ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၃) စစ်တပ်ဟာ နိုင်ငံရဲ့အစေခံ ဖြစ်ရမယ်
ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၃) စစ်တပ်ဟာ နိုင်ငံရဲ့အစေခံ ဖြစ်ရမယ်
(မိုးမခ) ဇန်နဝါရီ ၁၉ ၊ ၂၀၂၄
ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်း တိုင်းပြည်ကို မတရားအုပ်ချုပ်လာတဲ့ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့နောက်လိုက် စစ်ခေါင်းဆောင်များအကြောင်း တွေးမိတဲ့အခါ ဘဝမေ့သူများ၊ စိတ်ကြီးဝင်သူများ ဖြစ်တဲ့အကြောင်း တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် နိုင်ငံတော်အာဏာကို ဇွတ်အတင်းယူထားသူတွေက တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေအဖြစ် ခံယူချင်စိတ်တွေဟာ မဖုံးနိုင် မဖိနိုင် ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ တစ်ဖက်မှာ အဲဒီလိုစိတ်ကြီးဝင်နေပေမယ့် သရုပ်မှန်ကတော့ မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံး ဖိနှိပ်ရက်စက်မှုတွေနဲ့ တိုင်းပြည်ကို ဖျက်ဆီးနေတာ ကမ္ဘာအသိဖြစ်ပါတယ်။
စစ်သားဆိုတာ သာမန်တပ်သားအဆင့်ကနေ အမြင့်ဆုံးအထိ လခစား နိုင်ငံ့ဝန်ထမ်းသာ ဖြစ်ပါတယ်။ "လခစား ဝန်ထမ်း" ဆိုတာ ပေးထားတဲ့လစာကိုယူပြီး တိုင်းပြည်ရဲ့ တာဝန်ကို ထမ်းဆောင်ရတာဖြစ်ပါတယ်။ မြန်မာပြည်မှာ စစ်တပ်က တိုင်းပြည်ရဲ့အာဏာကို သိမ်းယူခြင်းများဟာ ကိုယ့်နေရာမဟုတ်ဘဲ ပလ္လင်ပေါ် တက်ဖို့ ကြိုးစားခြင်းများသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဘဝမေ့ပြီး မတန်မရာ ခုန်တက်ရာကနေ အာဏာနဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ရင်း လောဘကို အတောမသတ်နိုင် ဖြစ်နေကြတာပါ။ ဒီနမူနာတွေဟာ လာမယ့်နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ကြိုးစားနေသူတိုင်း မမေ့မလျော့ သတိချပ်ရမယ့် အရေးကြီးကိစ္စဖြစ်ပါတယ်။ အနာဂတ် ဖက်ဒရယ်တပ်မတော်ကို ဘယ်လိုတည်ထောင်မလဲ၊ ဖက်ဒရယ်ယူနစ်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ဘယ်လိုထားရှိမလဲ ဆိုတဲ့အချက်တွေစဥ်းစားပြီဆိုရင် လက်နက်ကိုင်ပြီး အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ စစ်အာဏာရှင် ခေတ်ဆိုးတွေအကြောင်း ပြန်လည်စဥ်းစားရင်း သင်ခန်းစာယူကြရမှာဖြစ်သလို ထပ်မကြုံရဖို့လည်း ကြိုတင်ဟန့်တားနိုင်တဲ့ အစီအမံတွေ စီစဥ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မြန်မာ့လွတ်လပ်ရေးနဲ့ တပ်မတော်အကြောင်း ပြောတဲ့အခါ မပါမဖြစ်ပြောရမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တာတချို့ကို ပြောပြချင်ပါတယ်။ တကယ်တော့ တပ်မတော်ကို မျိုးစေ့ချ ထူထောင်ခဲ့လို့သာ ဗိုလ်ချုပ်အောင်ဆန်းကို တပ်မတော်ရဲ့ဖခင်အဖြစ် စစ်အာဏာရှင်အဆက်ဆက်က မလွှဲမရှောင်သာ စာရင်းသွင်းခဲ့တာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အမည်မပါဘဲ လွတ်လပ်ရေးသမိုင်း၊ တပ်မတော်သမိုင်းကို ရေးချင်နေကြမှာပါ။ သူတို့နားမလည်တာက လူတစ်ယောက်ရဲ့တန်ဖိုးကို ဘယ်လိုသတ်မှတ်သလဲဆိုတဲ့အချက် ဖြစ်ပါတယ်။ ဗိုလ်ချုပ် လို့ပြောလိုက်တာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရည်ညွှန်းမှန်း လူတိုင်းသိကြတာကိုက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သူမတူတဲ့တန်ဖိုးဖြစ်ပါတယ်။ မရှိတော့တဲ့သူရဲ့ အမည်ကို တ ပြီး ပြောကြ ဆိုကြ၊ လွမ်းဆွတ်ကြ တိုင်တည်ကြ ဖြစ်ရတယ်ဆိုတာ အဲဒီလူမှာ လွမ်းဆွတ်လောက် တိုင်တည်လောက်အောင် အရည်အချင်းနဲ့ ဂုဏ်ပုဒ်တွေ ရှိနေလို့ပါ။ ဒါဟာ လွယ်လင့်တကူ ပြိုင်ဆိုင်လို့ရတဲ့ အရာမဟုတ်ပါဘူး။
တပ်မတော်ရဲ့ဖခင်က ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ဒီကနေ့ စစ်တပ်ကိုဦးဆောင်ပြီး အာဏာမက်နေသူများက တပ်မတော် မယားပါသားတွေရဲ့ အဆွယ်အပွားတွေသာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော်ကို ပုံဖျက်ခဲ့တဲ့ တပ်မတော်ရဲ့ အမေ ဆိုသူနဲ့ သူ့နောက်လိုက်နောက်ပါတွေပဲ ဦးဆောင်နေလို့ပါ။ ပထမဆုံး စစ်အာဏာရှင်ဖြစ်ခဲ့တဲ့ ဦးနေဝင်းကို တပ်မတော်ရဲ့အမေ ဆိုသူလို့ပြောတာက အကြောင်းမဲ့မဟုတ်ပါဘူး။ သူဟာ တပ်မတော်နဲ့ပတ်သက်ရင် ပုခက်လွှဲတဲ့အဆင့်ပါလို့ သူကိုယ်တိုင် ပြောခဲ့ဖူးလို့ပါ။ တပ်မတော်ကို သမိုင်းမှာ ဒီလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခဲ့သူက မိခင်အရင်းထက် မိထွေးဆိုးတစ်ယောက်သာ ဖြစ်လောက်ပါတယ်။ ဒါကြောင့် သူ့နောက် လူတွေကို မယားပါသားတွေလို့ ပြောရတာပါ။
တပ်မတော်သားတွေဟာ ဘယ်လိုစိတ်မျိုး မွေးမြူရမယ်ဆိုတာ သိချင်တယ်ဆိုရင် ၁၉၄၄ ခုနှစ် မတ်လ ၁၃ ရက်မှာပြုလုပ်တဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့မိန့်ခွန်းကို လေ့လာကြည့်ကြပါ။ အဲဒီမိန့်ခွန်းဟာ ရှားပါးမိန်ခွန်းဖြစ်သလို အာဏာရှင်အဆက်ဆက်က လူထုကို မသိစေချင်တဲ့မိန့်ခွန်းလည်းဖြစ်ပါတယ်။ မိန့်ခွန်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်းက ကိုယ်ကျိုးရှာတဲ့ခေါင်းဆောင်တွေအကြောင်း၊ မတရားတဲ့အကြီးအမှူးတွေ မရှိဖို့ အောက်ခြေကလူတွေမှာလည်း တာဝန်ရှိကြောင်း၊ ပေးတဲ့ အမိန့်တွေကို သုံးသပ်ဖို့လိုတဲ့အကြောင်း ခုလို ပြောကြားခဲ့ပါတယ်။
"ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ ဒီအကြီးမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာကြည့်လို့ရှိရင် ဘယ်လောက်ကြီးတဲ့ လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှူးတွေရှိရင် ရဲဘော်တို့အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ဝတ္တရားနဲ့မဆိုင်တဲ့ နိုင်ငံနဲ့လူမျိုး အကျိုးနဲ့မပတ်သက်တဲ့အမိန့်မျိုး ပေးတဲ့အခါ အမိန့်ဟာ နည်းကျ မကျ၊ တရား မတရား၊ နိုင်ငံနှင့်အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာမရှင်းရင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကိုဖြစ်စေ တခြားအကြီးအမှူး တယောက်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်"
ဘယ်သူပဲဖြစ်ဖြစ် သူ့ထက် အရည်အချင်းရှိရင် ဦးဆောင်စေမယ့်အကြောင်းလည်း ခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ်၊ အခုတပ်ထဲမှာရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲကဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမြော်အမြင်ရှိတယ်လို့ တွေ့တာနဲ့တပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ"
"ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဥ်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရဘူး။ ဒါဟာ စကားရိုင်းရိုင်းနဲ့ နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ် ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိမ်ချင်တဲ့သဘောနဲ့ ပြောတာမဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ" လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့သလို ကြီးနိုင်ငယ်ညှဥ်းလုပ်တတ်တဲ့ လူ့သဘောရှိပေမယ့် စစ်တပ်က အဲဒါမျိုး မဖြစ်စေဖို့၊ လူမျိုးရေး မုန်းတီးမှု ခွဲခြားမှုတွေမလုပ်ဖို့ မှာကြားခဲ့ပါတယ်။
ဒီမိန့်ခွန်းကို ပြောကြားခဲ့စဥ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့အသက်က ၂၉ နှစ်ကျော်ခါစပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ အသိဉာဏ်နဲ့ အတွေးအခေါ်က မြင့်မားလှပါတယ်။ လက်ရှိ အနေအထားကိုကျော်ပြီး ရေရှည်အနာဂတ်အတွက်ပါ ကြိုတင်စဥ်းစားနိုင်တဲ့ အမြော်အမြင်ရှိပုံကိုလည်း မှန်းဆနိုင်ပါတယ်။
အသက် ၂၉ နှစ်ပဲရှိသေးတဲ့ လူငယ်တစ်ယောက်လောက်တောင် အသိဉာဏ်နဲ့ အတွေးအခေါ်မရှိသူတွေက တိုင်းပြည်ကို အဓမ္မ ဦးဆောင်အုပ်ချုပ်ချင်နေကြတဲ့အဖြစ်ဟာ ဘယ်ဘက်က တွေးတွေး ရှက်ဖို့ကောင်းပါတယ်။ နှစ်ပေါင်း ၆၀ လောက် စစ်တပ်က တိုင်းပြည်ကို ကယ်တင်လိုက်တာ တိုင်းပြည်လည်း အိမ်နီးချင်းနိုင်ငံတွေကြားမှာတောင် ခေါင်းမဖော်ရဲလောက်အောင် ဖြစ်သွားပါပြီ။ ဒါကြောင့် တပ်မတော်ထဲမှာရှိကြတဲ့ အသိဉာဏ်ရှိသူတိုင်း တိုင်းပြည်ရဲ့ အနာဂတ်၊ ပြည်သူလူထုရဲ့ ဘဝတွေကို ကိုယ်ချင်းစာပြီး အမှန်တရားဘက်ကိုသာ မျက်နှာမူသင့်ပါတယ်။
နောင်တဆိုတာ နောက်ကျရုံသက်သက်ပြောတဲ့ စကားမဟုတ်ပါဘူး။ နောင်တရဲ့ နောက်ကွယ်မှာ ဆုံးရှုံးမှုတွေ များစွာရှိတတ်ပါတယ်။ ကိုယ့်အတွက်၊ အများအတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာ တွက်ဆတွေးခေါ်နိုင်မှသာ တန်ဖိုးရှိတဲ့အချိန်တွေကို အကောင်းဆုံး အသုံးချနိုင်သူတွေ ဖြစ်ပါလိမ့်မယ်။ အချိန်က ရပ်မနေပါ၊ အခွင့်အလမ်းဆိုတာလည်း အမြဲမရှိပါ။ အခွင့်သာ အချိန်ရှိတုန်း အကောင်းဆုံး လုပ်ဆောင်ကြရမှာသာ ဖြစ်ပါတယ်။ ။
ရည်ညွှန်း - ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးမိန့်ခွန်းများ (စစ်ကိုင်းဟန်တင်) ပရပိုက်စာပေ ၁၉၈၅
~~~~~~~~~~~~~~~~~~~~~~
ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၁) ရန်သူသတင်းကို ပေးကြလော့ 👉https://www.moemaka.com/2023/11/blog-post_03.html
ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၂) တိုင်းပြည်ရန်သူ မဖြစ်ပါစေနဲ့ 👉https://www.moemaka.com/2023/11/blog-post_99.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar