Breaking News

သီအိုဇော် - ကြားကြပါရဲ့လား ထိုင်ဝမ်ပြည်သူများရဲ့အသံ



သီအိုဇော် - ကြားကြပါရဲ့လား ထိုင်ဝမ်ပြည်သူများရဲ့အသံ

(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၄

တိုကျို၊ ဒေလီတို့ကို မဆိုထားနဲ့၊ ရှန်ဟိုင်းတမြို့စာ လူဦးရေလောက်တောင် မရှိတဲ့ ကျွန်းနိုင်ငံလေးက ရွေးကောက် ပွဲရလဒ်ကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြပါတယ်။ အခုတော့ လက်ရှိအာဏာရ DPP ပါတီ (Democratic Progressive Party) သမ္မတလောင်း လိုင်ချင်းဒါ (Lai Ching-te)က အနိုင်ရသွားပြီလို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်က သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာ ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေးက ရှောင်လွှဲလို့မရပဲ မလွှဲမသွေ ဖြစ်လာရမယ်လို့ ဆိုထားပါတယ်။ အာရှတိုက်က ထိုင်ဝမ်အရေး ကိစ္စဟာ နေရာကွက်ကွက်လေးမှာတင် ဖြစ်ပွါးမယ့် ပဋိပက္ခမဟုတ်ပဲ စစ်အင်အားကြီးနိုင်ငံနှစ်ခု ထိပ်တိုက် ရင် ဆိုင်လာရနိုင်ဖွယ် ရှိတဲ့အတွက် စစ်မီးတောက် ပမာဏက မှန်းဆဖို့ တောင် ခက်ပါလိမ့်မယ်။

အခု ဒီထိုင်ဝမ်ရွေးကောက်ပွဲရလဒ်က တရုတ်အစိုးရကို စိတ်ပျက်သွားစေမှာက သေချာပါတယ်။ ပီကင်းနဲ့ နီးနီးကပ်ကပ် ဆက်ဆံလိုတဲ့ ကူမင်တန်ပါတီ (Kuomintang -KMT)ကို အနိုင်ရစေချင်မှာ ဖြစ်ပေမယ့် ထိုင်ဝမ် ပြည်သူတွေက DPP(Democratic Progressive Party)ကို တတိယမြောက် သမ္မတသက်တမ်း အပ်နှင်းလိုက်ကြပါပြီ။

ဒီသမ္မတရွေးကောက်ပွဲလို တိုက်ရိုက်ရွေးကောက်တဲ့ စနစ်က ၁၉၉၆ ခုနှစ်က စတင်ခဲ့ပါတယ်။ (၄)နှစ် တကြိမ် ကျင်းပတဲ့ သမ္မတရွေးကောက် ပွဲမှာ DPP နဲ့ KMT ပါတီတို့က အများဆုံး ဒုတိယသက်တမ်း၊ စုစုပေါင်း (၈)နှစ်ပဲ ရွေး ကောက်ခံခဲ့ရဖူးပါတယ်။ တတိယသက်တမ်းအတွက် ဘယ်ပါတီကမှ ဆက်အရွေးမခံခဲ့ရဖူးပါဘူး။ အလွန်ခက်ခဲ တယ်လို့ မြင်ကြပါတယ်။ အခုတကြိမ်က ပထမဦးဆုံးအကြိမ် တတိယသက်တမ်းအတွက် အနိုင်ရခဲ့တာ ဖြစ်တဲ့ အတွက် DPP အတွက် မှတ်တိုင်တခုလို့ လည်း ဆိုနိုင်ပါတယ်။

ထိုင်ဝမ်လူဦးရေ ၂၃.၄သန်းရှိတဲ့အနက် မဲပေးခွင့်ရှိသူက ၁၉.၅၅သန်းရှိပြီး ပထမဆုံးအကြိမ် မဲပေးခွင့် ရကြသူများ က ၁.၀၂၈သန်း ရှိပါတယ်။ ထိုင်ဝမ်ပါလီမန် (Legislative Yuan)ရလဒ်ကိုတော့ ဒီဆောင်းပါးရေးနေစဥ်မှာ မသိရ သေးပေမယ့် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတုန်းကလို DPPက နေရာအများစု ရနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းနေကြ ပါတယ်။ သမ္မတ ဆိုင်အင်ဝမ်း ၂၀၂၀ခုနှစ်မှာ အနိုင်ရရှိတုန်းက ၅၇.၁၃ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့ပြီး ဒီတကြိမ်မှာ တော့ DPP သမ္မတလောင်း လိုင်ချင်းဒါ (Lai Ching-te)က ၄၀ရာခိုင်နှုန်း ပတ်ဝန်းကျင်နဲ့သာ အနိုင်ရရှိတယ်လို့ သိ ရပါတယ်။

သူက ဆရာဝန်တဦး ဖြစ်ပြီး ဟားဗတ် တက္ကသိုလ်က ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ ရယူထားသူ ဖြစ်ပါတယ်။ လက်ရှိဒုသမ္မတလည်းဖြစ်ပြီး ထိုင်ဝမ် လွတ်လပ်ရေး ရယူဖို့ ဆန္ဒရှိသူအဖြစ် တရုတ်နိုင်ငံက မြင်ထားပါတယ်။

၂၀၂၃ခုနှစ်အောက်တိုဘာလက Taiwan mainland affair councilနဲ့ National Chengchi University တို့ ကောက်ယူထားတဲ့ စစ်တမ်းအရ လောလောဆယ် ပိုနေမြဲကျားနေမြဲ အခြေအနေကို ဆက်ထိန်းထားချင်သည့် ဆန္ဒရှိသူများက (၈၆.၂) ရာခိုင်နှုန်း အများစုဖြစ်နေပြီး လွတ်လပ်ရေးကြေညာလိုသူနဲ့ တရုတ်ပြည်မကြီးနဲ့ ပေါင်း စည်းလိုသူများက အတော်ကို နည်းပါးနေတာကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် DPP ပါတီခေါင်းဆောင်များ အနေ နဲ့လည်း လွတ်လပ်ရေးကိစ္စကို ရှေ့တန်းတင်ဖို့ အာသီသ ရှိကြမယ် မထင်ပါဘူး။ သမ္မတ ဆိုင်အင်ဝမ်းကလည်း လွတ်လပ်ရေး ‌ကြေညာဖို့ မလိုအပ်တဲ့ အခြေအနေပါလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးမှာ တရုတ်နိုင်ငံဘက်က စွက်ဖက်မှု တခုမှမရှိပဲ အေးအေးလူလူ ထိုင်ကြည့်နေ တယ်လို့ ပြောလာခဲ့ရင်တော့ ယုံတမ်းစကားပဲ ဖြစ်ပါလိမ့်မယ်။ DPP ထပ်အာဏာမရအောင် နည်းလမ်းမျိုးစုံ သုံး ပြီး ကြိုးစားခဲ့မှာပါ။

၂၀၂၃ခုနှစ် ဇန်နဝါရီလတုန်းက တိုင်ဝမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆိုင်မင်းရင်(Tsai Ming-Yen)ကို သမ္မတ ဆိုင်အင်ဝမ်း (Tsai Ing-wen)က ရာထူးအပြောင်းအလဲ လုပ်ခဲ့ပါတယ်။ King’s College လန်ဒန်က War Studies နဲ့ ပါရဂူဘွဲ့ယူ ခဲ့သူ ဆိုင်မင်းရင်က အလွန်အရေးကြီးတဲ့ အမျိုးသားလုံခြုံရေး ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာပါ တယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာ တရုတ်နိုင်ငံဟာ ထိုင်ဝမ်အပေါ် သေနတ်မဖေါက်ပဲ စစ်ပွဲ ဆင်နွှဲနေတာကြာပြီလို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။ ဒီပြောဆိုချက်က တရုတ်-ထိုင်ဝမ် ဆက်ဆံရေး အဖုအထစ်တွေကို ဖေါ်ပြနေပါ တယ်။

လက်ရှိသမ္မတ ဆိုင်အင်ဝမ်းက အရင်ကူမင်တန်ပါတီက ပီကင်းနဲ့သဘောတူညီခဲ့တဲ့ 1992 Consensus ကို အသိ အမှတ်ပြုသူ မဟုတ်သလို ဟောင်ကောင်လို ငြိမ်းချမ်းရေးမျိုး မလိုချင်ဘူးလို့လည်း ပြောခဲ့သူပါ။ သူမရဲ့ DPPပါတီ ဆက်ပြီး အစိုးရဖွဲ့နိုင်ခြင်းဟာ တရုတ်အစိုးရကို စိတ်စနိုးစနောင့် ဖြစ်နေစေမှာပါ။

ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတိထားမိတဲ့ အချက်တချို့ ရှိပါတယ်။ ၂၀၀၈-၂၀၁၆ ခုနှစ်အထိ သက်တမ်းနှစ် ကြိမ် ကူမင်တန်ပါတီမှ သမ္မတဖြစ်ခဲ့သူ မာရင်ကျိုး(Ma Ying-Jeou) က မဲဆွယ်ကင်ပိန်းတွေမှာ လိုက်လံ စည်း ရုံးပေးပါတယ်။ သူဟာ ကူမင်တန်ပါတီအတွက် နောက်ဆုံး သမ္မတလည်း ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ရွေးကောက်ပွဲ အကြိုနေ့က ကူမင်တန်ပါတီအတွက် ရွေးကောက်ပွဲ ကင်ပိန်း နောက်ဆုံးစုရုံး ထောက်ခံပွဲမှာ အဖိတ်ကြား မခံခဲ့ရပါဘူး။ ဒါဟာ ဖြစ် တောင့်ဖြစ်ခဲပါ။

ဘာ့ကြောင့်လဲဆိုတော့ ဒီရက်ပိုင်းသူပြောခဲ့တဲ့ အင်တာဗျူးမှာ သမ္မတ ရှီကျင့်ဖျင်အပေါ် ယုံကြည်ဖို့ဆိုတဲ့ စကား အပါအဝင် တရုတ်အစိုးရဘက်ကို အလျှော့ပေး လိုတာတွေများတယ်လို့ မှတ်ယူစရာတွေ ရှိတဲ့အတွက် ကူမင်တန်ပါတီ သမ္မတလောင်း ဟိုယူအီ(Hou Yu-ih)ကိုယ်တိုင်က သူနဲ့အမြင် မတူပါဘူးလို့ ငြင်းချက်ထုတ်ခဲ့ရပြီး မဖိတ်ကြားဖြစ်တော့တာပါ။ ဒါဟာထိုင်ဝမ်ပြည်သူများရဲ့ တရုတ်အစိုးရအပေါ်ထားတဲ့ သဘောထားကြောင့်လို့ ဆိုနိုင်ပါတယ်။ တရုတ်အစိုးရနဲ့ နီးကပ်မှုဟာ ရွေးကောက်ပွဲအတွက်တော့ အနုတ်လက္ခဏာလို့ ကူမင်တန် ပါတီကလည်း စိုးရိမ်တဲ့ပုံပါ။

National Chengchi University ကပဲ ၁၉၉၂ခုနှစ် ဇွန်လကစလို့ နှစ်စဉ် ကောက်ယူနေတဲ့ မိမိကိုယ်ကိုယ် ထိုင်ဝမ်လား၊ ထိုင်ဝမ်တရုတ်လား၊ တရုတ်သက်သက်ပဲလား ဘယ်လိုသတ်မှတ်လဲ ဆိုတဲ့ စစ်တမ်းတခု ပြုလုပ်ခဲ့ပါ တယ်။ ၂၀၁၈ခုနှစ်နောက်ပိုင်းကစပြီး ထိုင်ဝမ်လို့ပဲ သတ်မှတ်တဲ့ လူဦးရေက တစထက်တစ ပိုများလာပြီး ၂၀၂၃ ခုနှစ် ဇွန်လမှာ (၆၂.၈) ရာခိုင်နှုန်းအထိ ရှိလာတာကို တွေ့ရပါတယ်။ ထိုင်ဝမ် တရုတ်လို့ မှတ်ယူသူက (၃၀.၅) ရာ ခိုင် နှုန်းရှိပြီး တရုတ်လို့ သတ်မှတ်သူက ( ၂.၅) ရာခိုင်နှုန်းသာ ရှိပါတယ်။

ထိုင်ဝမ်-တရုတ် ကိစ္စတခုတည်း မဟုတ်ပဲ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေ အာရုံစိုက်တဲ့ စီးပွါးရေး၊ အလုပ် အကိုင်တို့လို အရေးကြီးတဲ့ အကြောင်း အရာတွေလည်း ရှိတာမှန်ပေမယ့် အထက်က စစ်တမ်း ရလဒ်များ ကို ကြည့်ရုံနဲ့တင် ဒီနှစ်ရွေးကောက်ပွဲမှာ DPP ဘာ့ကြောင့်နိုင်တယ် ဆိုတာကို မှန်းဆကြည့်နိုင်ပါတယ်။ ထိုင်ဝမ် ပြည် သူအများစုက တရုတ်အစိုးရ လွှမ်းမိုးမှုကို မလိုလားကြပါဘူး။

အခုအခါမှာတော့ တရုတ်နိုင်ငံအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို လေးစားကြ ရပါလိမ့်မယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ထိုင်ဝမ်ရဲ့ ရွေးချယ်မှုကို လက်ခံကြရပါမယ်။ ထိုင်ဝမ်ကို ကျောထောက်နောက်ခံ ပေးထားတယ်လို့ ပြောနိုင်တဲ့ အမေရိကန်နိုင်ငံက ယူကရိန်းစစ်ပွဲနဲ့ အစ္စရေးပဋိပက္ခတွေမှာ အာ ရုံများနေတဲ့အတွက် ထိုင်ဝမ်ကို တရုတ်တို့ဝင်သိမ်းဖို့ အချိန်အခါကောင်းလို့ သဘောထားပေးတဲ့သူတွေလည်း တွေ့ရပါတယ်။

ဒါပေမယ့် ထိုင်ဝမ်အနေနဲ့ လွတ်လပ်ရေး မကြေညာပဲ ပိုနေမြဲ ကျားနေမြဲ ဆက်ရှိနေသရွေ့ တိုက်ခိုက်ဖို့ ခိုင်မာတဲ့ အကြောင်းပြချက် ရှာတွေ့မှာ မဟုတ်ပါဘူး။ ဒီအတွက် အချိန်တိုအတွင်း စစ်ဖြစ်လာဖို့ လမ်းနည်းမယ်လို့လည်း ယူဆနိုင်ပါတယ်။ တကယ်လို့သာ တရုတ်နိုင်ငံဘက်က ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်ဖို့ ကြိုးစားခဲ့ရင်တော့ မှန်းဆကြည့်ဖို့တောင် ခက်ခဲတဲ့ ရေတိုရေရှည် သက်ရောက်မှုတွေက ကမ္ဘာအနှံ့ တွေ့ မြင်ကြရမှာ သေချာပါတယ်။

Bloomberg Economics ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့စီးပွါးရေးက (၁၀)ထရီလီယံဒေါ်လာ ပမာဏခန့် ဆုံးရှုံးမှု ရှိနိုင်ပြီး ၂၀၂၃ခုနှစ် ကိန်းဂဏန်းအရဆိုရင် ကမ္ဘာကြီးတခုလုံး စီးပွါးရေးရဲ့ (၁၀)ရာခိုင်နှုန်းလောက် ရှိပါလိမ့်မယ်။ ပိုပြီး မြင် သာအောင် ပြောရရင် ကိုဗစ်(၁၉) ကြောင့် စီးပွါးရေး ထိခိုက်ခဲ့ရတာထက်တောင် ပိုများပါတယ်။

ဝင်တိုက်ခိုက်တဲ့ တရုတ်၊ အတိုက်ခံရတဲ့ ထိုင်ဝမ်၊ စစ်ထဲပါလာမယ့် အမေရိကန်၊ အားလုံးအားလုံးရဲ့ စီးပွါးရေးတွေ ကျဆင်းကုန်မှာပါ။ သေဆုံး ထိခိုက် ပျက်စီးသွားကြမယ့် အသက် ခန္ဓာ ဘဝများကလည်း နည်းမှာ မဟုတ်ပါဘူး။

ချုပ်ပြောရရင် ဒီအချိန်က ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကိုသာ တွေးတောစိုးရိမ် နေရကြမှာတော့လည်း မဟုတ်ပါဘူး။ အန္တရာယ်ကို တွက်ဆမိလည်း သတ္တိရှိရှိ ရဲရဲဝန့်ဝန့်နဲ့ အနာဂတ်ကို ကိုယ်ရွေးချယ်လိုက်တဲ့ အစိုးရနဲ့ အတူရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ ထိုင်ဝမ်ပြည်သူများအတွက် ဂုဏ်ယူရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရအများစုရဲ့ ခပ်ခွါခွါ ဆက်ဆံခံနေရတဲ့ကြားက လွတ်လပ်တိုးတက်တဲ့ လူ့အဖွဲ့အစည်းအဖြစ် ကြံ့ကြံ့ခံ ရပ်တည်နိုင်ကြတဲ့ ထိုင်ဝမ်ပြည်သူများရဲ့ စိတ်ဓါတ်ဟာလည်း အတုယူစရာတခု ဖြစ်တယ်လို့ အသိအမှတ် ပြုကြရပါလိမ့်မယ်။

သီအိုဇော်























Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar