Breaking News

ကိုနီတွတ် - ကျောက်မဲမြို့၏ပစ္စက္ခနေ့ရက်များ

ကိုနီတွတ် - ကျောက်မဲမြို့၏ပစ္စက္ခနေ့ရက်များ


(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၄

ဘယ်လိုလုပ်ကြပါ့မလဲ။ မိမိကိုယ်မိမိမေးခွန်းထုတ်နေမိသည်။အခြေအနေအရပ်ရပ်ကားဂျပန်ဝက်အူလိုတစ်ရစ်ပြီး တစ်ရစ်ကြပ်ကြပ်လာနေပြီ။ ရှင်သန်နေရသောနေ့စဥ်ဘဝများသည် တကယ့်ကိုကျီးလန့်စာစား။ တိုက်ပွဲတွေဖြစ်နေသောဒေသဖြစ်၍ တိုက်ပွဲတွေကားနေ့လားညလား မသိနိုင်။ ရှမ်းမြောက်မှာညီနောင်သုံးဖော်တို့ကား သည်စခစခန်းတွေတိုက်လိုက်၊ သိမ်းလိုက်၊မြို့တွေကိုသိမ်းလိုက်နှင့်။ ပြန့်ကျဲစွာတည်ရှိနေသောစခစခန်းများသည်လည်း ပြည်သူမထောက်ခံတော့ အပြင်ထွက်မတိုက်ရဲ၊ အပြင်ထွက်လာလျှင်လည်း သတင်းပေါက်သွားတော့ အတိုက်ခံနေရသည်။ ဘယ်မြို့ပြီးလျှင် ဘယ်မြို့သိမ်းမည်ဟူသော ကောလဟာလတွေထဲ ကျောက်မဲဘူတာရုံမြို့က အမြဲပါနေသည်။

မြို့နေသူများသည်လည်း အလုပ်သွားအလုပ်ပြန်အချိန်တွေကလည်းနောက်ကျမှသွား၊ စောစောပြန်။ ယခင်ကထက်အလုပ်ချိန်နည်းလာတော့လုပ်အားလည်း အရင်လောက်မရတော့။ အလုပ်ရှင်တွေကလည်း ယခင်လို အလုပ်တွင်တွင်ကျယ်ကျယ်မလုပ်နိုင်တော့။ အလုပ်မရှိတာနဲ့စာလျှင်ယခုလိုရှိနေ၍ တော်သေးသည်ဆိုရမည်။ ဒါတောင်အလုပ်လုပ်ချင်တိုင်းလုပ်၍ရသည်မဟုတ်။ အလုပ်မရှိ၍ စားဝတ်နေရေးခက်ခဲသောသူများလည်း လူမှုရေးအသင်းများ၊ စေတနာရှင်အလှူ့ရှင်များ၏ထောက်ပံ့မှုသတင်းကို အမြဲနားစွန့်နေရသည်။ ဒါလည်း အမြဲမရှိ၊ ရရှိသောအရာများကလည်း ၂/၃ ရက်စာသာ။ သည်လိုရှိနေ၍လည်း တော်သေးသည်ဆိုရမလား၊ မဟုတ်လျှင် ခိုးဆိုးလုယှက်မှုများရှိလာနိုင်သည်။ ဟိုနေရာသည်နေရာများတွင် တစ်ခါတစ်ရံ မူးယစ်သုံးသူများ၏လုယှက်မှု အနည်းအကျဥ်းတော့ ရှိသည်။

နေ့ခင်းဖက်တွင် စခကားများ လှည့်နေသည်။ အချို့နေရာများတွင် အရပ်ဝတ်ဖြင့် ညီနောင်သုံးဖော်နှင့်PDF များ၏သတင်းကို လိုက်နှိုက်နေကြသည်။ အချို့ကား ပုန်းရှိုးကွယ်ရှိုး။ မြို့အဝင်အထွက်များတွင်အစစ်အဆေး ကြမ်းသည်။ မထင်လျှင်မထင်သလို ငွေတောင်းသေးသည်။မပေး၍မရ၊ လေးငါးထောင်ဆိုတာ အောက်ထစ်ဆုံး။ ယခုထိ တောင်ပေါ်တအာင်းရွာများပိုင် ကား၄/၅ စီးသည် သူတို့ဂိတ်ရှေ့တွင် ရပ်တန့်လျက်ရှိသည်။ ကားဒရိုင်ဘာနှင့်စပယ်ယာတို့ကို စခန်းထဲခေါ်သွားသည်မှာကြာပြီ။ ဘယ်အကြောင်းပြချက်ဖြင့် ခေါ်သွားသည်ကိုမသိကြ။ မည်သူမှလည်းသွားမဖြေရှင်းရဲ၊ သွားခဲ့လျှင် မပြန်လမ်းသာရှိသည်လေ။ ကားပေါ်တင်ထားသောကုန်တွေကိုလည်း သူတို့စိတ်ကြိုက်ခွင့်ပြုချက်မရှိ ယူစားနေကြသည်။ ကုန်စိမ်းများကားပုတ်နေလောက်ပြီ။

ဤကျောက်မဲဘူတာရုံမြို့တွင် ခြေမြန်တပ်ရင်း ၂ ရင်း (၅၀၁/၅၀၂),၊အမြောက်တပ်၊ အင်ဂျင်နီယာတပ်ရင်းတို့ အခြေချထားသည်။ ပိုဆိုးသည်ကား စကခ(၂) အခြေစိုက်ရာမြို့။ ၁၀၂၇ စစ်ဆင်ရေးစကတည်းကအမြောက်တပ်ထဲကဟောင်ဝင်ဇာပစ်သံ၊ ၁၂၀ မမလက်နက်ကြီးပစ်သံတို့ကား မကြားချင်အဆုံး။ အဲသည်အောက်မှာနေနေရသောဘဝများတည်း။သူတို့ပစ်လိုက်သည်က ညီနောင်သုံးဖော်ကို ထိမထိ၊ မှန်မမှန်တော့မသိ။ သေချာသည်ကတော့ ဟူးကွက်စျေးရွာကြီးမှာကျသည်။ မိုင်းတင်းရွာကြီးအနီးကျသည်။ လွယ်ခေါ်၊ ဗူးခါးရွာဖက်ကျသည်။ ခိုငင်းရွာဖက်ကျသည်။ပြောင်းဖူး၊ စပါး၊ ပဲပုတ်ခင်းများထဲကျသည်။ သေဆုံးသူများ၊ ဒဏ်ရာရသူ များရှိသည်။ မိမိအိမ်ထဲနေနေသူများ၊ အလုပ်ခွင်အလုပ်လုပ်နေသူများအနီးကျသည်။ အချို့ကား တည့်တည့်ကျသည်။ အချို့ရောဂါအခံရိသူများရောဂါတိုးလာသည်။ အကြောက်လွန်နှလုံးလေရိုက်သေဆုံးသူလည်း ရှိသည်။ ဟိုက်စကီး၊ ဂျက်ဖိုက်တာများ ပျံသန်းနေမှုကလည်း ရက်ခြားသည်မရှိ။ လောလောဆယ်မြို့ပေါ်ကို ကျဲချသည်မရှိသေးသော်လည်းအခြားဒေသများကိုသွားကျဲမှုများကို သတင်းတွေထဲမှာ တွေ့တွေ့နေ သည်။ သီပေါကျင်သီစခန်းသိမ်းတိုက်ပွဲချိန်၊ ကျောက်မဲတိုးဂိတ်အပေါ်ဗုံးကျဲခံရမှု၊ ဟိုက်စကီးဖြင့် အပစ်ခံရမှုတို့က လောလောလတ်လတ်မြို့နီးချုပ်စပ်။ တိုက်ပွဲဖြစ်ရာဒေသပန်းပေါင်းရွာ၊ နမ့်ဟူးတောင်းရွာသူရွာသားများ အကုန်ပြေးရသည်။ ယခုထိ အချို့ကပြန်ရောက်မလာကြသေး။အကြောက်တရားနှင့်စိတ်ဒဏ်ရာတို့ဖြင့် ပြည့်နေကြသည်။ ဟိုက်စကီးများ၏ အဆက်မပြတ်ပျံသန်းပစ်ခတ်မှုများ၊ ဟောင်ဝင်စာ၊၁၂၀ မမ၊ မစ်ဆိုင်းဒုံးပစ်သံများဆူညံမှုကြောင့် ကျောက်မဲဘူတာရုံမြို့ကိုအိပ်မရအောင်ပြုလုပ်သည်မှာ ကြာနေပြီ။ ဘယ်အရပ်ဆီပျံသန်းသွားမှန်းမသိသောလေယာဥ်သံက ည ၇ နာရီကျော်ကျော်ဆို ကြားရသည်။ ၁၀ နာရီကျော်ကျော်လူအိပ်ချိန်တွင် လက်နက်ကြီးပစ်ခတ်သံများ၊ စက်လတ်ပစ်ခတ်သံများ၊လက်နက်အသေးပစ်ခံသံများက တစ်ပြိုင်တည်းတစ်ချိန်တည်း ညစဥ်ကြားနေရသည်။

လမ်းပန်းဆက်သွယ်ရေးတွေကလည်း ခက်သည်ထက်ခက်လာသည်။မန္တလေးဆင်းရ၍တော်သေးသည်။ မူဆယ်တပ်ပြည်ထောင်စုလမ်းမှာသွားမရတော့။ သီပေါကျင်သီတံတား၊ မိုးတေတံတား၊ လာရှိုးအနီး အီနိုင်းတံတားများ အချိုးခံထားရပြီ။ နမ့်ဆန်၊ နမ္မတူ၊ နမ့်လန်၊ မိုးမိတ်သွားကြမလား၊ လမ်းကြမ်းတောလမ်းများသာရသည်။ ဆီစျေးက သကြားမင်းဖင်နှင့် ထိနေတော့ ကားခကလည်း ဆီစျေးနှင့်အပြိုင်။ ကုန်ရောင်းကုန်ဝယ်ဆိတ်သုဥ်းစပြုပြီ။ ဆန်စျေးဆီစျေးမမေးနှင့်၊ သွေးဆောင့်တက်လိမ့်မည်။ရောင်းသူရှိသည်။ ဝယ်လိုအားနည်းလာသည်။ ဝယ်လိုအားရှိသည်။ ရောင်းကုန်ရှားပါးလာသည်။ စျေးသည်များကလည်း မိမိတို့ရောင်ကုန်အတွက် ရတက်မအေး၊ ဝယ်စားသူများကလည်း စျေးမလိုက်နိုင်မှာစိုး။အပိုဝယ်စုဆောင်းဖို့နေနေသာသာ၊ တစ်နေ့စာတစ်နေ့အတွက်ကို ပင်မနည်းရုန်းနေရသည်။ မဝယ်ရင်လည်း ငတ်မည်၊ မဝယ်နိုင်မှာကိုလည်းစိတ်ပူရသေးသည်။ ဘယ်ဘဝကဝဋ်ကြွေးများလည်း မစဥ်းစားနိုင်တော့။

သည်ကြားထဲတော်လှန်အဖွဲ့အမည်ခံပြီးနွေဦးတော်လှန်ရေးထဲမပါသည့်အဖွဲ့ကတစ်မှောင့်။မြို့ထဲစျေးဆိုင်ကြီးကြီးသေးသေးကုန်တိုက်၊လမ်းဘေးကွမ်းယာဆိုင်များကိုအခွန်ကောက်သည်။ကားဂိတ်ပါမကျန်ပေးရသည်။တိုက်ပွဲသာမတိုက်တာ၊လူသစ်စုဆောင်းခြင်းလည်းရှိသည်။လူလိုက်နိုင်လျှင်လိုက်၊မလိုက်နိုင်လျှင်ငွေပေး၊ပေးရသည့်ငွေကလည်းသိန်း၅၀။စျေးဆစ်၍မရ၊တေညင်းပန်တာလက်မခံ၊အချိန်ဆွဲလျှင်ဆွဲသူအပြစ်။လုံးဝမလွတ်စေရ၊အိမ်ထောင်စုမူရင်းနှင့်တိုက်စစ်သည်။အသက်၈နှစ်ကတည်းကစာရင်းရှိထားတော့သေမှသာလွတ်နိုင်သည်။ဤဂယက်ကြောင့်ရှိတာရောင်းချပြီးတာချီလိတ်ဖက်ကိုပြေးကြသည်။ဝယ်သုမရှိ၍မရောင်းရလျှင်အိမ်ကိုပိတ်ထွက်၊အချို့ကားလူသိမခံပဲလစ်ထွက်နေကြသည်၊တာချီလိတ်ကားလိုင်းကားမနားရ။ကျောက်မဲဘူတာရုံမြို့ကားအေးချမ်းလှသောရှမ်းတောင်တန်းတွင်တည်ရှိနေသော်လည်းမအေးနိုင်ပဲအပူကိုယ်စီနှင့်လှုပ်ရှားလှုပ်ခတ်နေသည်။

နေ့ဝင်တိုက်မလား၊ ညဝင်တိုက်မလားခွဲခြားမသိရ။ ပိုဆိုးလာသည်က တော့မြို့နယ်ခွဲများဖြစ်သည့် မိုင်းလုံ၊ မိုင်းငေါ့မြို့များ sold out သွားပြီ။လောက်ကိုင်သတင်း၊ ကွတ်ခိုင်သတင်းတွေကလည်း ပူပူနွေးနွေးဆိုတော့ Non-CDM ဝန်ထမ်းများ(ပညာရေးမှလွဲ၍)ရှိသမျှ ပစ်စည်းသိမ်း၊ ကားငှားအမြန်ပို့၊ လူကနောက်နေ့လိုက်နှင့် ထွက်ပြေးနေကြသည်။ သူတို့ကိုကြည့်ပြီးမြို့သူမြို့သားများအတွက်တော့ ပြေးစရာစဥ်းစား၍မရ၊၊ မြို့ထဲမှာဆက်နေမလား၊ အပေါ်ကိုမော့မော့ကြည့်နေရသည်။ တောရွာဖက်ပြေးမလား၊ ဟောင်ဝင်ဇာအမြောက်ကျည်စာ၊ မစ်ဆိုင်းဒုန်းစာမိနိုင်သည်။ စစ်ဘေးရှောင်စခန်းသွားမလား၊ ပေါင် ၅၀၀ ဗုံးကြောက်ရသည်။ ဘုန်းတော်ကြီးကျောင်းတွေခိုမလား၊ ဘုန်းတော်ကြီးကျောင်းတွေရွေးအပစ်ခံ၊ ဗုံးအကျဲခံနေရသည်။ မြို့ထဲမှာပုန်းရှိုးကွယ်ရှိုးနေမလား။ အငတ်ဘေးကျနိုင်သည်။ မတော် လူဆိုးသူခိုးတောကြောင်များ၏ ရန်ကရှိသေးသည်လေ။ လာရှိုး၊ မူဆယ်ပြီး ကျောက်မဲအလှည့်ဟုသတင်းထွက်နေရာ ဘူတာရုံမြို့ကားဆူညံလိုက်၊ တိတ်ဆိတ်လိုက်၊ ကစင့်ကလျား။ ဥဒဟိုထွက်ပြေးနေသူများ၊စခတို့၏လက်နက်ကြီးအသံများ၊ စားဝတ်နေရေးခက်ခဲမှုများကြား။

အလွန်အေးချမ်းလှသောဆောင်းရာသီထဲတွင် မြို့ကား ချွေးပြိုက်ပြိုက်ကျနေရှာသည်ဟုဆိုလျှင် လွန်အံ့မထင်။  
(၉-၁-၂၀၂၄)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar