အောင်ဝေး - ဗကသများအဖွဲ့ချုပ်၊ မာမာအေးနှင့် နိုင်ငံရေးအနုပညာ
အောင်ဝေး - ဗကသများအဖွဲ့ချုပ်၊ မာမာအေးနှင့် နိုင်ငံရေးအနုပညာ
(မိုးမခ) ဇန်နဝါရီ ၂၀ ၊ ၂၀၂၄
ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တယ်။
"တော်လှန်ရေးမှာလည်း အနုပညာရှိတာပဲ။ အနုပညာမပါတဲ့ တော်လှန်ရေးက တကယ့်တော်လှန်ရေးအစစ် မဟုတ်ဘူး"
(၁၉၄၃)
ကျနော်၏ စာပေနှင့် နိုင်ငံရေးဘဝတလျှောက်လုံး ကျနော် ခံယူထားခဲ့သည်မှာ "စာပေအနုပညာသည် နိုင်ငံရေးလက်အောက်ခံ ဖြစ်သည်"
နိုင်ငံရေးရဲ့ အနုပညာ၊ သို့မဟုတ် အနုပညာရဲ့ နိုင်ငံရေး အတူတူပဲ ဖြစ်သည်။
တိုက်ပွဲ အနုပညာ ဆိုတာ ရှိတယ်။ Art of struggle ဟုဆိုသည်။ ဒါက တိုက်ပွဲ၏ မာယာ၊ တစ်နည်း (သေနင်္ဂဗျူဟာနဲ့) နည်းပရိယာယ်ကို ဆိုလိုသည်။
ခေတ်ပြိုင်ခံစားမှုကို ဖော်ပြသော၊ အဖိနှိပ်ခံ ပြည်သူလူထု၏ ဘဝသရုပ်ကို ဖော်ပြသော မည်သည့်စာပေအနုပညာလက်ရာတွင်မဆို စည်းနှင့်စံ ဆိုတာ ရှိသည်။ စည်းက ရန်/ငါစည်း၊ မိတ်/ရန်စည်းကို ဆိုလို၍၊ စံမှာ အနုပညာစံနှင့် နိုင်ငံရေးစံတို့ ဖြစ်သည်။
အနုပညာဟု ပြောလျှင်အနုပညာမြောက်ဖို့ လိုသည်။ နိုင်ငံရေးအနုပညာဟု ဆိုရင်တော့ အနုပညာမြောက်ရုံတင်မက၊ နိုင်ငံရေး ဦးဆောင်မှု/အယူအဆ/အဘိဓမ္မာမှန်ဖို့လည်းအထူးအရေးကြီး လိုအပ်ပေသေးသည်။
ကျနော်တို့ ဗကသများအဖွဲ့ချုပ်သီချင်းဟု သတ်မှတ်ထားကြသော "အောင်ပွဲအဆက်ဆက်ခံဦးမည်" သီချင်းသည် နိုင်ငံရေး အနုပညာလက်ရာတစ်ခု ဖြစ်ပါသည်။
နောက်ခံသမိုင်း
၁၉၅၈- ဗိုလ်ချုပ်နေဝင်းစစ်တပ်က ဖဆပလအစိုးရလက်ထဲကနေ ပထမအကြိမ် စစ်အာဏာသိမ်းတာကို ပထမဆုံး အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့တာဟာ ကျောင်းသားသမဂ္ဂပါပဲ။
၁၉၆၀ ဖေဖော်ဝါရီ ပထမပတ်ထဲမှာတော့ အာဏာသိမ်းစစ်အစိုးရက ပါလီမန် ဒီမိုကရေစီရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးပါတယ်။ ဒီရွေးကောက်ပွဲဟာ ကြီးမားပြင်းထန်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်။
ဒီရွေးကောက်ပွဲမှာ ဦးနု ခေါင်းဆောင်တဲ့ ပြည်ထောင်စုပါတီက အနိုင်ရရှိသွားပါတယ်။ ဦးနုဝန်ကြီးချုပ်လုပ်ပြီး "ပထစ" အစိုးရ ဖွဲ့ပါတယ်။ ကျောင်းသားသမဂ္ဂဟာ ပထစအစိုးရကို ကြိုဆိုထောက်ခံခဲ့ပါတယ်။
ဒါပေမဲ့ ပထစအစိုးရဟာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အရှိန်အာဏာနဲ့ ကျောင်းသားသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်တွေကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်လာပါတော့တယ်။ ကျောင်းသားတွေက သူတို့ ထောက်ခံထားတဲ့ ပထစအစိုးရနဲ့ ကျောင်းသားထုကြား နားလည်မှု၊ အထင်အမြင် လွဲမှားမှုတွေ မဖြစ်စေချင်လို့ ပထစအစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ပထစအစိုးရက နောက်ဆုတ်မပေးခဲ့ပါဘူး။
ပထစဟာ တက္ကသိုလ်ကောင်စီမှာ ပါဝင်ခွင့်ရှိတဲ့ ကျောင်းသားကိုယ်စားလှယ် ၂ ဦးနေရာ ရွေးချယ်တဲ့ကိစ္စမှာ၊ ကျောင်းသားသမဂ္ဂက အဆိုပြုတဲ့ကျောင်းသား ၂ ဦးနဲ့အပြိုင် ပထစကိုယ်စားလှယ် ၂ ဦးကို ဝင်ရောက်ယှဥ်ပြိုင်အရွေးခံစေ ခဲ့တာပါပဲ။
သို့သော်၊ ဒီရွေးချယ်ပွဲမှာ ပထစကအဆိုတင်သွင်းတဲ့ ကိုယ်စားလှယ်တွေ ရှုံးနိမ့်ပြီး ကျောင်းသားသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ အနိုင်ရခဲ့တယ်။ ပထစအစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှု မအောင်မြင်ခဲ့ပါဘူး။
ဒီကာလမှာပဲ ပထစအစိုးရပညာရေး ဝန်ကြီးဌာနက ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းစနစ်နဲ့ ၉ တန်း၊ ၁၀ တန်း တန်းခွဲ၊ တန်းချအမိန့်တွေကို ထုတ်ပြန်လိုက်တဲ့အခါ ကျောင်းသားသမဂ္ဂများက ဦးဆောင်ပြီး တစ်ပြည်လုံးမှာ တခဲနက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ပထစဘက်က အလျှော့မပေးခဲ့ပါဘူး။
၁၉၆၀ နှစ်ကုန်လောက်မှာ ကူမင်တန် တရုတ်ဖြူတွေရဲ့ နောက်ထပ်တစ်ကြိမ် ကျူးကျော်ဝင်ရောက်တဲ့အမှု ပေါ်ပေါက်လာခဲ့ပါတယ်။
ဥပဒေတွင်းဒီမိုကရေစီ အင်အားစုများနဲ့ကျောင်သားသမဂ္ဂတို့က တရုတ်ဖြူ ကျူးကျော်မှုနဲ့ နယ်ချဲ့ဆန့်ကျင်ရေးကော်မတီဖွဲ့ပြီး ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲတွေကို ပထစ အစိုးရက မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးတွေနဲ့သာမက သေနတ်နဲ့ပါ ပစ်ခတ်ဖြိုခွဲလို့ ရဟန်းငယ်တစ်ပါး ပျံလွန်တော်မူခဲ့ရပါတယ်။
အဲဒီလို နိုင်ငံရေးနောက်ခံကားချပ်မှာပဲ ၁၉၆၀ ဒီဇင်ဘာမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) The All Burma Federation of Student Unions (ABFSU) ရဲ့ ( ၆ ) ကြိမ်မြောက်ညီလာခံ (ဆဋ္ဌမကွန်ဂရက်)ကို ခေါ်ယူကျင်းပခဲ့ပါတယ်။
ဒီကွန်ဂရက်က ဗကသများအဖွဲ့ချုပ် (ABFSU)ကို မြန်မာနိုင်ငံရဲ့ "အမျိုးသားကျောင်းသားများသမဂ္ဂ" The National Union of Students(NUS)အဖြစ် ဆုံးဖြတ် သတ်မှတ်ခဲ့တယ်။ ဒီညီလာခံမှာပဲ "အောင်ပွဲအဆက်ဆက်ခံဦးမည်"သီချင်းကို ဗကသများအဖွဲ့ချုပ်သီချင်းအဖြစ် အတည်ပြုခဲ့ပါတယ်။
(မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုများကို ကိုယ်စားပြုနေတဲ့ ဗကသများအဖွဲ့ချုပ်ဟာ နိုင်ငံတကာကျောင်းသားများသမဂ္ဂ- The International Union of Students(IUS) ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ ဒုတိယဥက္ကဋ္ဌ နေရာပေးအပ်ခြင်း ခံခဲ့ရပါတယ်။)
အောင်ပွဲအဆက်ဆက် ခံဦးမည်
စုစည်းသူ- မြတ်လေး
တေးရေး- ကိုလေးညွန့်
ဂီတမှူး- စန္ဒရားချစ်ဆွေ(ကေသီပန်တီးဝိုင်း)
သီဆိုသူများ- မာမာအေး၊ အေဝမ်းတင်တင်လှ၊ မောင်မောင်ကြီး၊ စန္ဒရားချစ်ဆွေ။
ဒေါ်မာမာအေးရဲ့ပြောပြချက်
မောင်အောင်ဝေး။ "အောင်ပွဲအဆက်ဆက်ခံဦးမည်"ဆိုခဲ့တာ၊ မမအေးတို့၊ ကိုချစ်ဆွေ၊ မောင်မောင်ကြီး၊ တင်တင်လှတို့ ဖြစ်ပါတယ်။
ဗကသ(ဗကသများအဖွဲ့ချုပ်)ကို ကျောင်းသားတို့ ချစ်တဲ့ ကိုဇော်ဝင်း ဥက္ကဋ္ဌလုပ်ပေးတဲ့အချိန်က၊ ယူနီယံလို့ ခေါ်ကြလေ့ရှိတဲ့ (အဖျက်ခံလိုက်ရတဲ့) သမဂ္ဂအဆောက်အအုံ အပေါ်ထပ်မှာ တိတ်တိတ်ခိုး အသံသွင်းပေးခဲ့ရတာပေါ့။
ကိုလေးညွန့်ကို မသိ မမြင်ဖူးသေးဘူး။ ညီရင်း ဂျော်နီ(နောင် မြန်မာ့အသံ ကိုကြည်သာ၊ လေမှုတ်ပညာရှင်) စီစဥ်အသံသွင်းခဲ့တယ်။ အသံဖမ်းပေးတဲ့ အမေကြီးက အဆောင်တိုင်းက ကျောင်းသားတွေကို ကူညီလေ့ရှိတဲ့ မြေနီကုန်း၊ ဗိုလ်မိုးလမ်းမှာ နေတဲ့ အသံချဲ့စက်ပိုင်ရှင် အမေ ဒေါ်လှတင် ဖြစ်တယ်။
၈၈- ကျတော့၊ အိုအေစစ်က အသံဖမ်းပေးခဲ့တယ်။ ဦးဆောင်စီစဥ်ခဲ့တာ စန္ဒရားတင်ဝင်းလှိုင်။ ဆန္ဒပြပွဲတွေအတွင်း အသံသွင်းပေးဖို့ တောင်းဆိုတာ သမဂ္ဂအဆောက်အအုံ ပြန်ဆောက်ဖို့ ရန်ပုံငွေရချင်တဲ့ ကျောင်းသားလေးတွေ တစ်ဖွဲ့ပါပဲ။ လိုက်စည်းရုံးတဲ့သူကတော့ ဂီတစာဆို ကိုလေးလွင်ပါ။
တကသ၊ ဗကသမှာ ကိုမြတ်လေးကြောင့် စန္ဒရားချစ်ဆွေ ပါရတယ်။ အစ်ကိုချစ်ဆွေကြောင့် မာမာအေး ပါခဲ့တာပေါ့။ ကျောင်းသားကိစ္စ၊ ကိုယ့်ကိစ္စ ခံယူချက်ဟာ အဲဒီကတည်းက အလယ်တန်းကျောင်းသူဘဝနဲ့ လုပ်လာတာပေါ့။
မရမ်းခြံကျောင်းမှာ ကျောင်းသူသမဂ္ဂလုပ်ဖို့ လက်မှတ်လိုက်ထိုးတဲ့အတွက် ခုနစ်တန်း စကောလားရှစ်ဖြေခွင့်၊ ကျောင်းက ထောက်ခံမပေးလို့ တခြားကျောင်းတစ်ကျောင်းမှာ တစ်ယောက်တည်း သွားဖြေခဲ့ရတာတွေ ရှိခဲ့ပါတယ်။
သမဂ္ဂက အစ်ကိုတွေ တောထဲရောက်သွားပြီး နောက်ဆုံးကျန်ခဲ့တဲ့ ကိုသက်၊ တဲတစ်လုံးနဲ့ လက်ဖက်ရည်ဆိုင်လုပ်တဲ့အထိ နေ့တိုင်းသွားခဲ့တာပေါ့။ လွမ်းမိပါတယ် အောင်ဝေးရယ်။
(မတ် ၃၀၊ ၂၀၂၃)
အောင်ဝေး
(ဇန်နဝါရီ ၁၉၊ ၂၀၂၄)
[ပြည်သူချစ်သောအနုပညာရှင်ကြီး ဒေါ်မာမာအေး (၁၉၄၂- ၂၀၂၄)သည် ဇန်နဝါရီ ၈၊ ၂၀၂၄ တနင်္လာနေ့၊ ဒေသ စံတော်ချိန် ည (၆း၂၈)နာရီတွင်၊ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည် နယ်၊ ဖို့တ်ဝိန်းမြို့နေအိမ်၌ ကွယ်လွန်သွားခဲ့ပါသည်]
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar