Breaking News

မောင်သော်တာ - သုညမိုင်

သုညမိုင်
မောင်သော်တာ
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၄

တိတ်ဆိတ်မှုဟာ ပြူးကြောင်ကြောင် ကြောင်မျက်လုံးနဲ့ ကားမှန်ပြတင်းပေါက်ကို ပြေးတိုက်တယ်
သံဆူးကြိုးမှာ အကြွေပန်းတွေချိတ်ထားတဲ့ ပန်းသည်လေးလို 
အဝေးပြေးလမ်းနံဘေးကွန်ဂရစ်တုံးပေါ်အိပ်လို့
တောကောင်သားတွေရတဲ့ထမင်းဆိုင်လေးလည်း မီးခိုးတလူလူ
သူတို့မော့ကြည့်နေတဲ့ကောင်းကင်
မီးပျက်နေတော့ ရေမတင်ဖြစ်ဘူးဆိုတာ 
ပုဂံမှာ မြစ်ကမ်းပါးပြိုတယ်ဆိုရင် ကောက်ချက်အမှားပဲ
ထမင်းအိုးကို လေယာဉ်သံဆိတ်မှ တည်ဖြစ်တယ်ဆိုတာက ခေတ်ပေါ် ဗန်းစကားဖြစ်လာတယ်
ရယ်စရာကောင်းတဲ့ပြက်လုံးတွေထဲမှာ ဘဝတွေတပြုံကြီးမြှုပ်ထားရတယ်တဲ့လားကိုငြိမ်းမောင်
ဇာတ်လမ်းတွဲတွေရဲ့အထာအတိုင်း နောက်ထပ်အပိုင်းသစ်တွေကို ကြံဖန်လီဆည်တဲ့အောက်မှာ
ပရိသတ်တွေ လည်စင်းခံနေကြရတယ်
အဝေးပြေးလမ်းမတွေဟာ ဒီသုညမိုင်က စပြီး ခေါင်းထိုးပြေးထွက်ကြတာ ဟုတ်ပါရိုးလား
အရွေ့မရှိဘူး
ခရီးဆုံးမဟုတ်ဘူး
တိုင်မင် စမှတ်တာလည်း မဟုတ်ဘူး
ခရီးသည်တစ်ယောက်ချင်းစီရဲ့ ပြေးလမ်းမှာ ပန်းဝင်ကြိုးမရှိဘူး
နေဝင်ချိန် နေထွက်ချိန်ကို 
ကိုယ့်နည်းကိုယ့်ဟန် သတ်မှတ်ကြတဲ့တိုင်းပြည်တွေကို 
ငုံ့ကြည့်နေတဲ့ မီးတောက်ဂြိုလ်ဟောင်းတစ်လုံးလို
ပန်းရံဆရာတစ်ယောက်ရဲ့ သရိုးနဲ့ရေးထားတဲ့မိုင်တိုင်လို
ပွင့်လင်းရာသီရောက်တဲ့အခါ 
လူစွန့်စားတွေ ပြည်တော်ဝင်မယ့်မြို့တော်ကြီးဆီ သူနဲ့အတူထိုင်ငေးကြမလား

jan 4.2024
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar