“ဝ” အဖွဲ့ရဲ့ အုပ်ချုပ်ရေးနယ်မြေ တိုးချဲ့၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ လာအိုအထူးကိုယ်စားလှယ် နေပြည်တော်ခရီးစဥ်၊ ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက်
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၀ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၄
“ဝ” အဖွဲ့ရဲ့ အုပ်ချုပ်ရေးနယ်မြေ တိုးချဲ့၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ လာအိုအထူးကိုယ်စားလှယ် နေပြည်တော်ခရီးစဥ်၊ ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက်
မကြာသေးတဲ့ ရက်ပိုင်းအတွင်း ကိုးကန့် MNDAA လက်နက်ကိုင် အဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်လိုက်တဲ့ ဟိုပန်မြို့ကို သိမ်းယူတဲ့ရက်မှာပဲ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ လက်ထဲ ဟိုပန်မြို့ကို လွှဲပြောင်းပေးခဲ့ပြီး နောက် ရက်သီတင်းပတ်ထိတောင် မကြာမြင့်ခင် ဝ ပြည်ရဲ့ အုပ်ချုပ်ချုပ်ရေးအောက်ကို တရားဝင် လွှဲပြောင်းတဲ့ အခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဟိုပန်မြို့အပြင် ပန်လုံမြို့ကိုပါ တတွဲထည်း ဝ ပြည် အစိုးရရဲ့ အုပ်ချုပ်မှုအောက် တရားဝင်ထည့်သွင်းလိုက်တဲ့ အခမ်းအနားကို မြန်မြန်ဆန်ဆန် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒီမြို့ ၂ မြို့ဟာ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်နေခဲ့ပေမယ့် ၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲအပြီး ဝ လက်နက်ကိုင် အဖွဲ့နဲ့ အရင်စစ်အစိုးရတို့ အပစ်ရပ်သဘောတူညီခဲ့ကြစဥ်ကတည်းက ဝ သွေးစည်းညီညွတ်ရေးပါတီရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိခဲ့ဘဲ စစ်အစိုးရနဲ့ ၂၀၁၀ နောက်ပိုင်းတက်လာတဲ့ အစိုးရအဆက်ဆက် ပြည်မရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တဲ့ မြို့တွေဖြစ်ပါတယ်။
ခုလပိုင်းအတွင်း စတင်ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေ အတွင်း MNDAA အဖွဲ့ရဲ့ စစ်ရေးအရ နယ်မြေ၊ စခန်းနဲ့ မြို့တွေသိမ်းယူပြီး ဝ လက်နက်ကိုင် တပ်ဖွဲ့နဲ့ အစိုးရထံ မြို့ကိုလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြည်မက စစ်ကောင်စီ တပ်တွေ အရှုံးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရစဥ် ပြည်မက စစ်ကောင်စီအစိုးရ အနေနဲ့ မြို့ ၂ မြို့ကို ဝ အုပ်ချုပ်ရေး လက်အောက် တရားဝင်လွှဲပြောင်းတဲ့ လုပ်ငန်းစဥ်ကို လက်ဦးမှုရှိရှိ မြန်မြန်ဆန်ဆန် လုပ်ဆောင်ခဲ့တာလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ပြည်မက အစိုးရ အနေနဲ့ အင်အားရှိနေချိန်၊ ရန်သူမီးဝိုင်းသလို အခြေအနေမျိုးမဟုတ်ခဲ့ရင် အခုလို မြို့ ၂ မြို့ကို ဝ ပြည်အစိုးရက ၄င်းတို့အုပ်ချုပ်ရေးအောက် လွှဲယူတဲ့အဖြစ်အပျက်ဟာ ချက်ခြင်း အရေးယူ လက်တုံ့ပြန်နိုင်တဲ့ ဖြစ်ရပ်တခုဖြစ်ပေမယ့် စစ်ကောင်စီအနေနဲ့ မြို့များစွာ၊ စခန်းများစွာ လက်လွှတ်ဆုံးရှုံးနေရချိန်မှာ အခုကိစ္စကို တားမြစ်နိုင်စွမ်းနဲ့ နိုင်ငံရေးအရ လက်မခံကြောင်း လူသိရှင်ကြား ပြောဆိုနိုင်စွမ်း မရှိတာလည်း တွေ့ရမှာပါ။ ဝ ပြည် လက်နက်ကိုင် အဖွဲ့အနေနဲ့တော့ လက်ရှိ အခြေအနေနဲ့ အခွင့်အလမ်းကို မြန်ဆန်စွာ အကဲဖြတ်သုံးသပ်ပြီး သွက်သွက်လက်လက် လုပ်ဆောင်လိုက်တယ်လို့ ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။ ဝ ပြည် လက်နက်ကိုင်တပ်ဖွဲ့၊ ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီအနေနဲ့ လက်ရှိမြန်မာနိုင်ငံတွင်း လက်နက်ကိုင် တိုက်ပွဲတွေ အထူးသဖြင့် ရှမ်းမြောက်ဒေသမှာ ပြင်းထန်စွာဖြစ်ပွားလာတဲ့ ၁၀၂၇ စစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီနဲ့ ပေါ်ပေါ်ထင်ထင် လက်နက်ကိုင် ပဋိပက္ခမဖြစ်ပွားအောင် စီမံခန့်ခွဲနေရာက အခုအခါ မြို့နယ် ၂ ခုကို ဝ ပြည် အစိုးရအုပ်ချုပ်ရေးအောက် ထည့်သွင်းလိုက်သလို ဝ ပြည်လက်နက်ကိုင် တပ်တွေက ဝင်ရောက်နေရာယူပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖယ်ရှားလိုက်တာလည်း ဖြစ်ပါတယ်။
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တနည်းအားဖြင့် ဝ ပြည် အစိုးရအနေနဲ့ လက်ရှိ လက်နက်ကိုင်စစ်ဆင်ရေးတွေမှာ တိတိလင်းလင်း ပါဝင်ခြင်း မရှိပေမယ့်လည်း လက်နက် ခဲယမ်း နဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ယူနီဖောင်းမဟုတ်ဘဲ မဟာမိတ်လက်နက်ကိုင်အဖွဲ့ရဲ့ ယူနီဖောင်းဝတ်ထားတဲ့ စစ်သည်အင်အားတွေအထိ ကူညီမှုပေးခဲ့တာ ဖြစ်နိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ယူဆမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ အခုလို ဟိုပန်မြို့ကို MNDAA က ဝင်ရောက်သိမ်းယူပြီး ဝ လက်နက်ကိုင် အဖွဲ့ထံ လွှဲပေးခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်ရင် ဝ ပြည် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အနေနဲ့ အခု စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ အကျိုးစီးပွားချင်း ဆက်စပ်နေတယ်လို့ ကောက်ချက်ချ နိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထား၊ ခေတ်သစ် သမိုင်းနဲ့ နိုင်ငံရေး၊ ပထဝီဝင် နိုင်ငံရေး အခြေအနေတွေက ရှေး ပဒေသရာဇ် ခေတ်နဲ့ မတူကွဲပြားတဲ့ အချက်က မှန်ပေမယ့် ပဒေသရာဇ်ခေတ် ဘုရင်ခေတ်တွေတုန်းက ဗမာဘုရင်တွေရဲ့ အင်ပိုင်ယာ စစ်ရေးအင်အားချိနဲ့လာကြတဲ့အခါ သစ္စာခံနယ်တွေရဲ့ အုပ်ချုပ်သူတွေက သစ္စာမခံကြတော့ပဲ မိမိတို့နယ်ကို မိမိတို့ဘာသာ အုပ်ချုပ်တဲ့ သဘောမျိုး ဗဟိုက စစ်အာဏာ၊ နိုင်ငံရေးအာဏာကို တော်လှန်ကာ ကိုယ့်ဘာသာ ကိုယ်အုပ်ချုပ်ကြတဲ့ သဘောမျိုး အလားသဏ္ဌာန်တူနေတာလည်း တွေ့ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အခုလို အခြေအနေကို အချို့သော နိုင်ငံရေး လေ့လာသူတွေက အစိတ်စိတ်အမွှာမွှာပြိုကွဲနိုင်တဲ့ အခြေအနေမျိုးလို့ အကဲဖြတ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ အစိတ်စိတ်အမွှာမွှာ ပြိုကွဲခြင်းကို ကောင်းသည် ဆိုးသည် ဆိုတဲ့ ရှုထောင့်ကထက် ဒေသတွင်း ပထဝီနိုင်ငံရေး အပေါ် သက်ရောက်မှုတွေ ရှိနိုင်တဲ့ အခြေအနေမျိုး၊ လွတ်လပ်ရေး ရပြီးကတည်းက စစ်တပ်အင်အား အပေါ်မူတည်ပြီး စုစည်းချည်နှောင်ထားတဲ့ ပြည်ထောင်စုက ပြေလျော့ကာ မိမိတို့ ဘာသာကိုယ်ပိုင် အုပ်ချုပ်ကြဖို့ စိတ်အားထက်သန်နေတဲ့ လူမျိုးစုတွေ၊ လက်နက်ကိုင် အဖွဲ့တွေအဖို့ ဆယ်စုနှစ်များစွာအတွင်း ရခဲတဲ့ အခွင့်အလမ်းလို ကာလလည်း ဖြစ်ပါတယ်။ ပြည်ထောင်စု သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ စကားလုံးက အခုလို မိမိတို့ဘာသာ မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ကာ ရပ်တည်လိုကြတဲ့ ပြည်နယ်တွေ ဒေသတွေကို ဆွဲဆောင်စည်းရုံးနိုင်စွမ်း အားနည်းနေတာလည်း တွေ့မြင်နေကြရပြီလို့ ဆိုနိုင်ပါတယ်။
ဒီနေ့အဖို့ နောက်ထပ် သတင်းတပုဒ်ကတော့ ၂၀၂၄ ခုနှစ်အတွက် အာဆီယံအသင်းအဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ လာအိုနိုင်ငံက မြန်မာ့အရေးနဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ် တဦးခန့်အပ်ထားပြီး အထူးကိုယ်စားလှယ်က နှစ်သစ်ဝင်ရောက်ပြီး သီတင်းပတ်အတွင်းမှာပဲ မြန်မာနိုင်ငံကို ရောက်ရှိလာကာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံနေတဲ့ သတင်းဖြစ်ပါတယ်။ ယခင် ၂၀၂၃ ခုနှစ်မှာ အလှည့်ကျခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်း၊ လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်လို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး တိတ်ဆိတ်စွာကြိုးစားတဲ့ Silent Diplomacy နည်းလမ်းကို ကျင့်သုံးခဲ့ပြီး အခု ၂၀၂၄ မှာ အလှည့်ကျတဲ့ လာအို နိုင်ငံအနေနဲ့ ဘယ်လို မဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ အဖြေရှာမလဲဆိုတာ လောလောဆယ်အနေအထားမှာတော့ ခန့်မှန်းပြောဆိုဖို့ စောလွန်းသေးပြီး တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ လာအိုနိုင်ငံ အနေနဲ့ အာဆီယံကိုယ်စား အဖြေရှာရာမှာ တရုတ်ရဲ့ သံတမန်ရေး အကူအညီကို ယူကောင်းလည်း ယူနိုင်ပါတယ်။
စစ်ကောင်စီ အနေနဲ့တော့ တဖက်မှာ စစ်ရေးအရ ဖိအားတွေကြီးမားနေချိန်မှာ တရုတ်ရဲ့ သံတမန်ရေးအရ ကြားဝင်မှုကို မယူမဖြစ်ယူရမယ့် အနေအထားမျိုးဖြစ်လို့ လာအိုနိုင်ငံရဲ့ အထူးသံတမန် အခုလိုအချိန် လာရောက်တာကို ရှောရှောရှူရှူ ခွင့်ပြုကြိုဆိုခဲ့တဲ့ သဘောလို့ ခန့်မှန်းရပါတယ်။
လာအိုအနေနဲ့ အာဆီယံထဲမှာ ထိုင်း၊ အင်ဒိုနီးရှားတို့လို သြဇာကြီးတဲ့ နိုင်ငံမဟုတ်သလို မြန်မာ့အရေးကို အခြေပြုပြီး နိုင်ငံရေးအရ အကျိုးအမြတ်မျှော်လင့်ချက် ကြီးကြီးမားမားရှိမယ့်ပုံ မတွေ့ရဘူးလို့လည်း ဆိုနိုင်ပါတယ်။ ယခင် အလှည့်ကျခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ အင်ဒိုနီးရှားနိုင်ငံ၊ ဘူတန်နိုင်ငံတို့ထက် ပိုမိုစွမ်းဆောင်နိုင်မလား သို့မဟုတ် စစ်ကောင်စီရဲ့ စစ်ရေးအရ အကြပ်ရိုက်နေတဲ့ အခြေအနေက အာဆီယံကို ပိုမိုမျက်နှာသာပေး ချဥ်းကပ်လာမလားဆိုတဲ့ ဖြစ်နိုင်ခြေ တချို့ကိုလည်း အခုရောက်နေတဲ့ အနေအထားကနေ ခန့်မှန်းကြည့်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar