်နေပါပြီ။
ကျွန်တော်ကတော့ သွက်ချာပါဒမလိုက်အောင် ဆေးမှန်မှန်စား၊ လမ်းမှန်မှန်လျှောက်၊ သတင်းကောင်းတွေ မှန်မှန်နားထောင်၊ စာမှန်မှန်ရေး။
အန်ကယ် တူမီး
8/1/23
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar