ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉
Painting of Yi yin during the reign of Qianlong Emperor of the Qing dynasty |
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉
(မိုးမခ) ဇန်နဝါရီ ၁၉ ၊ ၂၀၂၄
မင်းမိုက် နဲ့ ပြည်ကျိုးဆောင်အမတ်အို
ရှန်းခေတ်ရဲ့ သမိုင်းမှာ ဧကရာဇ် ဦးရေ ၂၉-၃၀ လောက် အုပ်စိုးသွားပေမယ့် တစ်ဦးချင်းအကြောင်း သီးသန့် ကျယ်ကျယ်ပြန့်ပြန့် ပြောကြတာတော့ သိပ်မတွေ့ရပါဘူး။ အကျယ်တဝံ့ မှတ်တမ်းအတင်ခံရသူတွေကတော့ ရှန်းခေတ် ထူထောင်သူ ထန် ဧကရာဇ်နဲ့ ရှန်းခေတ်ရဲ့ နောက်ဆုံးဧကရာဇ် တိရှင်း တို့အကြောင်းပါ။
သူတို့နှစ်ယောက်ကလွဲရင် နောက်ထပ် ထူးထူးခြားခြား လူပြောများတာက ထိုက်ကျာ နဲ့ ဝူတင်း ဧကရာဇ်တွေပဲ ဖြစ်ပါတယ်။ ထိုက်ကျာ အကြောင်း နည်းနည်း လေ့လာကြည့်ရအောင်ပါ။
ရှန်းခေတ်ကို တည်ထောင်တဲ့ ထန် လွန်ပြီးတဲ့နောက် သူ့ရဲ့ သားတွေ နန်းတက်ပါတယ်။ အဲဒီသား နှစ်ယောက်စလုံးဟာ နန်းသက် သိပ်မကြာလှဘဲ သေဆုံးကုန်ကြတယ်လို့ ဆိုပါတယ်။ သားကြီး ဖြစ်သူဟာ နန်းစံသွားသလား၊ မစံသွားသလား ဆိုတာတောင် သမိုင်းအစောင်စောင်မှာ မတူကွဲပြားစွာ မှတ်တမ်းတင်ကြပါတယ်။ သူတို့နောက်မှာ ထန်ရဲ့ မြေးဖြစ်သူ ထိုက်ကျာ (太甲Tai Jia) နန်းတက်ပါတယ်။ ရှန်းခေတ် ထူထောင်ဖို့ ထန် ကို အကြံပေးခဲ့တဲ့ အမတ်ကြီး ယိယင် ဟာ ထိုက်ကျာ လက်ထက်အထိ မင်းတိုင်ပင် အမတ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့် မင်းလေးဆက် တာဝန်ထမ်းဆောင်တဲ့ အမတ်လို့ မှတ်တမ်းပြုရတာပါ။
ထိုက်ကျာဟာ ပြည်သူအပေါ် မတော်မတရား ဆက်ဆံပြီး၊ သူ ထုတ်တဲ့ဥပဒေကို သူကိုယ်တိုင် ပြန်ချိုးဖောက်တတ်တဲ့သူမျိုးလို့ ဆိုပါတယ်။ စစ်မာချန်း ရဲ့ မှတ်တမ်းအရ၊ ထိုက်ကျာရဲ့ မှားယွင်းမှုတွေကို အမတ်ချုပ်ကြီး ယိယင် က သတိပေးခဲ့ပြီး ပြုပြင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ထိုက်ကျာဟာ ယိယင်ကို သက်ကျားအိုကြီးဆိုပြီး မလေးစားခဲ့သလို၊ ပြုပြင်ပြောင်းလဲမှုလည်း မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
မတတ်သာတဲ့အဆုံး ပြည်သူ့အကျိုးအတွက် ယိယင်က ထိုက်ကျာကို ပလ္လင်ပေါ်ကာ ဆွဲချပစ်လိုက်ပြီး တိုင်းပြည်က နှင်ထုတ်လိုက်ပါတယ်။ ဒီဘက်ခေတ်မှာသာဆိုရင် အာဏာသိမ်းတာလား၊ အာဏာထိန်းတာလား အငြင်းပွားစရာပါပဲ။
သုံးနှစ်ကြာအောင် ယိယင် က ထီးနန်းကို ထိန်းသိမ်းထားခဲ့ပြီး၊ သုံးနှစ်ပြည့်လို့ ထိုက်ကျာ ဟာ အမှားကို သိမြင်ပြီး ပြုပြင်ပြောင်းလဲနေပြီလို့ ယူဆရတဲ့အချိန်ကျမှ နန်းတော်ကို ပြန်ပင့်ဖိတ်ပြီး ထီးနန်းကို ပြန်အပ်တယ်လို့ ဆိုပါတယ်။ အဲဒီကစလို့ ထိုက်ကျာလည်း မင်းကျင့်တရားတွေနဲ့အညီ အုပ်ချုပ်သွားပါတယ်။ နောင် ဆယ်နှစ်အကြာမှာ ယိယင် က နိုင်ငံရေးကနေ အနားယူသွားတယ်လို့ စစ်မာချန်း က မှတ်တမ်းတင်ပါတယ်။
ဒါပေမဲ့ အခြားမှတ်တမ်းတစ်စောင်ဖြစ်တဲ့ Bamboo Annals (竹書紀年Zhúshū Jìnián )ရဲ့ မှတ်တမ်းကတော့ နည်းနည်း ကွဲပြားတယ်လို့ ဆိုပါတယ်။ ( Bamboo Annals ဆိုတာကတော့ ဘီစီ ၂၉၆ မှာ သေဆုံးခဲ့တဲ့ ဝေနိုင်ငံ (State of Wei) ဘုရင် ရှန်း (魏襄王Xiang) ရဲ့ ဂူဗိမာန်ကို တူးဖော်ရာမှာ တွေ့ရှိခဲ့တဲ့ သမိုင်းမှတ်တမ်းတစ်စောင် ဖြစ်ပါတယ်။) အဲဒီမှတ်တမ်းအရတော့ ယိယင် ဟာ ခုနစ်နှစ်ကြာတဲ့အထိ ထီးနန်းကို ဆက်ယူထားတယ်လို့ ဆိုထားပါတယ်။ အဲဒီနောက် ထိုက်ကျာ ပြန်ရောက်လာပြီး ယိယင်ကို သတ်ပစ်လိုက်တယ်လို့ ဆိုထားတာပါ။
ရှေးဟောင်းသုတေသန တူးဖော်မှုက ရရှိတဲ့ အထောက်အထားတွေအရ ယိယင် သေဆုံးပြီး နှစ်ပေါင်းအတော်ကြာတဲ့အထိ ရှန်းခေတ်ပြည်သူတွေက ယိယင် ကို ပူဇော်ပသမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်ဆိုတာကို တွေ့ရတာမို့၊ Bamboo Annals ထက် စစ်မာချန်းရဲ့ သမိုင်းက ပိုပြီး မှန်နိုင်တယ်လို့ မျက်မှောက်ခေတ် သမိုင်းသုတေသီတွေက သုံးသပ်ကြ ပါတယ်။
အမတ်ချုပ်ကြီး ယိယင်ဟာ အာဏာထိန်းတာဖြစ်ဖြစ်၊ အာဏာသိမ်းတာဖြစ်ဖြစ်၊ သေချာတာကတော့ ပဒေသရာဇ်ခေတ်မှာမို့ ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ မင်းအစိုးရထံက အာဏာကို ရယူခဲ့တာတော့ မဟုတ်ပါဘူး။ ယိယင် လို လူမျိုး ဒီနေ့ခေတ်မှာ ပေါ်ပေါက်လာခဲ့ရင်လည်း ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရ ဆီကတော့ အာဏာထိန်းတာ၊ အာဏာသိမ်းတာတွေ လုပ်မယ့်ပုံ မပေါ်ပါဘူး။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့အစိုးရများဟာလည်း ပြည်သူကို မျက်နှာမူရတာမို့ ပဒေသရာဇ်တွေ၊ အာဏာရှင်တွေလို အမှားကျူးလွန်ဖို့၊ ပြည်သူကို နှိပ်စက်ဖို့ သိပ်ပြီး မလွယ်ကူလှပါဘူး။ တကယ်လို့ အဲဒီ အစိုးရတွေက မှားနေတယ်ဆိုရင်တောင် ၂၁ ရာစု ယိယင် က ဝေဖန်အကြံပေးရင် နားသိပ်မဝေးနိုင်ပါဘူး။ ပြန်လည်ဆန်းစစ်ဝေဖန်တာ၊ ပြုပြင်တာတွေ လုပ်ကြမှာပါပဲ။
စစ်မာချန်းရဲ့ သမိုင်း မှတ်တမ်းအရ မှန်းဆရတာကတော့ ယိယင် ဟာ အာဏာကို ရယူကျင့်သုံးတဲ့အချိန်မှာ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ခဲ့သလို ပြည်သူအကျိုးကိုလည်း ဆောင်ခဲ့ပုံ ရပါတယ်။ ဒါကြောင့်သာ နှစ်ပေါင်းများစွာကြာအောင် ရှန်းပြည်သူတွေက သူ့ကို ပူဇော်ပသနေကြတာ ဖြစ်ပါလိမ့်မယ်။ ဧကရာဇ်ဆီက အာဏာကို ယူထားပြီး တိုင်းပြည်ကို စုတ်ပြတ်သတ်သွားအောင် အုပ်ချုပ်သွားရင်တော့ အဲဒီလို အကြည်ညိုမျိုး ဘယ်မှာ ခံရပါ့မလဲ။ ဒါ့အပြင် စစ်မာချန်း ရဲ့ သမိုင်းမှတ်တမ်းအရ ယိယင် ဟာ အမှန်တကယ် လိုအပ်တာတွေ ဆောင်ရွက်ပြီးတဲ့နောက် သုံးနှစ်အကြာမှာ ထိုက်ကျာ ကို ပြန်ခေါ်လာပြီး ထီးနန်းလွှဲအပ်ပေးခဲ့တာ တွေ့ရပါသေးတယ်။
ထိုက်ကျာရဲ့ သမိုင်း၊ ယိယင်ရဲ့ သမိုင်းတွေက တဆင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်က တရုတ်လူ့အဖွဲ့အစည်းရဲ့ အာဏာအပေါ် သဘောထား၊ အာဏာကို ကျင့်သုံးပုံ ဆိုတာတွေကို စောကြောလေ့လာကြည့်နိုင်ပါတယ်။ “မိမိကိုယ်ကိုယ် ပြန်လည်ဝေဖန်ခိုင်းတာ” “အမှားပြင်ဆင်ခိုင်းတာ” စတဲ့ အနီးခေတ် တရုတ်နိုင်ငံရေးမှာ တွေ့ရတဲ့ ကျင့်သုံးပုံတွေဟာ အဲဒီသမိုင်းကြောင်းတွေနဲ့ ဆက်စပ်နေမလား ဆိုတာကိုလည်း တွေးတောကြည့်စရာ ကောင်းလှပါတယ်။
တချိန်တည်းမှာ မင်းမိုက် နဲ့ ပြည်ကျိုးဆောင်အမတ်အို တို့ရဲ့ သမိုင်းဇာတ်ကြောင်းလေးဟာ နှောင်းလူတွေအတွက် ထုတ်ယူဆင်ခြင်စရာ သင်ခန်းစာတွေ ပြည့်နှက်လို့ နေပါတယ်။
~~~~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar