Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃

(မိုးမခ) ဇန်နဝါရီ ၁၃ ၊ ၂၀၂၄


ပြည်သူ့အကျိုး‌ဆောင် လူစွမ်းကောင်း ယွီ (Yu the Great)

ရှမင်းဆက် ဟာ တကယ်ရှိခဲ့တယ်၊ မရှိခဲ့ဘူး ဆိုတဲ့ ဝိဝါဒတွေက အတော်ကွဲလွဲနေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ ကျော်က ယေရှုခရစ်တော် အမှန်တကယ်ပေါ်ထွန်းခဲ့ခြင်း ရှိ၊ မရှိ၊ လွန်ခဲ့‌တဲ့ အနှစ် ၂၆၀၀ ကျော်က ဂေါတမ ဗုဒ္ဓ အမှန်တကယ် ပွင့်ထွန်းခဲ့ခြင်း ရှိ၊ မရှိ သံသယ ထားမှုတွေတောင် ရှိခဲ့ရင် လွန်ခဲ့တဲ့ အနှစ် ၄၀၀၀ ကျော်မှာ ယွီ က ရှခေတ်ကို ထူထောင်ခဲ့တဲ့ ဇာတ်လမ်းအပေါ် သံသယ ရှိကြတာကလည်း မျှတတဲ့ ကိစ္စ တစ်ခုပါ။ 

ဒါပေမဲ့ နောက်ပိုင်း သိပ္ပံနည်းကျ ရှေးဟောင်းသုတေသနတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ ရှခေတ်ဟာ အမှန်တကယ် ရှိခဲ့တယ် ဆိုတဲ့အခြမ်းကို နည်းနည်းပိုပြီး လက်ခံလာကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရှခေတ်ကို ပုံဖော်ကြည့်တဲ့ ဇာတ်လမ်းတွေဟာ နှောင်းလူတွေရဲ့ ထိုးဇာတ်တွေလို့ ဆိုရင်တောင် အဲဒီဇာတ်လမ်းတွေထဲမှာ တရုတ်သမိုင်းထဲက နိုင်ငံရေး အတွေးအခေါ်တွေ ပူးကပ်စီးဝင်နေမှာ အသေအချာပါပဲ။ ဒါကြောင့် ရှခေတ် ဇာတ်လမ်းတွေထဲက ဇာတ်ကောင်အချို့အကြောင်း လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။ 

မဖြစ်မနေ ပြောရမယ့် ထိပ်တန်းဇာတ်ကောင်ကတော့ ယွီ ဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်ပြည်ရဲ့ ပထမဆုံး သမိုင်းမှတ်တမ်းရေးသားသူလို့ အသိအမှတ်ပြုရမယ့် စစ်မာချန်း (司马迁 Sima Qian) ရဲ့ မှတ်တမ်းထဲက ယွီ အကြောင်း ဖတ်ရတာ အရသာ ရှိလှပါတယ်။ 

စစ်မာချန်းဟာ ဟန်ခေတ်အတွင်း ဘီစီ ၁၄၅ နဲ့ ဘီစီ ၈၆ ကြားမှာ ပေါ်ပေါက်ခဲ့တဲ့ ပညာရှိပါ။ သူက ရှီကျိ(史记 Shiji) ဆိုတဲ့ ရာဇဝင်ကျမ်းတစ်စောင်ကို ဖွဲ့ခဲ့ပါတယ်။ ရှီကျိ ဟာ အာ့ရှစ်စစ်ရှီ ( 二十四史 èr shí sì shǐ) ဆိုတဲ့ တရုတ် ရာဇဝင် ၂၄ စောင်အနက် ပထမဆုံး ရာဇဝင်ကြီး ဖြစ်ပါတယ်။ မျက်မှောက်ခေတ် သမိုင်းဆရာတွေက Records of the Grand Historian လို့ ခေါ်ပါတယ်။ 

စစ်မာချန်း ရဲ့ ရှီကျိ မဟာရာဇဝင်ကြီးဟာ ရေးသားချိန်ကနေ စရေရင် အတိတ်နှစ်ပေါင်း နှစ်ထောင်ကျော်စာ သမိုင်းကို ပြန်ရေးထားတဲ့ ကျမ်းကြီး ဖြစ်ပါတယ်။ သူ့ထက် အနှစ် ၂၀၀၀ ဝန်းကျင်စောတဲ့ ရှခေတ်သမိုင်းကို ရေးခဲ့တာ ဆိုတော့ အမှန်ချည်းပဲလို့ ပြောဖို့ခက်ပါတယ်။ (ခရစ်တော် မွေးဖွားတဲ့ကာလကနေ ဒီနေ့အထိ ၂၀၂၃ နှစ်စာ သမိုင်းကို ရေးမယ်ဆိုရင်လည်း အမှန်တွေချည်း ပါဖို့ မဖြစ်နိုင်ဘူး မဟုတ်လား။) 

စစ်မာချန်း ရေးတဲ့ ရှခေတ် သမိုင်းထဲမှာလည်း ပါးစပ်ရာဇဝင်တွေ၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ပါဝင်နိုင်ပါတယ်။ ဒါ့အပြင် စစ်မာချန်းတို့ ခေတ်မှာ မြင်ချင် တွေ့ချင်တဲ့ ဧကရာဇ်တွေ၊ အုပ်ချုပ်ရေးပုံစံတွေ၊ ဘုရင်ကို သတိပေးချင်တာတွေကို ထိုးဇာတ်တွေခင်းပြီး  "ရှခေတ် သမိုင်း" လို့ ခေါင်းစဉ်တပ်ခဲ့တာလည်း ဖြစ်နိုင်တာပါပဲ။ 

ဘာပဲဖြစ်ဖြစ် စစ်မာချန်း ရေးတဲ့ ရှခေတ် သမိုင်းမှာ တရုတ်ပြည်ရဲ့ ပဒေသရာဇ်ခေတ် နိုင်ငံရေး အတွေးအမြင်တွေ ထင်ဟပ်နေမှာ အသေအချာပါပဲ။ ဒါကြောင့် စစ်မာချန်း ရေးခဲ့တဲ့ ရှခေတ်သမိုင်းထဲက ယွီဧကရာဇ်ရဲ့ ရာဇဝင်ကိုလည်း လေ့လာသင့်တယ်လို့ မြင်ပါတယ်။ 

တကယ်တော့ ရှခေတ် ကို တည်ထောင်သူ ယွီ ဟာ မင်းမျိုးမင်းနွယ်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ဖခင် ဟာ မင်းမှုထမ်း ပညာရှင် တစ်ယောက်လို့ ဆိုရမှာပါ။ 

စစ်မာချန်းရဲ့ အာဘော်အရ၊ တခါတုန်းက ဟွမ်တိ (黄帝 Huangdi) ဆိုတဲ့ ဘုရင်တစ်ပါးရှိခဲ့ပါသတဲ့။ Huang ဆိုတာ အဝါရောင်ကို ဆိုလိုတာပါ။ ဒါကြောင့် မျက်မှောက်ခေတ် သမိုင်းပညာရှင်တွေက Yellow Emperor လို့ ခေါ်ကြပါတယ်။ ဘီစီ ၂၆၉၇ နဲ့ ၂၅၉၇ ကြားမှာ နန်းစံခဲ့တယ်လို့ ဆိုပါတယ်။ သူက တရုတ်ယဉ်ကျေးမှုကို အစပြုခဲ့တယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးစနစ်တွေကို အစပြုခဲ့သူလို့လည်း ပြောပါတယ်။ တူရိယာပစ္စည်းတွေကိုလည်း တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ခေတ် ရှန်တုန်းပြည်နယ်လို့ ပြောလို့ရတဲ့ နေရာတဝိုက်မှာ မြို့ရွာတွေ တည်ထောင်ခဲ့တယ်လို့ မှတ်တမ်းပြုပါတယ်။ ဥပဒေ နဲ့ ထုံးတမ်းအစဉ်အလာတွေကို ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ ပိုး (silk) ထုတ်လုပ်ရေးကိုလည်း သူက အစပြုခဲ့သလို၊ စိုက်ပျိုးရေးလုပ်ငန်းတွေကို စနစ်ကျစေခဲ့ပါတယ်တဲ့။ ဆေးပညာကို ဖွံ့ထွားစေခဲ့ပါသတဲ့။  (စစ်မာချန်းက ဟွမ်တိကို မြန်မာတို့ပြောတဲ့ မဟာသမ္မတမင်းလို ဒဏ္ဍာရီလာ ကမ္ဘာဦးမင်းတစ်ပါးအဖြစ် ပုံဖော်ထားတာလို့ ခံစားရပါတယ်။) 

ဟွမ်တိ ရဲ့နောက်ပိုင်း ဆက်ခံသူတွေအနက် ဘီစီ ၂၂၀၀ လောက်မှာ ဘုရင်ဖြစ်လာတဲ့ ယောင်(尧Yao) လက်ထက်မှာ တိုင်းပြည်က ပိုမိုစည်ကားလာပြီး ကျေးလက်ဒေသတွေဟာ မြို့ပြပုံပေါက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့လက်ထက်မှာ အခက်အခဲ ကြီးကြီးမားမား ကြုံရတာကတော့ မြစ်ဝါမြစ် ရေကြီးတဲ့ ပြဿနာပါ။ မြစ်ရေကြီးမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးရသလို၊ လူတွေလည်း မကြာခဏ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေရပါတယ်။ ဒီပြဿနာကို ယောင် က ဖြေရှင်းဖို့ ကြိုးစားပါတယ်။ သူက ‌ပြဿနာကိုဖြေရှင်းဖို့ ကွမ် (鯀 Gun) ဆိုတဲ့ ပညာရှိကို တာဝန်ပေးပါတယ်။ 

ကွမ် က ရေကြီးမှုကို ထိန်းချုပ်ဖို့ ၉ နှစ်ကြာအောင် ကြိုးစားခဲ့ပေမယ့် တစ်နှစ်ထက်တစ်နှစ် ရေနစ်မြုပ်က ပိုဆိုးလာသလို၊ ရေလွှမ်းဧရိယာက ပိုကျယ်လာပြီး လူတွေ သေဆုံးမှုလည်း တိုးလာပါတယ်။ နောက်ဆုံးမှာ ကွမ်ဟာ ရေတားဖို့ တမံတွေ အကြီးအကျယ် ဆောက်ပါတယ်။ ဒါပေမဲ့ တမံတွေ ပြိုကျလို့ ပျက်စီးဆုံးရှုံးမှုပိုများရသလို လူတွေလည်း အုံနဲ့ကျင်းနဲ့ သေကုန်ပါတယ်။ 

ယောင် ဘုရင်လည်း ထီးနန်းစွန့်ပြီး ယွီရွှမ့် (Yu Shun) ကို ထီးနန်းလွှဲအပ်လိုက်ပါတယ်။ ယွီရွှမ့်က ကွမ်ရဲ့ မအောင်မြင်တဲ့ ရေလွှမ်းမိုးမှုထိန်းချုပ်ရေး အစီအမံတွေ ကို သဘောမကျသူပါ။ သူက ကွမ့်ဆီက တာဝန်ပြန်လည်ရုပ်သိမ်းပြီး၊ ရေကြီးတဲ့ကိစ္စကို ကိုင်တွယ်ဖို့ ကွမ်ရဲ့သား ယွီ ကို တာဝန်ပေးပါတယ်။ (တချို့ပုံပြင်တွေက ကွမ်ကို ထောင်ချလိုက်တယ်လို့ ရေးသလို၊ တချို့ပုံပြင်တွေက ကွမ်ဟာ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ရေးပါတယ်။)

ပြောချင်တဲ့ ယွီရဲ့ အကြောင်းက အခုမှ ရောက်ပါပြီ။ 

ယွီ ဟာ သူ့အဖေ ကွမ် ရဲ့ ရေလွှမ်းမိုးမှု ထိန်းချုပ်တဲ့ လုပ်ငန်းမှာ ဘာအားနည်းချက်တွေ ရှိသလဲလို့ သုံးသပ်ပါတယ်။ ကွမ်ဟာ သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး၊ သူ့စွမ်းဆောင်ရည်ကို ပိုတွက်မိခဲ့တယ်လို့ ယွီက ယူဆပါတယ်။ သူများရဲ့ အကြံဉာဏ်၊ လုပ်အား စတဲ့ အကူအညီတွေ ကို ရယူဖို့ တွန့်ဆုတ်ခဲ့တယ်လို့ သူက သုံးသပ်ပါတယ်။ ဒါ့အပြင် သဘာဝတရားရဲ့ စွမ်းအားကို နားမလည်ဘဲ အန်တုပြီး မြစ်ဝါမြစ်ရေကို တာတမံနဲ့ တားဖို့ ကြိုးစားနေတာဟာ မှားယွင်းတယ်၊ ရေရဲ့ သဘာဝနဲ့ လိုက်လျောညီထွေရှိတဲ့ အစီအမံတွေ ချမှတ်ဖို့ လိုတယ်လို့ သူက မြင်ပါတယ်။ 

ယွီဟာ အိမ်နီးနားချင်း မျိုးနွယ်စုတွေ (တိုင်းငယ်၊ ပြည်ငယ်တွေ) ရဲ့ အကူအညီကို တောင်းခံပြီး၊ တူးမြောင်းတွေ တူးပါတယ်။ ရေတွေကို တူးမြောင်းတွေကတဆင့် ပင်လယ်ထဲကို ပို့ဆောင်ပေးပါတယ်။ ရေဟာ မြင့်ရာက နိမ့်ရာကို စီးဆင်းပြီး လမ်းဆုံးက ပင်လယ်သမုဒ္ဒရာပဲ ဖြစ်ပါတယ်။ ဒီသဘာဝကို ယွီက ဖော်ထုတ်ပြီး၊ လက်တွေ့အသုံးချရာမှာ အိမ်နီးချင်းတွေရဲ့ အကူအညီကို ရယူအသုံးချနိုင်ခဲ့ပါတယ်။ 

ယွီဟာ တူးမြောင်းတူးတဲ့ စီမံကိန်းကို ၁၃ နှစ်ကြာအောင် စိတ်နှစ်ပြီး ဆောင်ရွက်ခဲ့ရပါတယ်။ ဒီလုပ်ငန်းအပေါ် ဘယ်လောက်အာရုံစိုက်သလဲဆိုရင် အဲဒီ စီမံကိန်းကာလ ၁၃ နှစ်အတွင်း သူ့အိမ်ကို တစ်ခါမှမပြန်ဘူးလို့ ဆိုပါတယ်။ ၁၃ နှစ်အတွင်း လုပ်ငန်းကိစ္စနဲ့ ခရီးသွားရင်း သူ့အိမ်ရှေ့က သုံးကြိမ် ဖြတ်သွားဖူးခဲ့ပါသတဲ့။ အဲဒီ သုံးကြိမ်လုံးမှာ ဇနီးနဲ့ သားက လှမ်းခေါ်ပေမယ့် လှည့်မကြည့်ခဲ့ပါဘူး။  လုပ်ဖော်ကိုင်ဖက်များက အိမ်မှ ခဏဝင်နားဖို့ တိုက်တွန်းကြပေမယ့် လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ 

"အခုချိန်မှာ လူတွေအမြောက်အမြား ‌အိုးမဲ့အိမ်မဲ့ ဖြစ်နေကြတယ်။ မိသားစုတွေ ဆုံးရှုံးထားကြရတယ်။ ရေကြီးတာ မရပ်သ၍ ငါ အနားယူလို့ မဖြစ်ဘူး" လို့ ဆိုပါသတဲ့။ 

သူ့ရဲ့ ကိုယ်ကျိုးမဖက် အနစ်နာခံမှုတွေ၊ လုပ်ငန်းအပေါ် အာရုံစိုက်ပြီး ကြိုးစားဆောင်ရွက်မှုတွေက သူ့ဘေးက လူတွေ အားကျအတုယူစရာ ဖြစ်ပြီး၊ သူ့လမ်းစဉ်အတိုင်း လိုက်ပါဆောင်ရွက်ကြလို့ ရေကြီးမှု ပြဿနာကို ၁၃ နှစ်အကြာမှာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ 

ယွီရဲ့ ဆောင်ရွက်ချက်အပေါ်  ယွီရွှမ့်ကလည်း သိပ်ကို အားရကျေနပ်သလို ဂုဏ်လည်း ယူခဲ့ပါတယ်။ ရေကြီးမှု ပြဿနာဖြေရှင်းအပြီးမှာ ယွီ ကို စစ်သူကြီး ခန့်အပ်ခဲ့ပါတယ်။ စစ်သူကြီး ယွီဟာ သူတို့နိုင်ငံကို လာပြီး ကျူးကျော်တဲ့ မြောင်မျိုးနွယ်စု ( 三苗 Sanmiao) တွေကိုလည်း အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆုံးမှာတော့ ယွီရွှမ့်က ယွီ ကို ထီးနန်းလွှဲအပ်ပြီး မင်းပြုစေခဲ့ပါတယ်။ အခြားမျိုးနွယ်စု အကြီးအကဲတွေကလည်း ယွီရဲ့ ဩဇာကို ခံယူခဲ့ကြပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ ယွီ ကို မျက်မှောက်ခေတ်မှာ Yu the Great လို့ မှတ်သားခေါ်ဝေါ်ကြပါတယ်။ 

ယွီက ၄၅ နှစ်ကြာအောင် နန်းစံခဲ့ပါတယ်။ သူ့အရိုက်အရာခံမယ့်သူကို ရွေးချယ်တဲ့အခါ သူ့ရဲ့သား ဖြစ်သူ ချီ (啓 Qi) ကို ရွေးချယ်ခဲ့ပါတယ်။ တကယ်တော့ ယွီ က သူ့ရဲ့သားကို ထီးနန်းရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကြားမှာ မထားလိုပါဘူး။ ဒါကြောင့် သူ့သားကို နန်းလျာအဖြစ် မရွေးချယ်ဖို့ သူ့ မှူးကြီးမတ်ရာတွေကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ယွီ ‌တူးမြောင်းတူးတဲ့ ၁၃ နှစ်တာကာလအတွင်း ချီ လေးဟာ ဖခင်ရဲ့ မေတ္တာငတ်မွတ်ခဲ့တာကို နားလည်ခံစားမိတဲ့ ပြည်သူတွေက ချီ ကို နောက်တက်မယ့် ဧကရာဇ် ဖြစ်စေချင်ခဲ့တာမို့ မငြင်းဆန်နိုင်ဘဲ နန်းလျာထားခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီမှာ ဘုရင်သေရင် သားက ဘုရင်ဆက်ဖြစ်တဲ့ မင်းဆက် (dynasty) စနစ် စပေါ်ပေါက်လာတယ်လို့ မှတ်သားရပါတယ်။ 

ယွီ ရဲ့ ဇာတ်လမ်းကို ကြည့်ရင် ပြည်သူတွေဟာ ပြည်သူအတွက် အမှန်တကယ် အနစ်နာခံတဲ့သူ၊ စွမ်းဆောင်ရည် မြင့်မားသူတွေကိုသာ အစိုးရအဖြစ် မြင်လိုတယ် ဆိုတဲ့ သတင်းစကားကို အထင်းသား တွေ့နေရပါတယ်။ မျက်မှောက်ခေတ် တရုတ်ပြည်ရဲ့ နိုင်ငံရေးမှာ လမ်းပြအဆိုအမိန့်အဖြစ် လက်ခံထားကြတဲ့ "ပြည်သူ့အကျိုးဆောင်ကြ (为人民服务 - Wéi rénmín fúwù - Serve the People)" ဆိုတဲ့ အယူအဆဟာ ယွီ ရဲ့ ရှခေတ် ထူထောင်ခန်း အပါအဝင် တရုတ်ပြည်ရဲ့ အနှစ် ၄၀၀၀ ကျော် သမိုင်းက စစ်ထုတ်ပေးတဲ့ အယူအဆတရပ် ဖြစ်ပါလိမ့်မယ်။ 

ဒီဇာတ်လမ်းမှာ နောက်ထပ်မြင်ရတဲ့ အချက်ကတော့ ဘာကြောင့် တရုတ်တွေဟာ အခြေခံအဆောက်အအုံ (infrastructure) တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်ရသလဲ ဆိုတဲ့ သမိုင်းနောက်ခံပါ။ မဟာတံတိုင်းကြီး (the Great Wall of China) ကို ခဏထားလို့၊ ရှခေတ်ကတည်းက အခြေခံအဆောက်အအုံကို ထုနဲ့ ထည်နဲ့ ဆောက်လုပ်ဖို့ စိတ်အားထက်သန်ခဲ့တာကို ယွီ ရဲ့ ဇာတ်လမ်းမှာ တွေ့ရမှာပါ။ 

အိပ်ရာဝင်ပုံပြင်အဖြစ်ပဲ ဖြစ်ဖြစ်၊ သမိုင်းအချက်တစ်ခုအဖြစ်နဲ့ပဲ ဖြစ်ဖြစ်၊ ယွီ ရဲ့ ဇာတ်လမ်းမှာ မှတ်သားစရာတွေ အများအပြားပါပဲ။ မျက်မှောက်ခေတ်အတွက် မဖြစ်မနေ ထုတ်ယူရမယ့် သင်ခန်းစာကတော့ "ပြည်သူ့အကျိုး ဆောင်ကြ" ဆိုတဲ့ အချက်ဖြစ်တယ်လို့ ယူဆမိကြောင်းပါ။ 

~~~~~~~~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar