လူ့အသက်နဲ့ ပိုင်ဆိုင်မှု ဆုံးရှုံးမှုများ သို့မဟုတ် စစ်ပွဲရဲ့ အရင်းအနှီး နဲ့ မျှော်လင့်ချက်
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၀ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၄
လူ့အသက်နဲ့ ပိုင်ဆိုင်မှု ဆုံးရှုံးမှုများ သို့မဟုတ် စစ်ပွဲရဲ့ အရင်းအနှီး နဲ့ မျှော်လင့်ချက်
နေ့စဥ်သတင်းခေါင်းစဥ်များက အရပ်သားများ အသက်ဆုံးရှုံးသည့် သတင်း၊ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ထောင် သောင်းချီပြီး ထွက်ပြေးတိမ်းရှောင်ရသည့် သတင်း၊ လက်နက်ကိုင် အဖွဲ့များက တိုက်ခိုက်သိမ်းယူရန် ကြိုးပမ်းနေသည့် မြို့များတွင် မြို့ခံ လူထု ပိတ်မိနေသည့် သတင်း၊ စစ်ကောင်စီ တပ်တွေ ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် အရပ်သားများ အသက်ဆုံးရှုံးရသည့်သတင်း၊ လက်နက်ကြီးကျည်ကျ၍ ဖြစ်စေ၊ အခြားအကြောင်း တခုခုကြောင့်ဖြစ်စေ မြို့လူနေအိမ်၊ စျေးများ မီးလောင်ပျက်စီးသည့် သတင်းများက သတင်းခေါင်းစဥ်၏ ၅၀ ရာနှုန်းကျော်ကို နေရာယူထားကြသည်။
စစ်ကောင်စီတပ်တွေ တိုက်ပွဲရှုံး၍ ဆုတ်ခွာသည့်သတင်း၊ အသက်ဆုံးရှုံးကြသည့်သတင်း၊ လက်နက်ချသည့် သတင်းနှင့် တဖက်တွင်လည်း လေကြောင်းမှ တိုက်ခိုက်မှု၊ တိုက်ပွဲဖြစ်ပွားရာသို့ အခြား စစ်စခန်း၊ တပ်ရင်းများမှ လက်နက်ကြီးများ ဒုံးများဖြင့် ကူညီပစ်ခတ်သည့် သတင်းများက အထက်က ဖေါ်ပြခဲ့သည့် သတင်းခေါင်းစဥ်များ အပြင် ကျန်သည့် အကြောင်းအရာများ ဖြစ်နေကြသည်။
မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ကို ရှမ်းမြောက်ဒေသတွင် အပစ်ရပ်စဲဖို့ တရုတ်နိုင်ငံ၏ ကမကထလုပ်ကာ အတိုင်းအတာတခုထိ ဖိအားပေးကာ အပစ်ရပ်စေမှုကြောင့် ရှမ်းမြောက် တကြောတွင် တိုက်ပွဲများ အရှိန်တန့်သွားသော်လည်း အဆိုပါ အပစ်ရပ်တွင် မပါဝင်သည့် ကေအိုင်အေအဖွဲ့က စစ်ကောင်စီစခန်းနဲ့ မြို့တွေကို အရှိန်မြှင့်တိုက်ခိုက်လာသည့် သတင်းတွေ ယခုရက်ပိုင်းမှာ ပိုတွေ့လာရသည်။ နမ့်ဖတ်ကာ ကျေးရွာအနီးက စစ်ကောင်စီစခန်း၊ မိုးမိတ်မြို့၊ မဘိမ်း၊ ဖားကန့် ဝှေခါမှော်၊ ဆိုင်းတောင်နှင့် ရှမ်းမြောက်နှင့် ကချင်ပြည်နယ် နယ်စပ် မန့်ဝိန်းကြီးကျေးရွာအနီးက စစ်ကောင်စီစခန်းကို သိမ်းယူတဲ့ သတင်း၊ AA လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ် ပေါက်တောမြို့ သိမ်းယူနိုင်ပြီဆိုတဲ့ သတင်းတွေ တွေ့နေရသည်။
ယခုလပိုင်းတွေ အတွင်း စစ်ကောင်စီထိန်းချုပ်ထားခဲ့သည့် မြို့တွေဒါဇင်နဲ့ချီ ဆုံးရှုံးရသလို စစ်စခန်းရာဂဏန်းနဲ့ချီ လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီကို ထောက်ခံသူတွေဘက်မှာလည်း ခေါင်းဆောင်မှုနှင့် စစ်ရေး ကျွမ်းကျင် နားလည်မှုအပိုင်း ကို မေးခွန်းထုတ်လာကြပြီး မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုကို လဲလှယ်ဖို့အထိ ထုတ်ပြောလာကြသည့် အနေအထား ဖြစ်လာသည်။
ကုန်လွန်ခဲ့သည့် ၂ နှစ်ခွဲကျော်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွေ၊ စစ်ပွဲတွေကို ပြန်ငဲ့ကြည့်လျင် လက်ရှိဖြစ်ပွားနေသည့် အရှိန်အဟုန်က အမြင့်ဆုံး အနေအထားဟု ဆိုနိုင်သည်။ သည့်ထက်ပို၍ အရှိန်အဟုန်နှင့် တိုက်ခိုက်ကြဦးမည့် အလားအလာလည်း မြင်တွေ့နေရသည်။ မြို့တွေ စခန်းတွေ တိုက်ခိုက်အောင်မြင်ခြင်းက စစ်ကောင်စီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေကို စိတ်ဓါတ်တက်ကြွစေသည်။ လက်နက် ခဲယမ်းသာ လုံလောက်အောင် ရှိနေပါက ဒိထက်ပိုအရှိန်မြင့်လာစရာ ရှိသည့် အနေအထားလည်း ဖြစ်သည်။ စစ်ကောင်စီ တပ်ရင်းတွေ၊ စစ်ဆင်ရေး ဌာနချုပ်၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်တွေဆီက လက်နက် အမျိုးမျိုး နှင့် ခဲယမ်းများ သိမ်းဆည်းရခဲ့သည့် သတင်းများတွင် တွေ့မြင်နေကြရပြီး ၄င်းလက်နက်တွေကို နောက်တိုက်ခိုက်မည့် တိုက်ပွဲများတွင် အသုံးချကြမည်ဖြစ်သည်။
စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်တွေ လျင်လျင်မြန်မြန် ပြိုလဲမည့် အရိပ်လက္ခဏာတွေ မြင်တွေ့နေရပြီဟု လူအများက မျှော်လင့်နေကြသည်။ အချို့သော နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေကတော့ နေ့ချင်းညချင်း မြန်မာစစ်တပ်ပြိုလဲမည့် မျှော်လင့်ချက်၊ ယူဆချက်က အကောင်းမြင်လွန်းသည်ဟု ဆိုကြသည်။ ရှမ်းမြောက်၊ ရခိုင်၊ ကချင်ပြည်နယ်တို့တွင် စစ်ကောင်စီ တပ်တွေ မျှော်လင့်မထားသည့် နှုန်းဖြင့် မြန်မြန်ဆန်ဆန် ရှုံးနိမ့်၊ လက်နက်ချနေကြသည့်တိုင် တနိုင်ငံလုံး အတိုင်းအတာဖြင့် လပိုင်းအတွင်း သို့မဟုတ် လအနည်းငယ်အတွင်း အနိုင်ယူနိုင်လောက်အောင် မလွယ်ကူသည့် သဘော ပြောဆိုကြသည်။
အချို့သော လေ့လာသူတွေကတော့ စစ်ကောင်စီကို ဝိုင်းဝန်း တိုက်ခိုက်နေသည့် လက်နက်ကိုင် အင်အားစုများအနေဖြင့် သိမ်းပိုက်နိုင်သည့် နယ်မြေဒေသများကို မည်သို့သော အုပ်ချုပ်ရေးစနစ် နိုင်ငံရေး အသွင်သဏ္ဍန်ဖြင့် အုပ်ချုပ်ကြမလဲဆိုသည့် အချက်၊ အာဏာလေဟာနယ် ဖြစ်ပေါ်နိုင်ခြေ၊ ဗဟိုအာဏာ ပျက်စီးပြီးနောက် တရွာတပုဒ်ဆန်း သူတလူငါတမင်း အုပ်ချုပ်သည့် အနေအထားမျိုးကျရောက်နိုင်ခြေတို့ကို စိုးရိမ်စွာ ရေးသားပြောဆိုနေကြသည်။
လတ်တလောက စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ခဲ့သည့် ဒေသအချို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများက အုပ်ချုပ်ရေး ထူထောင်နေကြရာတွင် လူမျိုးခွဲခြားကာ ဝင်ရောက်ခွင့်မပြုသည့် အခြေအနေတချို့၊ အမိန့်အာဏာဖြင့် စစ်သားသစ် စုဆောင်းမှုကိစ္စတချို့ကို ထောက်ပြကာ လွတ်မြောက်လာသည့် နယ်မြေများတွင် နိုင်ငံရေးအရ လွတ်လပ်မှု၊ နိုင်ငံသားအခွင့်အရေး ရရှိမှုတို့ကို စိုးရိမ်မှုဖြင့် ထုတ်ဖေါ်ရေးသား လာကြသည်။ လက်နက်ကိုင် တိုက်ပွဲမှ အောင်ပွဲရလာသည့် အင်အားစုများ အနေဖြင့် လက်နက်ကိုင် အဖွဲ့၏ လိုအပ်ချက်တွေကို ဦးစားပေးမည့် သဘောသဘာဝ၊ လူ့အခွင့်အရေး၊ လွတ်လပ်မှုဆိုသည်ထက် စစ်ရေး၊ လုံခြုံရေးကို ပိုမိုအလေးပေး လုပ်ဆောင်မည့် သဘောသဘာဝ ရှိသည့် လက္ခဏာမျိုးဖြစ်သည်။
သည်နေရာတွင် နိုင်ငံရေး ရည်မှန်းချက်တွေ၊ တော်လှန်ရေး အပေါ်မျှော်မှန်း ထားမှုတွေကို မျက်ခြေမပြတ်ဖို့လည်း အရေးကြီးသည်ဟု ထင်ပါသည်။ စစ်အာဏာရှင်စနစ် ကို ဖယ်ရှားဖို့ အမြစ်ဖြတ်ဖို့ ရည်မှန်းချက်တွင် ဒီမိုကရေစီအခွင့်အရေး၊ တန်းတူညီမျှမှုနှင့် အခြေခံ လူ့အခွင့်အရေးတို့ဖြစ်သည့် လူမျိုး၊ ဘာသာ၊ ကျားမ၊ အသားအရောင်၊ နိုင်ငံရေး ယုံကြည်မှု ကွဲပြားမှုပေါ် အခြေခံသည့် ဖိနှိပ်မှု ခွဲခြားဆက်ဆံမှု မရှိသည့် လူမှုအဖွဲ့အစည်းကို တည်ဆောက်ဖို့ ရည်မှန်းချက်ကို မမေ့ဖို့ အရေးကြီးပါသည်။ သို့မဟုတ်လျင် စစ်အာဏာရှင်စနစ်အောက်နှင့် နှိုင်းယှဥ်ချက်အားဖြင့် သော်လည်းကောင်း တိုးတက်မှုဟု ဆိုရမည့် အနေအထား လည်း ဖြစ်ပေါ်လာနိုင်ပါသည်။ စနစ်တခု ပြောင်းလဲရေး ၊ အခြေအမြစ်မှစ၍ ပြောင်းလဲကာ ပိုမိုတိုးတက်သော၊ တန်းတူ အခွင့်အရေး ရှိသော လူမှုအဖွဲ့အစည်း ပေါ်ထွက်ရန် လူထု၏ ပေးဆပ်ခဲ့ရသည့် အသက်တွေ၊ ထိခိုက်သေကြေပျက်စီးမှုတွေ၊ ဆုံးရှုံးသွားရသည့် နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေနှင့် စိုးရိမ်ထိတ်လန့်စွာ ကျော်ဖြတ်ခဲ့ရသည့် အရင်းအနှီးတွေကို အချည်းနှီး အလဟဿ မဖြစ်ရန်မှာ ဦးဆောင် ဦးရွက်ပြုနေသည့် စစ်ရေးအဖွဲ့ နိုင်ငံရေး အဖွဲ့အစည်းများ၏ တာဝန် တနည်းအားဖြင့် ၄င်းတို့၏ သမိုင်းဟုလည်း ဆိုရမည် ဖြစ်သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar