Breaking News

လင်းလက်နွေဦး - ရွာပုံရိပ် တရေးရေး

ရွာပုံရိပ် တရေးရေး 
လင်းလက်နွေဦး
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၄

ညီမလေးက
"အထည်ချုပ်စက်ရုံရဲ့
ခေါင်းပုံအဖြတ် မခံနိုင်တော့ဘူး"ဆိုတော့
အဖေက 
သူ့နွားလေးကို ကုလားလက်ထဲ ထိုးအပ်
လှန်ကြိုးတစ်ချောင်း ကိုင်
ချည်တိုင်မှာ ငိုင်ငိုင်ကြီး ရပ်ကျန်ခဲ့ပေါ့။ 

"မြို့တက် ဆီတိုးတောင်
နေ့တွက်တစ်သောင်းကိုးထောင် ရနိုင်ပါတယ်ဟယ်" တဲ့
ရေတိုစီမံကိန်းနဲ့
အမေက အားပေးရှာတယ်။ 

တလမ်းဝင် တလမ်းထွက်
မြို့ပတ်နေကျ
ပဲပြုတ်သည်မလေးအဖြစ်
ဇာတ်ကနေရတဲ့ အစ်မကြီးခမျာ
အထပ်ထပ်ဆို့ပိတ်ထားတဲ့ ဂိတ်တကာကို
မဖြတ်ဝံ့ရှာလို့
ရွာပြန်လာခဲ့ပေါ့။ 

ရှိသမျှလယ် ပေါင်
တထုတ်တည်း ထုတ်နေရတဲ့ ရေတင်တရုတ်စက်နီလေး ပေါင်
ပွဲစားရဲ့ နောက်ဆုံးအရစ်ကို
လှည်းပေါင်ဆပ်လိုက်ရပေမယ့်
အစ်ကိုလေးခမျာ
တရားဝင်အလုပ်သမား မဖြစ်နိုင်ရှာ
အမိမြန်မာပြည်ကို
ခိုးဝင်လာတော့မယ်တဲ့။ 

နေ့တိုင်း ညည်းတဲ့
ခိုဝင်စားအစ်ကိုကြီး
အမေ့အိမ်ကို ပြန်ကြည့်ပြီး 
ထပ်မညည်းနိုင်ရှာ၊
အူစိုတတ်တဲ့ အမေ့လက်ရာထမင်းဝိုင်းမှာ
ရှူးရှဲလက်ဖက်နှပ်တစ်ခွက်သာ
ပင်တိုင်ဟင်းလျာဖြစ်လာချိန်
အမေ့မြေး သူ့သားသမီးတွေနဲ့
အရင်လို မစည်ကားတော့။ 

"ငါလည်း မင့်လို ကုန်ထမ်းမယ် လာခေါ်"
အဖေ့ရာဇသံကို 
ဆွေးနွေးညှိနှိုင်းဖို့ သံအမတ်အဖြစ်
ထွေးညိုကို ခန့်အပ်ထားတယ်၊
တစ်နှစ်တခါ ရွာမပြန်နိုင်သူ ကျနော်
မြို့ဆိုတာ
ဘယ်တော့မှ မိုးမခေါင်ဘူး ပြောတတ်သူ ကျနော်
အထမ်းကနေ လက်တွန်းလှည်း
နောက်... ဆိုက်ကား သုံးဘီး အိုးဝေ
အိပ်မက်တလှေကြီးနဲ့ ကျနော်
အဝေးကနေ ရွာကို မျှော်ငေးကြည့်နေရုံပဲ။ 

၅.၁.၂၀၂၄ 
နေ့လည် ၁:၅၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar