ကရင်စစ်ဘေးရှောင် ၇ သိန်းထိရှိလာ၊ ၂၀၂၄ ခုနှစ်မှာ ဘာတွေ ဖြစ်လာနိုင်သလဲ
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၉ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၄
ကရင်စစ်ဘေးရှောင် ၇ သိန်းထိရှိလာ၊ ၂၀၂၄ ခုနှစ်မှာ ဘာတွေ ဖြစ်လာနိုင်သလဲ
လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း ကရင်စစ်ဘေးရှောင် ဦးရေ ၇ သိန်းထိ ရှိလာတယ်လို့ ကေအန်ယူ က ထုတ်ပြန်လိုက်ပါတယ်။ ကရင်လူမျိုးတွေ နေထိုင်ကြတဲ့ ကေအန်ယူ အုပ်ချုပ်ရေးအရ သတ်မှတ်ထားတဲ့ ခရိုင် ၇ ခုအတွင်းမှာ ပြီးခဲ့တဲ့ ၃ နှစ်နီးပါးအတွင်း စစ်ဘေးရှောင် အရေအတွက် ထိုးတက်ခဲ့တာ ဖြစ်ပါတယ်။ မိမိတို့နေအိမ်မှ စွန့်ခွာပြီး တောထဲတောင်ထဲ သို့မဟုတ် တိုက်ပွဲလွတ်ရာ မြို့တွေ၊ ရွာတွေ၊ အိမ်နီးချင်း နိုင်ငံနယ်နိမိတ်အတွင်းထိ ထွက်ပြေးတိမ်းရှောင်ရသူတွေ အရေအတွက်ကို ကောက်ယူထားတာ ဖြစ်ပါတယ်။ ကေအန်ယူရဲ့ အုပ်ချုပ်ရေး နယ်မြေ သတ်မှတ်မှုအရ ညောင်လေးပင် ခရိုင်၊ တပ်မဟာ ၃ ဧရိယာမှာ စစ်ဘေးရှောင် အများဆုံးဖြစ်ပြီး ၂ သိန်းခွဲ နီးပါးရှိတာဖြစ်ပါတယ်။ ဒုတိယအများဆုံးက တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်ဖြစ်ပြီး ၁ သိန်းခွဲနီးပါး ရှိတာဖြစ်ပါတယ်။ ကျန်တဲ့ စစ်ဘေးရှောင်အရေအတွက်ကတော့ သထုံခရိုင်၊ မူတြော်ခရိုင် စတဲ့ ဒေသတွေ မှာဖြစ်ပါတယ်။ အစိုးရဘက်က အုပ်ချုပ်ရေး နယ်မြေအရဆိုရင်တော့ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် တို့မှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ၃ သန်း ၆ သိန်းခန့်ရှိတယ်လို့ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံတွင်းရှိတဲ့ ကရင်လူဦးရေအနက် စစ်ဘေးရှောင် ဦးရေ ၇ သိန်းထိ ရောက်ရှိလာတာဟာ ကရင်လူမျိုးရဲ့ ၅ ပုံတပုံက စစ်ဘေးရှောင်နေရတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ၁၀ နှစ်နီးပါး လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရပ်စဲပြီး ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံလူထုရဲ့ လူနေမှု အဆင့်အတန်းမြင့်မားလာဖို့၊ ပညာရေး၊ လူမှုရေး မြင့်မားလာဖို့ ကေအန်ယူ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ကာလတခုထိ ကြိုးပမ်းခဲ့ကြပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက ဒီအခြေအနေတွေကို အားလုံး ပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်စေခဲ့ပါတယ်။
မြို့ရွာတွေက ထွက်ပြေးတိမ်းရှောင်ရတာတွေ၊ အသက်သေဆုံးရတာတွေ၊ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးရတဲ့ ဖြစ်ရပ်တွေက သိန်းနဲ့ချီတဲ့ ဒေသခံတွေ ကြုံတွေ့နေရတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်နေကြရတာကြောင့် ပညာ မသင်ကြားနိုင်တဲ့ ကျောင်းသား အရွယ် လူငယ်သိန်းနဲ့ချီရှိမယ်လို့ ခန့်မှန်းရပါတယ်။
မြန်မာတနိုင်ငံလုံးမှာ စစ်ဘေးရှောင် ၂ သန်းခွဲကျော်ထိ ရောက်ရှိလာတယ်လို့ မကြာသေးခင် လပိုင်းအတွင်းက ကုလသမဂ္ဂ အဖွဲ့အစည်းက ထုတ်ပြန်ကြေညာခဲ့ပြီး ကရင်လူမျိုးတွေက စစ်ဘေးရှောင် အရေအတွက် စုစုပေါင်းရဲ့ ၄ ပုံတပုံထိ ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကေအန်ယူ အနေနဲ့ စစ်ပွဲတွေ ဖေါ်ဆောင်တဲ့အခါ အကျိုးဆက်အဖြစ် ပေါ်ထွက်လာနိုင်တဲ့ စစ်ဘေးရှောင် အရေးကို အစဥ်အမြဲထည့်သွင်းစဥ်းစား ရတဲ့အကြောင်း ကေအန်ယူ ခေါင်းဆောင်တဦးက သတင်းမီဒီယာကို ပြောဆိုထားတာ တွေ့ရပါတယ်။ တဖက်စစ်တပ်အနေနဲ့ ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာတွေကို ရန်သူကို ထောက်ခံအားပေးသူတွေ အဖြစ် သတ်မှတ်ကာ ကျေးရွာတွေ ဖျက်ဆီးတာ ဒုက္ခကြုံအောင် လေကြောင်းက တိုက်ခိုက်တာ၊ ရန်သူတပ်တွေတင်မကပဲ လူနေကျေးရွာတွေကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်လေ့ရှိပြီး စစ်ပွဲရဲ့ အကျိုးသက်ရောက်မှုကြီးမားအောင် စစ်ကောင်စီ တပ်တွေက ဗျူဟာတရပ် အနေနဲ့ လုပ်ဆောင်တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ ကေအန်ယူ အနေနဲ့ တဖက်မှာ စစ်ရေးအရ တိုက်ခိုက်နေစဥ်မှာပင် စစ်ဘေးရှောင်တွေရဲ့ လုံခြုံမှုရှိဖို့ အရေးပေါ် ရိက္ခာအကူအညီ ရရှိဖို့ ကိုလည်း တဖက်က တာဝန်ရှိနေပြီး ကူညီဆောင်ရွက်ရတဲ့ အနေအထားဖြစ်ပြီး စစ်ဘေးရှောင်တွေကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေလို နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေ အနေနဲ့ လွတ်လပ်စွာ အကူအညီပေး ခွင့်လည်း မရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီမှာ သဘောတူခဲ့တဲ့ အာဆီယံရဲ့ မူ ၅ ချက်အနက် လွတ်လပ်စွာ လူသားချင်းစာနာမှု အကူအညီပေးဖို့ ခွင့်ပြုရေးက အချက်တချက် အနေနဲ့ ပါဝင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း ကူညီခွင့်မရခဲ့တာ တွေ့ရမှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်က လက်နက်ကိုင် တိုက်ပွဲတွေမှာဆိုရင် အခြားသော ဒေသတွေထက် ပိုမိုဆိုးရွားတဲ့ ပိတ်ဆို့ဖြတ်တောက်မှုကို စစ်ကောင်စီက ချမှတ်ခဲ့ပြီး လူဦးရေ သန်းနဲ့ချီရှိတဲ့ ရခိုင်ပြည်နယ် တခုလုံးကို အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ လောင်စာဆီ ၊ ဆေးဝါးတွေ တင်သွင်းခွင့်မပြုပဲ ပိတ်ဆို့ထားပြီး လက်နက်ကိုင် တိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လို ဖြစ်စဥ်မျိုး သာဓကမျိုး ခုဖြစ်ရပ်မတိုင်ခင် တကြိမ်မျှ မကြုံခဲ့ကြဖူး ပါဘူး။ အကျယ်ပြန့်ဆုံး အတိုင်းအတာနဲ့ ပိတ်ဆို့ထားပြီး လူသားချင်းစာနာမှု အကူအညီတောင် မဟုတ်တဲ့ ဒေသတွင်း ကုန်စည်ဖလှယ်မှုနဲ့ အသက်မွေးဝမ်းကျောင်းမှုကိုပါ ကန့်သတ်ပိတ်ဆို့ထားတဲ့ သဘောဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ကို ချင်းနင်းဝင်ရောက်လာတာ သီတင်း ၂ ပတ်ကျော်ရှိလာချိန်မှာ အခုလက်ရှိ ရောက်ရှိနေတဲ့ အခြေအနေတွေ နဲ့ ဒီနှစ်အတွင်း ဖြစ်နိုင်ခြေ အလားအလာတွေကို မှန်းဆကြည့်တဲ့အခါ စစ်ပွဲတွေပိုမိုကျယ်ပြန့် စွာဖြစ်ပွားလာနိုင်တဲ့ အနေအထားလို့ ယေဘုယျ အားဖြင့် ဆိုနိုင်ပါတယ်။ ရှမ်းမြောက်က သိမ်းယူထားတဲ့ မြို့တွေကို ပြန်တိုက်ခိုက်သိမ်းယူဖို့ စစ်ကောင်စီက ကြိုးစားတာတွေ ဖြစ်နိုင်သလို သို့မဟုတ် ရှမ်းမြောက်မှာ ကျန်ရှိနေသေးတဲ့ မြို့တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သိမ်းယူဖို့ ကြိုးပမ်းမှုတွေလည်း ဖြစ်နိုင်ခြေပိုများတာ မှန်းဆရပါတယ်။ ရှမ်းမြောက်တင်မကပဲ ရှမ်းတောင် ဒေသအထိ လက်နက်ကိုင် တိုက်ပွဲတွေ ပျံ့နှံ့လာကောင်း ပျံ့နှံ့လာနိုင်ပါတယ်။ ကရင်နီဒေသမှာ KNDF, KNPP တို့ အနေနဲ့ ဖယ်ခုံ၊ မိုးဗြဲ အပြင် လွိုင်ကော်မြို့ကို သိမ်းယူနိုင်ခဲ့ရင် ဆက်စပ်နေတဲ့ဒေသတွေကို နောက်ထပ် တိုက်ခိုက်သိမ်းယူတာတွေ ဖြစ်လာနိုင်ပါတယ်။ ရခိုင်ပြည်နယ်က အပြင်းအထန် တိုက်ခိုက်မှုတွေက တော်ရုံနဲ့ ရပ်တန့် သွားဖိုမမြင်သေးသလို ချင်းပြည်နယ် နဲ့ ကချင်ပြည်နယ်တို့မှာလည်း လက်နက်ကိုင် တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ မှန်းဆရတာ ဖြစ်ပါတယ်။
ခြုံပြီး ကောက်ချက်ချရရင် ၂၀၂၄ ဟာ တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာပြီး စစ်ကောင်စီတပ်တွေရဲ့ ထိန်းချုပ်မှုဧရိယာ တဖြည်းဖြည်း ကျဥ်းမြောင်းလာနိုင်သလို မြို့တွေရွာတွေလည်း တိုက်ပွဲတွေ အတွင်း ပျက်စီးဆုံးရှုံးမှုတွေ ပိုမိုကြုံတွေ့လာရမယ့် အနေအထားဖြစ်ပြီး စစ်ဘေးရှောင် အရေအတွက်က ထပ်မံတိုးမြင့်လာမယ့် အနေအထားက ထင်ရှားနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗမာလူမျိုးများ အခြေပြုနေထိုင်တဲ့ ဒေသခံတွေ၏ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အင်အားတွေ ပျံ့ကျဲနေတဲ့ စစ်ကိုင်း၊ မကွေးဒေသတွေမှာလည်း စစ်ကောင်စီတပ်တွေက အမြဲ စစ်ကြောင်းထိုး ဖြတ်တောက် တိုက်ခိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ပြီး တော်လှန်ရေးလက်နက်ကိုင်အင်အားတွေ စုစည်းမလာနိုင်အောင် အစွမ်းကုန် ဆက်လုပ်မယ့် ဗျုဟာတွေလည်း ရှိနေတာ မြင်နေရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar